ဘန်ကောက် ကြိတ်ဝိုင်း ဆိုဘဲ

Friday, 23 September 2011



ကဲ အရပ်ကတို့ရေ --  ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုင်ငံရေး ကြိတ်ဝိုင်းတခု လုပ်ဖို့အတွက် တိုးတိုးတိတ်တိတ် စီစဉ်နေတယ်လို့ Guiding Stars က သိထားရပါတယ်။ 

 အဲဒီ ဘန်ကောက်ကြိတ်ဝိုင်းကို မနက်ဖြန်က စပြီး  မြန်မာ့နိုင်ငံရေး ပွဲစားတွေ၊ မြန်မာ့နိုင်ငံရေး ဂုရုလိုလိုပြောနေတဲ့ အနောက်နိုင်ငံသား တချို့၊  မြန်မာ့နိုင်ငံရေး အီလိတ်( Elites) တွေ၊ ထိုင်းနိုင်ငံ အခြေဆိုက် ဗဟုအဖွဲ့ကသူတွေလည်း တက်ရောက်ကြပါမယ်။ 
                             (သံတမန် စစ်သည်တော် တပ်မှူး ဒေါက်တာနေ၀င်းမောင်)

စစ်ဗိုလ် တဖြစ်လည်း အရပ်သား ဟန်ဆောင်ထားတဲ့ အစိုးရသစ် ဆိုတာကြီးနဲ့ ပုလင်းတူ ဗူးဆို့ နိုင်ငံရေး အကျိုးအမြတ် တွေရှာဖွေဖို့၊ သံတမန်မျက်နှာစာ ထိုးစစ်တွေမှာ အောင်မြင်မှုတွေ ရဖို့၊ တိတ် တိတ်လေး ခြေပုန်းခုတ်နေသူတွေ အတွက် ပြည်တော်ပြန်ဝင်နိုင်ရေးကိစ္စတွေ အပါအ၀င် စသဖြင့် စသဖြင့် ဆွေးနွေးအာရိုက်ကြပါတော့မယ်။ 

မြန်မာ့နိုင်ငံရေးမှာ အဲဒီလို နိုင်ငံရေးပွဲစားတွေ ခြေရှုပ်နေလို့ အခုထိ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲ ဆိုတာ မပေါ်ထွန်းလာသေးတာဖြစ်တယ်။ 

လူမှန်တွေ နေရာပျောက်အောင် ရည်ရွယ်ချက်ရှိရှိ သကာရည်လိမ်းထားတဲ့ စကားလုံးဟောင်းလောင်းတွေနဲ့ လုပ်ဇတ် ခင်းနေကြတာ အခုမှ မဟုတ်ပါ။  ကြာခဲ့ပြီလို့ ပြောရမှာပါ။ 
 စစ်အစိုးရ အဆက်ဆက်အတွက် စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးများ အတွက် ရှေ့နေလိုက်ပေးနေ သူ                   ဦးလှမောင်ရွှေ( Egress)

မြန်မာ့နိုင်ငံရေးလောကမှာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာအီးဂရက်စ် (Myanmar Egress) က ဆရာကြီး တဆူ လို့ ပြောနေတဲ့ ဒေါက်တာ နေ၀င်းမောင် လည်း ဘန်ကောက်ကြိတ်ဝိုင်းအတွက် ရောက်နေပါတယ်။
အဲဒီကြိတ်ဝိုင်းကတဆင့် အထူးသဖြင့် ဥရောပ နိုင်ငံများနဲ့ သံခင်းတမန်ခင်း ပြေပြစ်အောင် ဟန်ဆောင်ကောင်းသည့် သံတမန် ဆရာကြီး ဒေါက်တာနေ၀င်းမောင်ကတော့ အနာဂါတ် မြန်မာနိုင်ငံရဲ့ အလားအလာရှိတဲ့ အနာဂါတ် ခေါင်း ဆောင်လိုလို ပုံဖော်ထားမှုကြောင့် ဒီကြိတ်ဝိုင်းမှာ ထိပ်ပိုင်းက ပါဝင်မှာဖြစ်ပါတယ်။ 

မကြာခင်ကပဲ နေပြည်တော်မှာ ကျင်းပတဲ့ စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲကို တက်ခဲ့တဲ့ ဒေါက်တာ ဇော်ဦးနှင့် သူ့အဖွဲ့ သားတွေကလည်း နေ၀င်းမောင် ရဲ့ နောက်မြီးဆွဲတွေဖြစ်လေတော့ သူတို့တွေလည်း အင်နဲ့ အားနဲ့ အဆင့်သင့်ဆိုပဲ။

ဥရောပ နိုင်ငံတချို့ရဲ့ လျှာ ၂ ခွ ပေါ်လစီတွေကြောင့် မြန်မာနိုင်ငံရဲ့ တန်ဘိုးရှိ အရင်းအမြစ်တွေအတွက် ခုံနေရာ ဦးထားကြေးဆိုပြီး အလုအယက် လုပ်နေကြတာ သိကြမယ်ထင်ပါတယ်။ 

စစ်အစိုးရ ကတောင်မပြောပဲ တချို့ကိစ္စ သူတို့ က မယ်တော်တွေလုပ်ပြီး နိုင်ငံတကာမှာ မြန်မာစစ်အစိုးရ အဆက်ဆက် ကနေ အခု ဦးသိန်းစိန် အစိုးရလက်ထက်ထိ တိတ်တိတ်ခြေပုန်းခုတ် သံတမန် စစ်သည်တော်တွေ လုပ်နေကြတာပါ။ 

သေချာတဲ့ တချက်ကတော့ အဲဒီ ဘန်ကောက်ကြိတ်ဝိုင်းမှာ မြန်မာတမျိုးသားလုံးအတွက် အသက်လုနေရတဲ့ အခြေအနေဖြစ်တဲ့ မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေးကိစ္စ ဆွေးနွေးမှာ မဟုတ်သလို မြန်မာနိုင်ငံ အဓိက ပြုပြင်ပြောင်းလဲမှုရဲ့ ပထမဆုံးလှမ်း ရမယ့် ခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး မပါဘူးဆိုတာပါပဲ။ 

ကဲ ဒီလောက်ဆို ဘန်ကောက်ကြိတ်ဝိုင်း ဟာ မြန်မာ့နိုင်ငံရေးအတွက် ဘာလုပ်မှာလဲ ဆိုတာတော့ မေးခွန်း ထုတ် နေစရာ မလိုလောက်ဘူးထင်ပါတယ်။
ဘာပဲ ပြောပြော ဘန်ကောက်မှာတော့ သူတို့ ကြိတ် ပြီး ၀ိုင်းနေကြပြီ။ 

အဲဒီလို ကြိတ်ပြီး ၀ိုင်းနေကြတဲ့သူတွေဟာ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားရေး လုပ်ဆောင်ကြမယ့် ရည်ရွယ်ချက်နဲ့ တတိယ အင်အားစုဆိုတာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အခြေတည် လှုပ်ရှားခဲ့ကြတာပါ။ 


အနောက်တိုင်း သံတမန် တဦးစတင်မွေးမြူခဲ့တဲ့ ဒီ တတိယ အင်အားစုဆိုတာ က တော့ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်က ပြန်လွတ်ပြီး အနီးကပ် နောက်ကျောဓားနဲ့ ထိုးဖို့အတွက် ချည်းကပ်ခဲ့ပါသေးတယ်။ သူတို့ တပည့်များလို့ သတ်မှတ်ခံလိုက်ရတဲ့ ရိုးသားတက်ကြွတဲ့ အီးဂရက်စ် လူငယ်တွေမှာ ဆရာကြောင့် နံမည်ဂုဏ် သိမ်ငယ်ရတာ အလွန်စိတ်မကောင်းစရာပါ။ 


အခုလည်း အီးဂရက်စ် လူငယ်တယောက် ထပ်ပြီး ပြောလာတာလေးတွေကို ထပ်ဆင့်ဖြည့်စွက်လိုက်ပါတယ်။ 



ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ကောင်းစားဖို့အတွက် ဘယ်သူနဲ့ မဆိုလက်တွဲမယ် ဆိုပြီး ဒေါက်တာနေ၀င်းမောင်ဆိုသူနဲ့ လည်းတွေ့ခဲ့ပါတယ်။ ဒီတုန်းက ဒေါက်တာနေ၀င်းမောင်က အိုးမလုံ အုံပွင့်ပြီး သူ့ကို အစိုးရရဲ့ စေလွှတ်လိုက်သူလို့ မယူဆစေချင်ဘူးလို့ စကားချီပြီး ပြောခဲ့တာကို သတိထားကြည့်ပါတဲ့။ 

နောက်တော့ ဒေါက်တာ ကျော်ရင်လှိုင်တို့နဲ့ NLD ရုံးချုပ်မှာ လူငယ်တွေ၊ ပါတီဝင်တွေကို နိုင်ငံရေး သင်တန်းပေးဖို့ လူကြီးလူကောင်းပီပီ ကတိပေးခဲ့ပြီးမှ နောက်တော်က ဘဘ ဗိုလ်ချုပ်များရဲ့ ငြိုငြင်သံလည်း ကြားရော နောက်ပြန်ဆုတ်သွားတယ်တဲ့။ အဲဒီမှာ သူတို့ အီးဂရက်စ် လူငယ်တွေလည်း စဉ်းစားစရာ ပိုဖြစ်လာပြီး ကြာလေ ခါးမှန်းသိလေဖြစ်ရတယ်တဲ့။ 

သမိုင်းရဲ့ တောင်းဆိုမှုအရ နိုင်ငံရေးကို ပိုစိတ်ဝင်စားလာပြီး လွတ်လပ်စွာဆွေးနွေး ငြင်းခုန်ခွင့်ရတဲ့ အီးဂရက်စ်လို့ထင်ခဲ့တယ်တဲ့။ 

လွတ်လပ်သယောင် မကျေနပ်တဲ့ ပေါက်ကွဲသံစဉ်တွေကို ဆရာကြီးများက စာရေးတင်ခိုင်းပြီး အဲဒါတွေက စာရွက်တွေ အဖြစ်နဲ့ပဲ ပြေပျောက်သွားအောင် လုပ်ထားပြီး နောက်ဆုံး ဘာမှ အရာမထင်ခဲ့ပါဘူး။ နိုင်ငံခြား ကျောင်းသွားတက်ခွင့်လေး၊ စကော်လာလေး ရတော့ သူတို့ က နယ်ကလာသူဆိုတော့ အထင်ကြီးခဲ့မိပါတယ်။ နောက်ဆုံးတော့ စိတ်ထွက်ပေါက်လေး ပေးယုံမျှသာ အီးဂရက်စ် က အာဏာရှင် ထောက်တိုင်အဖြစ် ဖန်တီးထားတယ်ဆိုတာ သိသာလာခဲ့ပါတယ်တဲ့။ 

ကဲ အရပ်ကတို့ ရေ ။  

ကျန်သည်များကို ဆက်လက်ဖော်ပြပေးပါမယ်။

No comments: