
၁။ ဗမာပြည်မှာ ကားဟောင်းရှိရင် ကားသစ်တင်သွင်းနိုင်ခွင့် ရှိတယ်ဆိုတဲအသံတွေအခုတလောမှာကြားနေရပါတယ်။ကားဟောင်းရှိသူတွေအတွက် ဝမ်းသာစရာပဲလို့ ပြောရမလား၊ ကားသစ်သွင်းဖို့ အခွင့်အလမ်း ရနေသူတွေအတွက် ကြား ကနေပိုပြီး အကျိုးရှိမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့။ တဖက်ကပြန်ကြည့်ရင် အဲသည့် ကားဟောင်း ကားသစ် ကိစ္စကြောင့် ကားဈေးကွက် ကမောက်ကမ ဖြစ်လာနိုင်တာတော့ သေချာပါတယ်။ ဒေါ်လာဈေးတွေ တက်ပြန်ပြီ၊ ကျပြန်ပြီ၊ မြန်မာကျပ်ငွေပိုမာလာတယ်၊ ပျော့ဆင်းသွားတယ်စတာတွေအကုန်လုံးလဲ ဖြစ်နိုင်တာပေါ့။ ဘာဘဲပြောပြော ကား ဟောင်းပေ့ စုတ်ပေ့ဆိုတာတွေကို သံချေးခွာဆေးသစ်သုတ် ပြီးတော့ ပြန်မောင်းလို့ရအောင်လုပ်နေတဲ့ဇာတ်လမ်းတွေလည်းတဆက်ထဲ မြင်ရကြားရပြန်တယ်။ ကံကောင်းသင့်သူတွေ ကံကောင်းပါစေလို့ပဲ ဆုတောင်းပါတယ်။ ဆုတောင်း တိုင်းသာ ပြည့်မယ်ဆိုရင်ပေါ့။
၂။ ဦးသိန်းစိန် အစိုးရတက်မှ ကချင်နဲ့လည်း တိုက်ပွဲပြန်ဖြစ်၊  ရှမ်းနဲ့လည်းဖြစ်၊ ဒီကေဘီကလည်း ကေအန်ယူနဲ့ ပေါင်းပြီး ပြန်တိုက်။  စစ်ပွဲဖြစ်တော့ စစ်ပြေးဒုက္ခသည်တွေ ဆိုတာရှိလာပြန်ရော။ ပေါ်တာဆွဲတာ၊ လူသတ်တာ၊  မုဒိန်းကျင့်တာ၊ လုယက်တာ၊ ရွာမီးရှို့တာတွေကို စစ်တပ်က ထုံးစံအတိုင်း  လုပ်တာတွေလည်း တွေ့နေရဆဲ။ စစ်ဖြစ်ရင်တော့ မြေဇာပင် ဆိုတာ ရှိတတ်တာမို့  မထူးဆန်းပါဘူးလို့ တချို့ကလည်း ပြောကြတယ်။ အမှန်ကတော့ အချင်းချင်း  တိုက်ပွဲဆင်နေမယ့် အစား အခုမိုးတွင်းမှာ ရေဘေးဒဏ်ခံရတဲ့ မြို့တွေနယ်တွေမှာ  စစ်သားတွေက သဲအိတ်ဖို့၊ လူတွေကိုကယ်၊ ကျွဲနွားတွေ ကို ရေလွတ်ရာ ပို့ပေး၊  ရိက္ခာတွေလည်းဝေပေးဆိုရင် ပိုကောင်းမယ်လို့ မြင်မိပါရဲ့။ အစိုးရအနေနဲ့  စစ်တိုက်ရင်း ကုန်မယ့် ပိုက်ဆံတွေကို အဲသလိုမျိုး လုပ်ငန်းတွေမှာ  မသုံးစွဲသင့်ဘူးလား။ ဖြစ်စေချင်တာကို ပြောတာပါ။ ဖြစ်နိုင်မယ် မဖြစ်နိုင်ဘူး  ဆိုတာတော့ ဆန္ဒအပေါ် မူတည်ပါတယ်။
၃။ အစိုးရသစ်က ဆင်းရဲမွဲတေမှုကို လျှော့ချမယ်ဆိုပြီး ပြောနေတယ်။  လယ်ယာစိုက်ပျိုးရေးကို ဦးမော့လာအောင် လုပ် မယ် ထိုင်းနဲ့ဗီယက်နမ်လို  နိုင်ငံခြား ဆန်တင်ပို့တာ အောင်မြင်တဲ့ နိုင်ငံဖြစ်အောင်လည်း  ပြန်ပြီးဆောင်ရွက်မယ်လို့ ဆို တယ်။ ဒါပေမယ့် လယ်သမားတွေရဲ့ မြေတွေကို  စီးပွားရေးကုမ္ပဏီတွေနဲ့ပေါင်းပြီး သိမ်းယူတကာတဖုံ၊ စစ်တပ် ကိုယ်တိုင် က  တပ်ပိုင်င်စီးပွားရေးလုပ်ဖို့ သိမ်းလို့တသွယ် ဆိုတာတွေက မမြင်ချင်အဆုံး၊  မကြားချင်အဆုံးပါ။ အင်း ခက်တာက လည်း ဗမာပြည်မှာရှိတဲ့ ဥပဒေက လယ်လုပ်သူ  လယ်လုပ်ခွင့်ဆိုတဲ့ ဥပဒေပဲ ရှိတာကိုး။ လယ်လုပ်သူ လယ်မပိုင်ဘူးလို့  ဆိုထားတယ်။ ဟိုတုန်းကတော့ နိုင်ငံခြားသားငွေရှင်တွေကို ကြောက်လို့ အဲသည့်  ဥပဒေ ထုတ်ခဲ့ရတယ်လို့ ပြောကြ တယ်။ အခုတော့ ဘယ်သူ့ကို ကြောက်နေရလို့ အဲသည့်  ဥပဒေကို ဆက်ပြီးသက်ဆိုးရှည်ခိုင်းတာလဲတော့ မသိဘူး။ ပို ဆိုးတာက  ဒီဖက်ခေတ်မှာ ဘိုးဘွားပိုင်ဆိုတာ မရှိဘူးတဲ့။ မြေတင်မကဘူး လေထု ရေထုတောင်  နိုင်ငံတော်က ပိုင်တယ် လို့ ဆိုထားတာကိုး။ ဒီ မြေယာဥပဒေကြီးကိုလည်း  ခေတ်နဲ့အညီ ပြောင်းစေချင်တယ်။ ဘယ်သူတွေကများ ပြောင်း အောင် လုပ်နိုင်မလဲ။၎။ ကမ္ဘာမှာ ရာသီဥတု ဖောက်ပြန်တာရဲ့ အဆက်ကြောင့် အရှေ့တောင်အာရှ  တခွင်လုံးက နိုင်ငံတွေမှာ စပါးခင်းတွေ ရေ မြုပ်နေတယ်။ ဗမာပြည်လည်း  တပြိုင်နက်ထဲ ဒါကို ရင်ဆိုင်နေရတယ်။ ရှေ့နှစ်မှာ စပါးအထွက်နှုန်း  ကျဆင်းမှာမို့ စပါး ဈေး ဆန်ဈေးတက်မှာ သေချာနေတယ်။ ရှိသူတွေ  မထောင်းတာပေမယ့် ဆင်းရဲသားတွေ ပိုပြီးငတ်ကြဦးမယ်။ ငတ်တဲ့အ တွက် ကလေးတွေ  ကျောင်းထွက်ရဦးမယ်။ အရွယ်ကောင်းတွေက အိမ်နီးချင်းနိုင်ငံတွေမှာသွားပြီး  ကျွန်ခံရတဲ့ အလုပ် တွေ လုပ်ကြဦးမယ်။ ငတ်တဲ့သူတွေ ပိုများလာရင်  ရာဇဝတ်မှုတွေကို ပိုပြီးများလာ နိုင်မလား။ အဲတာအတွက် အစိုးရက ဘာတွေ  ပြင်ဆင်ထားသလဲ။ အစိုးရမှာ အရေးကြုံရင် လူထုကို ကူညီဖို့ အရန်ထားထားတဲ့  ဆန်တွေ ရိက္ခာတွေ ဘာတွေ ညာတွေ ရှိသလားလို့ သိချင်တယ်။ သို့သော်လည်း  အစိုးရအနေနဲ့ ဘာတွေ ပြင်ဆင်ထားတယ်လို့ တခုမှ မကြားမိသေး ပါ။ လွှတ်တော်ထဲမှာ  နိုင်ငံရေးကိစ္စတွေ ဒီမိုကရေစီရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြလို့လည်း  ဖြစ်နိုင်ပါတယ်။လွှတ်တော် ဥက္ကဋ္ဌ ထင်ပါ့ တလောက ပြောသွားတယ်မို့လား သူဟာ  ဒီမိုကရေစီ ဘက်တော်သားပါတဲ့။
၅။ နာဂစ်အပြီး အခုအထိ နာလံမထူနိုင်သေးတဲ့ ဧရာဝတီတိုင်းက လယ်သမားတွေဟာ  ရေတွက်လို့မကုန်နိုင်ပါ။ အစိုးရ အဟောင်းဆီ ကရော၊ အစိုးရအသစ်ဆီကပါ  ဘာအကူအညီမှ လောက်လောက်လားလား မရကြသေး။ ဒါ့အပြင် ဒီနှစ်ထဲ ရေကြီးတဲ့ဒဏ်ကို  မကြာခဏဆိုသလို ခံနေရသေးတယ်။ ဧရာဝတီတိုင်းသာမက ကျန်တဲ့ဒေသတွေမှာလည်း  ရေကြီးတဲ့ ဒဏ်ကို ခံနေရတယ်။ လူတွေ မွဲသထက် မွဲလာတာကတော့ အမှန်ပဲ။ ဒီကြားထဲ  နာဂစ်ပြီးကထဲက ကယ်ဆယ်ရေးကို အ ကြောင်းပြပြီး နိုင်ငံခြား အလှူရှင်ဆီက  ပိုက်ဆံတွေနဲ့ ကောင်းစားနေတဲ့ မြန်မာအန်ဂျီအိုတွေလည်း ရှိလာနေတယ်။ ဒါကို  လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ (စီဗယ်ဆိုဆိုက်တီး) အားကောင်းလာပြီလို့  ဆိုနိုင်မလား။ နာဂစ်ဆိုတော့ နာဂစ်အ ပြီးမှာ အကူအညီလိုနေတဲ့ သူတွေအတွက်  လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထူးတလည် အပင်ပန်းခံပြီး ကူညီခဲ့တဲ့ ဂတုံးကြီး ကို  သတိရလိုက်ပါရဲ့။ အခုတော့ မြောက်ပိုင်းက ဘဝတက္ကသိုလ် တခုမှာ လေ့လာရေးတွေ  လုပ်နေတယ်ထင်ပါ့။၆။ ရခိုင်ကနေ တရုတ်ပြည်ကို ဓာတ်ငွေ့နဲ့ ရေနံသယ်ဖို့  ပိုင်းလိုင်းသွယ်နေတာ ဘယ်သူ့တွေအတွက် ပိုအကျိုး ရှိမှာလဲ။ ပိုက်လိုင်း  ဆောက်လုပ်ရေး ရပ်တန့်သွားအောင် ဘယ်သူမှ မတားမြစ်နိုင်သေး။ ဓာတ်ငွေ့ကိစ္စ  ပြောရရင် ဗမာတပြည်လုံး မဆိုထားနဲ့ ရခိုင်သားတို့တောင် ဓာတ်ငွေ့ကို  ဈေးချိုချိုနဲ့ သုံးရစေ့မယ်လို့ ဘယ်သူကမှ အာမမခံထား။ မြစ်ဆုံ ဆည်  ဆောက်မှာလည်း ရပ်တန့်ဖို့ အခုမှ ဝိုင်းအော်နေကြဆဲ။ နှစ်ဖက်အစိုးရကတော့  တုတ်တုတ်တောင် မလှုပ်ပါ။ မဖြစ်ဖြစ် အောင်ဆက်လုပ်မယ်လို့ ပြောတဲ့ဝန်ကြီးလည်း ပေါ်လာတယ်။ သူက အဲတာကို ဧရာဝတီရောဂါလို့ နာမည်တောင် ပေး  လိုက်သေးတယ်။ အရေးထဲမှာ ငတိနဲ့ ကိုယ်နဲ့က နာမည်လာတူ နေသေးတယ်။ ဒီငနဲဟာ  သူတို့အတွက်တော့ သူရဲ ကောင်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါပေမယ့် နိုင်ငံသားတွေ  အဖို့တော့ သစ္စာဖောက်ပဲ။ မြစ်ဆုံကိစ္စကို မရပ်တန့်ရင် နိုင်ငံသား တွေဖက်က  ဘာဆက်လုပ်မလဲ။ တခုတခုတော့ လုပ်မှဖြစ်တော့မယ်။ ဘယ်သူတွေ လုပ်ကြမှာလဲ။ ဘာတွေ  လုပ်ကြမှာ လဲ။
၈။ အောက်ခြေစစ်သားတွေ၊အရာရှိငယ်တွေနဲ့သူတို့မိသားစုတွေလည်းငတ်နေကြသတဲ့။ တချို့ ရဲဘော်မိန်းမတွေနဲ့ သမီးတွေ မကောင်းတရောင်းတောင်  လုပ်စားနေရပြီလို့ ဆိုတာတွေလည်း ကြားနေရတယ်။ ကိုယ့်သက်ဆိုင်ရာတပ်မှာ  လိုအပ်တဲ့ ငွေအတွက် ကိုယ့်ဟာကိုယ်ရှာစားဆိုပြီးအထက်က ညွှန်ကြားသတဲ့။အဲသလို အော်ဒါအောက်မှတော့ အောက်မှာ ငတ်နေတဲ့ သူတွေက လုပ်ချင်ရာ  လုပ်တော့မှာပေါ့။ ဘာဆန်းတော့မလဲ။ ဆင်းရဲလွန်းတာက မကောင်းတာ မှန်သမျှ  ဆိုးတာမှန်သမျှကို ဝမ်းပန်းတသာ သယ်ဆောင်လာလေ့ ရှိတယ်လို့ ဆိုကြပါတယ်။  ဒါ့ကြောင့် ထင်ပါရဲ့ မဟတ္တမ ဂန္ဒီက ဆင်းရဲတွင်းနက်ခြင်းဟာ  ကြောက်စရာအကောင်းဆုံးအကြမ်းဖက်မှုလို့ ပြောခဲ့ဖူးတယ်။ ကောင်းကင်ပြာ ဆိုတဲ့  မိတ်ဆွေ တဦးကတော့ ဆင်းရဲတွင်းနက်ခြင်းဟာ အကုန်ဖန်တီးတယ်လို့ ဆိုတယ်။  လောကကြီးမှာ ဘုရားသခင် ပေါ် ပေါက်လာတယ် ဆိုတာဟာလည်း ဆင်းရဲမှုက ဖန်တီး  ပေးလိုက်တာလို့ သူက ဆိုထားတယ်။ ဟုတ်နိုင်ပါတယ်။ ဆင်းရဲ လွန်းတော့အရင်တုန်းကမကြားဖူးတာတွေမကြုံဖူးတာတွေနဲ့အတူ ဖြစ်ချင်တာတွေ  ဖြစ်တော့မှာကိုး။
၉။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေတယ်လို့ ဆိုတယ်။ ရာဇဝတ်သားတွေထဲမှာရော အကုန် လုံးက အမှန်တကယ် ရာဇဝတ်မှုကျူးလွန်လို့ ဥပဒေကြောင်းအရ တရားနဲ့အညီ စစ်စစ်မှန်မှန် အပြစ်ပေးခံရ တာလား။ အဲသလို မဟုတ်ဖူးဆိုရင် ရာဇဝတ်သားတွေထဲမှာ မတရားသဖြင့် ထောင်ချခံနေသူတွေလည်း ရှိဦးမှာပေါ့။ ပြောရရင်လယ်သိမ်းခံရလို့ဆန္ဒပြတဲ့လယ်သမားတွေ ထောင်ကျတယ်ဆိုရင် သူတို့ကို ရာဇဝတ်အကျဉ်းသားလို့ သတ်မှတ်မလား၊ နိုင်ငံရေး အကျဉ်းသား လို့ သတ်မှတ်မလား၊ ဒါမှမဟုတ် နောက်ထပ် အမျိုးအမည် တခုလောက် တပ်ခေါ်လို့ရမလား။ ကပ်တီးကပ်ဖဲ့ ပြောတာတော့ မဟုတ်၊ ဒါလည်း နိုင်ငံရေး မမည်ဖူးလား။ မည်တယ်ဆိုရင် တချို့ရာဇဝတ် အကျဉ်းသား တွေကိုလည်း နိုင်ငံရေး အကျဉ်းသားသဖွယ် သတ်မှတ်လို့ မရနိုင်ဖူးလား။ သူတို့တတွေ ထောင်ကမလွတ်သေးတာ လွှတ်ပေးခြင်း မခံရတာ ဘာကြောင့်လဲ။ ဘယ်သူ့ကြောင့်လဲ။ အနောက်နိုင်ငံတွေက ဗမာအစိုးရကို ပြင်းပြင်းထန်ထန် ဖိ အားမပေးလို့လား။ ဒါဆိုရင်တော့ ဒီမိုကရေစီ အော်လွန်းတဲ့ အနောက်နိုင်ငံတွေ တာဝန်မကျေတာပေါ့။ ကျုပ်တို့နဲ့ မဆိုင် ဘူးပေါ့နော။
၁ဝ။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်မယ်လို့လည်းအစိုးရသစ်က ပြောထားသေးတယ်။  ဘယ်လိုတိုက်ဖျက်မှလဲဆိုတာ တော့အသေးစိတ်မသိရသေးဘူးပေါ့။ထိုင်းနိုင်ငံမှာတော့ လာဘ်ပေးလာဘ်ယူတာကို စုံစမ်းစစ်ဆေး အရေးယူတဲ့ ကော်  မရှင်တခု ရှိခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ဆယ်ရက်ကျော်လောက်ထိုင်းနိုင်ငံမှာလုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တခုလုပ်ခဲ့ တယ်။ လုံခြုံရေး ဆိုလို့  စစ်ရေးစစ်ရာတွေ ပါတာမျိုး မဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူ ကြီးမားလာခြင်းဟာ  သာမန်ပြည် သူတွေရဲ့ ဘဝကို မလုံခြုံစေဘူးလို့ သတ်မှတ်တာကြောင့်ပါ။  အထူးသဖြင့် တရားစီရင်ရေးမှာ လာဘ်ပေး လာဘ်ယူ စိုးမိုး နေရင်  သာမန်နိုင်ငံသားတွေအတွက်အကျိုးယုတ်စေတယ် ထိခိုက်စေတယ်လို့ဆိုပါတယ်။ နောက်လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးမှာလိုအပ်တဲ့ နည်းနာတွေ အများကြီးရှိတဲ့အထဲမှာ  သတင်းမီဒီယာကနေ ဖော်ထုတ်ခြင်းဟာ အထိ ရောက်ဆုံးလို့ ထောက်ပြပါတယ်။  မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာများ အထူးနမူနာယူဖို့ ကောင်းတဲ့အချက်ပါ။မရေးရဲတာမဖော်ထုတ်ရဲတာတော့ နောက်တပိုင်းပေါ့။
မြန်မာနိုင်ငံဒီမိုမရေစီမရသေးတာ၊စစ်တပ်ကို နိုင်ငံရေးကနေလုံးလုံးဖယ်ခွာသွားအောင် မလုပ်နိုင်သေးတာ အထက် က ပြောခဲ့တဲ့ တိုင်းပြည်ထဲက  ပြဿနာတွေ၊ အခက်အခဲတွေကို ပြေလည်အောင် မဆောင်ရွက်နိုင်သေးတာ အသက် ၆၆  နှစ်ရှိပြီဖြစ်တဲ့ ဟိုအဖွားကြီးကြောင့်လို့ စွပ်စွဲနေတာမျိုးတွေ တွေ့နေ၊  ဖတ်နေ၊ ကြားနေ ရပါတယ်။ ဟုတ်ပါ့မလားဗျာ။ လူ တဦးထဲက အဲတာတွေ အကုန်လုံး  အဆင်ပြေအောင် လုပ်နိုင်ပါ့မလား။ ကျန်တဲ့သူတွေကကော မဝိုင်းတော့ မဝန်းတော့  ဘူးလား။ လဖက်ရည်ဆိုင်မှာ ဒူးကလေးနှံ့ပြီး ဆေးလိပ်ကလေးဖွာ၊ တတ်နိုင်သူတွေက  ဘီယာဆိုင်ထိုင်၊ တချို့ကတော့ မိုးအေးအေးမှာ လင်မယားချင်း အိပ်ယာထဲမှာ  ဖက်အိပ်နေ၊ အဲတာမျိုးတွေများနေပြီး လုပ်အားကို လေနဲ့ပဲ ထည့်ဝင်မယ်  ဆိုရင်တော့ လူအများ ကျေနပ်အောင် ဟိုအဖွားကြီး တယောက်ထဲ ဘယ်လိုလုပ်ပြီး  ရုန်းနိုင်မလဲ။ ၉ဝ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ယုံနဲ့ တာဝန်က မပြီးသေးလို့  မြင်ပါတယ်။ ကိုယ်သာ အဲသည့် အဖွားကြီး နေရာမှာဆိုရင် ဘာလုပ်မလဲ ဆိုတာ  မျိုးတော့ စဉ်းစားဖို့ လိုပါတယ်။
အိမ်ကလေးဆိုတဲ့ ဝတ္ထုထဲက လှေသူကြီးကတော်လို အပြောမျိုး ပြောရရင် အပြောခံရတဲ့ သူများဖက်က ခံရခက်ပါ လိမ့် မယ်။ လှေကို ဓားပြတိုက်တော့ ဓားပြက ငွေနှစ်ရာတောင်းသတဲ့။ လှေသူကြီးကတော်က“မင့်နှယ်ကွယ် တောင်းမှ တောင်းတတ် ပလေ။ ပစ္စည်းမျိုးစုံနဲ့ လှေတခေါက် အသွားအပြန် ရောင်းဝယ်တာမှ ၄၅ကျပ်လောက်ပဲ ရတဲ့ဟာ ငွေနှစ် ရာ ဘယ်လို ပေးနိုင်မလဲ” လို့ ဓားပြကို ပြောပါသတဲ့။ ပြီးတော့ ဓားပြကို “မင်းမယုံရင် မင်းကဒီလှေကို ယူလိုက်ပြီး အ ရောင်း အဝယ်လုပ် ငါက ဓားပြလုပ်မယ်” ဆိုပြီး ပြောပါတယ်။ ပြီးတော့ လှေသူကြီးကတော်ကဓားပြကို ငွေအစိတ် ထုတ် ပေးလိုက်သတဲ့။ ဓားပြလည်း ကျေနပ်ပြီး လှေပေါ်က ဆင်းသွားပါတယ်။ ဆိုချင်တာကတော့ အဖွားကြီး လုပ်နေတာကိုမကျေနပ်တဲ့မကြိုက်တဲ့ဓားပြလိုလူတွေတလှည့်လောက် လှေထိုးပြီး ရောင်းဝယ်ကြည့်ပါလားလို့ ပြောချင်ပါတယ်။
ဇော်မင်း
၂၃ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၁ ခုနှစ်
ရွက်မွန် မှ …
မှတ်ချက်- PCFB မှ စာဖတ်သူတို့  လွယ်လွယ်ကူကူ ထင်းကနဲ မြင်သာအောင် နာမည်တူတို့ နောက်တွင် ခွဲခြားပေးပါသည် ။ ဇော်မင်း(ခွေး) သည် ဧရာဝတီကို ကိုက်သူုဖြစ်ပါသည်။
No comments:
Post a Comment