မြန်သရန့်ပြည်အကြောင်း (ကုတ်ပါ)

ဗိုလ်ချုပ်ကြီး၏ နည်းအသွယ်သွယ်
0 Comments - 25 09 2011
(The Telegraph မှ 23 September 2011 ရက်စွဲပါ "General's ways" ဆောင်းပါးကို ဘာသာပြန်ဆိုသည်)ပြုပြင်ပြောင်းလဲမှုကို မလိုလားဆုံး အာဏာရှင် အုပ်ချုပ်သူများပင်လျှင် ပြုပြင်ပြောင်းလဲသူများအဖြစ် ဟန်ဆောင်ပြရန် လိုလားနေကြသည်ဟု ဆိုသော်ငြားလည်း မြန်မာနိုင်ငံမှ အစိုးရသစ်မှာမူ ပြုပြင်ပြောင်းလဲမှု အချို့ကို ယင်းတို့ အမှန်တကယ် ပြုလုပ်လိုခြင်းဖြစ်ကြောင်း ပြည်တွင်း ပြည်ပမှ ဝေဖန်ဆန်းစစ်သူများကို အသိပေးစည်းရုံးရန် စစ်မှန်သော အကြောင်းရင်းများ ရှိနေသည်။အရပ်သား သမ္မတ ဦးသ...

More Link

တနင်္လာနေ့၊ စက်တင်ဘာလ ၂၆၊ ၂၀၁၁

ရေးသူ- ဖိုးသူတော်



အပိုင်း ( ၁ )

အေဒီ ၂၀၆၀

‘ မာမား မာမား… သားသားလေ ဒီနေ့ သမိုင်းဆိုင်ရာ စာမေးပွဲမှာ ပထမရခဲ့တယ်’…
သားသား၏ အသံစာစာနှင့် ပြေးဝင်လာမှုကြောင့် ကျမ မီးဖိုချောင်မှာ ဟင်းချက်နေရင်း ဂတ်စ်အိုးကို အသာပိတ်ကာ အိမ်ရှေ့ခန်းသို့ ပြေးထွက်လာမိ၏။

‘သားသား ဘာတွေဖြစ်လာတုန်း၊ မာမားကို ပြောပါဦး’
သားသားလေ ဒီနေ့ အတန်းထဲမှာ သမိုင်းမေးခွန်းဖြေဆိုမှုမှာ ပထမအဆင့်နဲ့ အောင်ခဲ့တယ် မာမားရဲ့’
‘ဟုတ်လား သားသားတို့ သမိုင်းဆရာက ဘာတွေမေးတာတုန်း’

‘ဆရာက ဟိုးတုန်းက မေးခွန်းတွေလည်းမေးတယ် ၊ ခုနောက်ပိုင်း သမိုင်းခေတ်သစ်မေးခွန်း တွေလည်း မေးတယ်’
‘ဟုတ်လား သားသားရဲ့၊ မာမားကို ပြောပါဦး သားသားမေးခွန်းတွေကို’

‘ဆရာက မေးတာက လွယ်ပါတယ်’

‘သားသားတို့ ပြည်မကြီးမှာရှိတဲ့ မဟာတံတိုင်းကြီးကို ဘယ်သူဆောက်ခဲ့သလဲတဲ့’
‘သားသားက ရှီဟွန်တီး လို့ဖြေခဲ့တယ်’

‘နောက်ပြီး သားသားတို့ တရုတ်ပြည်သစ်ကြီးကို ဘယ်သူ တည်ထောင်ခဲ့သလဲတဲ့’

‘သားသားက မော်စီတုန်းလို့ ဖြေခဲ့တယ်’

‘နောက် သားသားတို့ မဟာတရုတ်ပြည်ကြီး အာရှမှာ ကြီးထွားဖို့ ဘယ်သူလုပ်ခဲ့သလဲတဲ့’
‘သားသားက ဟူကျင်းတောင်လို့ ဖြေခဲ့တယ် မားမားရဲ့’

‘အို. သားသားက သိပ်တော်တာပဲ’
‘ဒါပေမဲ့ မာမား ဆရာက အမှတ်စာရင်းတွေ ပြောပီးတော့ သားသားကို တခုမေးတယ် သိလား’
‘ဘာတဲ့တုန်း သားသားရဲ့’

‘လျောင်ချန်းယိ  မင်း ဧရာဝတီဆိုတာ သိသလားတဲ့’
‘သားသားက ဆရာဘာပြောတာလဲလို့ ထပ်မေးတော့ ဆရာက ဧရာဝတီဆိုတာ သိသလားလို့မေးတယ်’
သားသား မသိဘူး မာမား။ အဲ့ဒါ ဘာကို ပြောတာလဲဟင်။ မာမားကော သိလား။ ပြောပြပါလား မာမား သိရင်’

‘ဩော် သားသားရယ်၊ မာမား အများကြီး ပြောပြချင်ပါတယ်။ ဒါပေမဲ့ မာမား ခုတော့ မပြောပါရစေနဲ့ဦး။ သားသားကို ပြောပြဖို့ မာမား ပြန်စဉ်းစားဦးမယ်နော်..။ ကဲ သားသားလဲ ရေသွားချိုးချေဦး’

သားသားသည် ငါတို့ တိုင်းပြည် တရုတ်ပြည်ကိုချစ်သည်၊ တို့ဘိုးဘွားအမွေ တို့ တရုတ်ပြည်ကို မြတ်နိုးသည်ဆိုသော ကျောင်းတွင် မူလတန်းမှ စ၍သင်ထားပေးသော သီးချင်းကို ဆိုငြီးကာ ရေသွားချိုးလေသည်။

အပိုင်း ( ၂ )

တကယ်တော့ သားသားသည် အသက် ၁၀ နှစ်သားခန့် အခြေခံပညာ အလယ်တန်း ၅တန်းကျောင်းသား ကြီး ဖြစ်နေပေပြီ။ ကျမတို့ အကြောင်းကို ပြောပြရရင် ကျမတို့သည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်သရန်ပြည်နယ်၊ ပြည်မြို့အနီးတွင် နေထိုင်နေပါသည်။ ကျမ၏ မိခင်သည် မြန်မာလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားလာပြီး၊ ကျမ၏ ဖခင်သည် ပြည်ကြီးတရုတ်မှ လူမျိုးခြားတဦးဖြစ်လေသည်။ ကျမ မြန်မာတ၀က်၊ တရုတ်တ၀က်ကိုယ်တိုင် ကပြားသည်ပင် သားသားတို့ အဖေ လျောင်ချင်းချို နှင့် အိမ်ထောင်ကျပီးယခုဆိုသားသားတောင် မွေးဖွား၍၁၀ နှစ်သား ရောက်လို့ နေပေသည်။

ကျမသည် သားသား၏ သမိုင်းဆရာ နောက်ဆုံးမေးသော မေးခွန်းနှင့်ပတ်သက်၍ စိတ်ထဲတွင် အတွေးမျိုးစုံဖြစ်နေပါသည်။ ‘သမိုင်းဆရာ၏ သားသားကို ဧရာဝတီကို မင်းသိသလား’ ဟုသော မေးခွန်းသည် ကျမကိုယ်တိုင်ပင် ဧရာဝတီကို ငါကော သိသလားဟူသော ထပ်ဆင့်မေးခွန်းပေါ်တွင် မူတည်နေပါသည်။

သားသားရေချိုးပီးလျှင် သားသားကို ဖြေရမည့် အဖြေသည် ကျမအတွက် ရင်လေးနေပါသည်။ အကယ်၍ သည်နေရာတွင် သားသားဖခင် ကျမခင်ပွန်း လျောင်ချင်းချိုရှိပါက သူကိုယ်တိုင်ဖြေမည်ဖြစ်သော်လဲ ခင်ပွန်းသည် သည်ယခုအခါ နေပြည်တော် ဘေဂျင်းရှိ နိုင်ငံများနယ်မချဲ့ရေး အစည်းအဝေးသို့ သွားရောက်တက်ရောက်နေပေသည်။ ယခု အခါ ကမ္ဘာပေါ်တွင် တပြည်ထောင်နှင့်တပြည်ထောင် နယ်မချဲ့ရေး၊ တန်းတူညီမျှ ဆက်ဆံရေး၊ နှင့် တိုင်းပြည်အချင်းချင်းတို့ ဖေးမကူညီပေးရေးတို့ ခေတ်စားနေရာ နိုင်ငံခြားရေးဌာန မြန်သရန့်ပြည်နယ်တွင် အလုပ်လုပ်နေသော ကျမခင်ပွန်း သည်အစည်းဝေးသို့ သွားသည်မှာ မဆန်းလှပေ။

ကျမ ဇာတ်ကြောင်း ကျမ ပြန်ပြောပြရသော်၊ ကျမ၏ နာမည်အရင်းမှာ ဆွေသက်ထားအောင် ဖြစ်ပါသည်။ တရုတ်အမည်ကတော့ လျန်ကျဲမူ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ကျမ အဖေသည်ပြည်ကြီးတရုတ် လျန်ဟောင်ဟီး ဖြစ်၍ ကျမအမေသည် မြန်မာလူမျိုး လှလှစိန် ဖြစ်ပါသည်။ ထိုထက်ပို၍ ဆိုရသော် ကျမ အဖိုးနှင့်အဖွားဖြစ်ပါသည်။ ကျမ အမေ၏ အဖေနှင့်အမေလည်းဖြစ်ပါသည်။ အဖိုး၏ နာမည်သည် ဦးသူတော်ဟု ခေါ်ဆို၍ အမေ၏ နာမည်သည် ဒေါ်သက်နှင်းဟူ၍ ဖြစ်ပါသည်။ အဖိုးတို့ အဖွားတို့ လူရွယ်ခေတ်ကကျမကြားဖူးသည်မှာယခုကျမတို့ မြန်သရန့်ပြည်နယ်သည် မြန်မာပြည်ထောင်စု နိုင်ငံဟုခေါ်တွင်သည်ဟု အမေပြောဆိုချက်များကို ကြားဖူးပါသည်။

ကျမသည် အဖိုးအဖွားတို့အားကောင်းကောင်း မမှီလိုက်သော်လည်း အမေနှင့်အထိအတွေ့များ၍ အမေ့ထံမှ မြန်သရန့်ခေါ် မြန်မာပြည်အကြောင်းကို အများကြီး ကြားခွင့်ရခဲ့သည်။ အမေ လှလှစိန်၏ အဖေ အဖိုး သူတော်သည် သူ့ခေတ်သူ့အခါ ကျမစိတ်ထင် ( အေဒီ ၂၀၁၇ ) သာသာလောက်တွင် မြန်သရန့်ပြည်တွင်း ထင်ရှားသော အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပေမည်။ အဖိုးတို့သည် မြန့်သရန့်ပြည်ကြီးကို ချစ်ခင်မြတ်နိုးပေလိမ့်မည်။

ဒီနေရာတွင် စောန သားသားတို့ သမိုင်းဆရာ စကားဆက်၍ ပြောချင်သည်မှာ ဧရာဝတီကိစ္စဖြစ်သည်။ အဖိုးတို့ခေတ်ကဧရာဝတီဆိုသည့် မြစ်ကြီးဧရာမှာ မြန့်သရန့်ပြည်ကြီး မြောက်ပိုင်းအစမှ တောင်ပိုင်းအဆုံးထိ ပြည်ကြီးအစအဆုံးမိုင်ပေါင်း ၁၃၀၀ ကျော် အလွန်ရှည်လျားသော မြစ်ကြီးတစင်းဖြစ်ပေမည်။ ကျမကိုယ်တိုင်က သက္ကရာစ် ၂၀၃၁ ခုနှစ်တွင် ဖွားမြင်ခဲ့လေတော့ အဖိုးတို့ခေတ် မြန်မာပြည်နှင့် အဖိုးတို့ ဧရာဝတီကို ကောင်းကောင်းမှီသူမဟုတ်ပေ။ ကျမအမေ ဒေါ်လှလှစိန် ကိုယ်တိုင်ပင် ၂၀၁၂ မှာမွေးဖွားလေတော့ ဧရာဝတီကို သူမှီပင် မှီလိုက်သော်လည်း အမေ အရွယ်ရောက်သော အချိန်မှာ မြန်သရန့်ပြည်ကြီးတွင် ဧရာဝတီဆိုတာ မရှိတော့ပေ။ ရှေးလူကြီးများ အိပ်ရာဝင် ပုံပြင်များအဖြစ်သာ ကြာရပေတော့သည်။

ကျမ၏ အမေ ငယ်ငယ်က သူ့အဖေ ကျမအဖိုးပြောပြောပြသော ဧရာဝတီပုံပြင်များကို အမြဲကြားခဲ့ရသည်။ အဖိုးတို့ခေတ်က ဧရာဝတီသည် မြန်သရန့်ပြည်ကြီး၏ အဓိက အရေးပါသော မြစ်ကြီးအဖြစ် စီးဆင်းခဲ့ကြောင်း၊ အဖိုးတို့ အမျိုးသားအားလုံးအတွက် သမိုင်းစဉ်တလျှောက်တန်ဖိုးကြီးပစ္စည်းအဖြစ်ရှိသော မြစ်ကြီးအဖြစ်လည်းကောင်းကြားသိခဲ့ရသည်။ အဖိုးတို့လူရွယ်အရွယ်တွင်၎င်းမြစ်ကြီးသည်ခုကျမတို့ ပြည်မကြီးမှလျှပ်စစ်ဓါတ်အားထုတ်ရန်ဆိုသော အပြောဖြင့်ဆည်ဆောက်သိမ်းပိုက်လိုက်သောကြောင့် ယခုအခါတွင် ထိုမြစ်ကြီးသည် လျှပ်စစ်ဓါတ်အား ဘာမှ မထုတ်နိုင်ပဲ တိမ်ကောသွားရလေသည်။

ကျမယောက်ျား လျောင်ချင်းချိုပြောဖူးသည့်သူတို့သမိုင်းမှာ၊သူတို့ ပြည်ကြီးသားများသည် မြန်သရန့်မြစ်ကြီးကို လျှပ်စစ်ထုတ်လွှတ်ဖို့ဆည်ဆောက်သည်ဟူသောအကြောင်းပြချက်သေးသေးလေး ပြသော်လည်း နောက်ကွယ်တွင် ကြီးမားသော ရည်ရွယ်ချက်များရှိကြောင်း၊ ထိုရည်ရွယ်ချက်များကို သူ တက္ကသိုလ် တက်ရောက်သောအခါ ဂုဏ်ထူးတန်းတွင် အထူးပြုဘာသာရပ်အနေဖြင့် သင်ကြားခဲ့ရကြောင်း ပြောကြားပါသည်။

ထိုရည်ရွယ်ချက်မှာလျှပ်စစ်ဟူသည်သူတို့ ပြည်မကြီးဘိုးဘေးအစဉ်ကတရုတ်ပြည်မကြီးကို တည်ထောင် ခဲ့ သော မော်စီတုန်းအဖိုးကြီး၏ ဆရာများဖြစ်သော လီနင်ဆိုသည် သူတို့ ပြည်မကြီးနှင်း ကပ်လျက်တိုင်းပြည်က နှာဖူးပြောင်း ထိပ်ကြဲအဖိုးကြီးက သူတို့ ရုရှဆိုသည်ပြည်ကြီးတည်ထောင်စဉ်ကတည်းက‘လျှပ်စစ်နှင့်ရုရှပြည်ကြီးတည်ဆောက်အံ့’ ဟု ကျမအဖိုး၏အဖေမမွေးခင်ခေတ်ကတည်းက ကြွေးကြော်သောကြောင့်ဒီကိစ္စသည် မထူးဆန်းကြောင်း။လျှပ်စစ်ကိုထုတ်လွှတ်လိုလျှင်သည်လောက်ပထ၀ီနိုင်ငံရေးအတွက် အရေးပါသော အဖိုးတန်မြစ်ကြီးများကို ရင်းစရာမလိုပဲ တခြားသော နည်းများဖြင့် ထုတ်လွှတ်နိုင်ကြောင်း ကျမ ယောက်ျားမကြာခဏ ပြောဖူးပါသည်။ မင်းတို့ အဖိုးတွေခေတ်ကမင်းတို့အဖိုးတွေပြည်ကြီးကပညာမတတ်လို့လူညာခံထိသည်ဟု မကြာခဏ စနောက်ပြောရာကျမသည် ယောက်ျားကပြောသော်လည်း အမျိုးကိုထိ၍ မချိအောင် နာမိပါသည်။ ကျမကိုယ်ထဲတွင် မြန်သရန့်ပြည်ကြီး ၏ သွေးတွေ အများကြီး ရှိသည်မဟုတ်ပါလော။

ကျမလည်း ခေတ်ပညာကိုအထိုက်အလျောက်သင်ကြားတက်မြောက်ခဲ့ပြီး မြန်သရန့်ပြည်ကြီးကစက်မှုလက်မှု တက္ကသိုလ်ကြီးမှ ဘွဲ့ရခဲ့သော အင်ဂျင်နီယာ တဦးဖြစ်ပါသည်။ ယခုကျမတို့ခေတ်တွင် ရေအား၊လေအားတို့မှ လျှပ်စစ်ထုတ်ယူသည်ဆိုသည်မှာ သားသားတို့ ကျောင်းတွင် ကလေးချင်း အပျင်းပြေဆော့ကစားရာ တခုလို ဖြစ်နေပါသည်။ ကျမ စဉ်းစားမိသည်။ ကျမတို့ အဖိုးသူတော်တို့ လူတွေသည် အသိဥာဏ်နုံနဲလို့သာ ကျမ ယောက်ျားတို့ ပြည်မကြီး၏ အလိမ်အညာတွင် ခံရ၍ သူတို့ သမိုင်းဝင်အဖိုးတန်မြစ်ကြီးကို ထိုးပေးလိုက်ရ သည် ဟု ထင်ပါသည်။ ကျမတို့ ခေတ်တွင် မြစ်၊ချောင်းများ မပြောနှင့်၊ အိမ်နားကပ်စီးနေသော မြောင်းများ ကို ပင် တယုတယနှင့် ထိန်းသိမ်းပေးနေသေးသည်။ လျှပ်စစ်ဓါတ်အားဆိုသည်မှာ မရချင်အဆုံး နျူကလီးယားဆိုသည့် ဟိုက်ဒရိုဂျင်ဆင့်ကွဲပေါက်ဖွားမှု ဖြစ်စဉ်မှ ထုတ်ယူနေရာ များလွန်း၍ မနည်းပင် အတောသတ်ထားရသေးသည်။

အဖိုးတို့ လျှပ်စစ်လေးနှင့် မြစ်ကြီးကို ထိုးကျွေးလိုက်တာ မတန်လိုက်လေးချင်းဟု ကျမထင်မိပါသည်။ ကျမ တို့ အဖိုးပြည်သည် ယခင်က မြန်မာနိုင်ငံဟု၍လည်းကောင်း ဧရာဝတီ မြစ်ကြီးပိုင်ရှင်ဟု၍လည်းကောင်း ရှိသည်ဟု သိရပါသည်။ ဒါကလဲ ကျမအမေ၏ ပြောပြချက်အရသိပါသည်။ ကျမတို့ ခေတ်တွင် သမိုင်းကို ပြည်ကြီးသမိုင်းဟုသာ သင်ရပါသည်။ ဆွန်ယက်ဆင် ၊ မော်စီတုန်း၊ လူချောက်ချီ၊ ကျူအင်လိုင်း၊ ၀မ်ကျားပေါင်နှင့် ဟူကျင်တောင်းတို့မှာ ကျမတို့ မဟာတရုတ်ပြည်ကြီး၏ သမိုင်းဝင်ခေါင်းဆောင်များ ဖြစ်ပါသည်။ တကယ်တော့ လျှပ်စစ်လေးအတွက် ဒီတပြည်လုံးကြီးနောက်ဆုံး ထိုးကျွေးသလို ဖြစ်သွားမယ် ဆိုတာ ကျမတို့ အဖိုးတို့ခေတ်က သမိုင်းဝင်ခေါင်းဆောင်များ မစဉ်းစားကြဘူးလားလို့ ကျမတွေးမိပါသည်။ ကျမတို့ အဖိုးသူတော်တို့သည် အသုံးမကျသော အသိဥာဏ်နုံနဲသော သူများသာ ဖြစ်ပေမည်ဟု ကျမစဉ်းစားမိပါသည်။ ဤအတွက် ကျမ အရှက်ရမိပါသည်။ ကျမ၏ တဦးတည်းသော သားသားကို သည်ကိစ္စ ဖွင့်ပြောမည် မဟုတ်ပါ။

အပိုင်း ( ၃ )

သားသားသည် ရေမိုးချိုး ထမင်းစားပီး၍ ညအိမ်စာလုပ်ပီးသော အခါတွင် ကျမအား ကျောင်းက ပြန်လာစဉ် အခါက မေးခွန်းကို မေးပါသည်။

‘မာမား ၊ ဧရာဝတီဆိုတာ ဘာလဲဟင်၊ မာမားသိရင် ပြောပြပါလား’

‘အို၊ သားရယ်… မာမားလည်း ကြားဖူးတယ်ကွ၊ ဧရာဝတီဆိုတာ မာမား အဖိုးတို့ ခေတ်တုန်းက ရှိတဲ့ မြစ်ကြီး တစင်းကွ’

‘ဟုတ်လား မာမား ၊ မာမား အဖိုးက ဘယ်သူတုန်းဟင်’

‘မာမား ၊ မပြောပါရစေနဲ့ကွာ၊ သားသားက လိမ်မာပါတယ်’

‘ဟင့်အင်၊ မရဘူး၊ မာမားရယ် ပြောပါ ၊ မာမားအဖိုးက ဘယ်သူတုန်း’

‘အင်း…………..။ သားသား အတင်းမေးတော့လဲ မာမားပြောပြရမှာပေါ့’
‘မားမားတို့ အဖိုး သားသား အဘေးကြီး ဟာ ဖိုးသူတော်ပဲ သားသားရဲ့’

‘ဖိုးသူတော် ဟုတ်လား မာမား’
အေး ဟုတ်တယ် သားသားရဲ့’

‘အဖိုးတို့ ခေတ်တုန်းက မားမားတို့ ခုနေတဲ့ မြန်သရန့်ပြည်ကြီးမှာ ဧရာဝတီဆိုတဲ့ မြစ်ကြီး တစင်းရှိတယ်ပြောတယ်။ မာမားတော့ မကြုံဘူးပါဘူးကွယ်’

အဲ့. မြစ်ကြီးက ဘယ်ရောက်သွားသလဲ မာမား’

‘အင်း မာမား အမေ မင်းဖွားဖွား ပြောတာတော့ အဲ့မြစ်ကြီးကို မာမား အဖိုးတွေက ခု ပါပါးတို့ ပြည်ကို ရောင်းစားလိုက်တယ်တဲ့’

‘ဟင်… ပါပါးတို့ ကို ရောင်းတယ်ဆိုတော့ မာမား ဖိုးဖိုးတွေက ဆင်းရဲလို့ပေါ့နော်’

‘အင်းပေါ့ မာမားလဲ သေချာမသိပေမဲ့ မရှိလို့ ရောင်းလိုက်ရတယ်လို့ ထင်မိတာပဲလေ’
‘ဟင်.. အဲ့ဒါနဲ့ ဘယ်လိုဖြစ်သွားလဲ။ အဲ့ မြစ်ကြီးကို သားသား သွားလည်ချင်တယ်’

‘အို.. သားသားရယ် ဖိုးဖိုးတို့က အဲ့မြစ်ကြီး ရောင်းပီး သိပ်မကြာဘူး၊ မြစ်ကြီးလဲ ကောသွားတယ်လို့ မာမား အမေက ပြောတယ်’

‘ဟင်. ဒါဆို မြစ်ကြီးမရှိတော့ဘူးပေါ့ နော် မာမား’

‘ဟုတ်တယ် သားသား။ မာမားတို့ အဖိုးတွေဟာ ဒီမြစ်ကြီးကို မရောင်းအောင် အသက်နဲ့ ရင်းပီး ကာကွယ်စောင့်ရှောက်ပေမဲ့ အဖိုးတို့ ခေတ်က အာဏာပိုင်ရှင်တွေက အတင်းရောင်းလို့ မြစ်ကြီးက အရောင်းခံရတယ်တဲ့’

‘သားသား ပါပါးကိုတော့ သွားမပြောနဲ့ဦးနော်၊ သူတို့တွေက မြစ်ကြီးကိုလိုချင်တာ မဟုတ်ဘူး။ လျှပ်စစ်ဓါတ်အားကို လိုချင်တာ မဟုတ်ဘူး။ မာမားတို့ ခုနေနေတဲ့ မြန်သရန့်ပြည်ကြီးကိုလို ချင်နေတာ။ အဲ့ဒါကြောင့် အဲ့လို တဖက်လည့်လုပ်လိုက်တာ’

‘ဟင် . မာမားကလည်း အဲ့လို တဖက်လည့်လုပ်ရအောင်၊ မာမားတို့ အဖိုးတွေက ငတုံးငအတွေလား။’
‘ဖိုးဖိုးတို့ကတော့ မတုံးလောက်ပါဘူး။ ဒါပေမဲ့ သူတို့ အာဏာပိုင်တွေက တုံးလို့ နေမှာပေါ့’


မာမားကလဲ ဒါလေးကို လူထုနည်းနဲ့ ဆန္ဒပြရင် ဘယ်သူက လုပ်ရဲမှာမို့လို့လဲ။ သာသားတို့ဆို ကျောင်းမှာ အိမ်စာ နှစ်ပုဒ်ပေးလို့ မလုပ်ချင်ရင် တပုဒ်လုပ်ပီး တယောက်ထဲ ထ ဆန္ဒပြတောင် ဆရာမတွေက ခွင့်ပြုသေးတာပဲ’

‘အေးကွယ် . မာမားတို့ အဖိုးခေတ်က ခွင့်မပြုလို့နေမှာပေါ့။ မာမားလဲ ဒီအကြောင်းတွေ ပြောသာ ပြောနေရတာ သေချာမသိပါဘူးကွယ်။ မာမား အမေ သားသားအဖွား မသေခင်ပြောသွားတာတုန်းက ခုမာမားတို့ နေနေတဲ့ ကွန်ဒိုမီနီယံအောက်ကဟာ အရင်က ပြည်ရွှေစံတော်နားမှာ ရစ်ခွေသွားတဲ့ ဧရာဝတီလို့ခေါ်တဲ့ မြစ်ကြီးနေရာပဲတဲ့’

‘ဟင်.. ဟုတ်လာ’..

‘ဟုတ်တယ် သားသား ဖွားဖွားကြီးက ပြောခဲ့တာ။ ဟိုဘက်ကမ်းကို ကြည့်ပါလား၊ ဘုရားကြီး အကြီးကြီးကို မြင်ရလိမ့်မယ်။ အဲ့ဒါ မာမားအမေက သူ့အဖေ ငယ်ငယ်တုန်းက ဓါတ်ပုံတခုမှာ မြင်ဖူးတယ်လို့ ပြောတယ်။ သူလဲ နောက်တော့ သေချာမသိတော့ပါဘူး’

‘ကဲ သားသား အိပ်တော့လေ။ မနက်ဖန် ပါပါး ပြန်လာမှာ။ စောစော ထပီး လေယာဉ်ကွင်းသွားကြိုရဦးမယ်။’

‘လူဝင်မှု အရာရှိတွေနဲ့တွေ့ရင် သားသားက ကောင်းကောင်းမပြောရင် သူတို့က သားသားကို ဖမ်းထားဦးမယ်’

‘ဟုတ်ကဲ့ပါ မာမား။ သားသားတို့ ပါပါး နိုင်ငံသားကဒ်ကြောင့်နေနေရတာ သိပါတယ်။. သားသားအိပ်တော့မယ်’

‘ဂွဒ်နိုက်ခ်’S


အပိုင်း ( ၄ )

ကျမလဲသားသားအိပ်သွားတော့ကျမတို့အဖိုးခေတ်အကြောင်းကို တွေးမိနေလေသည်။ ဒီနေရာဟာကျမအဖွားပြောရသလိုဆိုကျမတို့ မြန်မာတွေနေရာပါပဲ။ခုတော့ကျမတို့ကပြားတွေကသားသားအဖေကျမယောက်ျား လျောင်ချင်းချို နိုင်ငံသားကဒ်ကြောင့်နေနေရသော နေရာဖြစ်နေပါတယ်။ ကျမတို့ခိုင်းစေတဲ့အခိုင်းအစေလေးတွေကတော့တကယ့်ကိုဖိုးဖိုးတို့ မြန်မာလူမျိုးတွေ ဖြစ်မယ်ထင်ပါတယ်။ အသားက ညိုညို ၊လေးတိလေးကန် ၊ အသိဥာဏ်ထိုင်းထိုင်းနဲ့ လူတွေပါ။

အို ကျမလဲ ဒါတွေ မတွေးချင်တော့ပါဘူး. မနက်ဖန် ယောက်ျား လျောင်ချင်းချို ပြန်လာမှာပဲ စိတ်က တွေးပီး အိပ်ယာဝင်လိုက်ပါတော့တယ်.။

ပြီးပါပြီ။

တကယ်တော့ ဒီဝတ္ထုကို ရေးဖို့ အာရုံရသည်က ညနေက ရုံးအပြန် ၁၅ မိနစ်လောက် လမ်းလျှောက်ရသည့် လမ်းမှာ အာရုံရချင်းဖြစ်ပါသည်။ ဒါပေမဲ့ လမ်းတ၀က်လောက်ရောက်နေတော့ ငါ ပြန်ရေးရင် ကောင်းမလားဟု စိတ်က တထင့်ထင့်ဖြစ်နေပါသည်။ ထမင်းစားပီးလို့ အချိန် ရနေတုန်း ရေးချင်စိတ်ကလဲ အရမ်းဖြစ်လာလို့ သည်တွေးမိတဲ့ ဇာတ်ကွက်လေးကို ဇာတ်လမ်းလေးအသွင် ဖန်တီး ရေးသားလိုက်ပါတယ်။

ဖတ်တဲ့ သူများလဲ ကျနော့် ၀တ္ထုဆိုလိုရင်းကို သဘောပေါက်မိမယ်လို့ ထင်ပါတယ်။ သည်ဝတ္ထုက ဂျော့ခ်ျအော်ဝဲလ်၏ 1984 ၊အက်လဒပ်စ် ဟပ်ကစလေ ၏ Brave New Worldတို့ နှင့်တူညီခြင်းမရှိနိုင်ပါ။ကျနော့်၏ကိုယ်ပိုင်အတွေးအမြင်အရသာ ပေါက်ဖွားမွေးဖွားပေးသော ၀တ္ထုလေးတပုဒ်ဖြစ်ပါသည်။ မိတ်ဆွေများအားလုံး တွေးဆကြပါ။ သမိုင်း၏ လူဆိုး၊ မိမိတို့ မျိုးဆက်များစွာရဲ့ အရေးမပါ အသိဥာဏ်တုံးသော လူများ မဖြစ်ကြပါစေနှင့်။

ဖိုးသူတော် Facebookမှ

No comments: