အောင်လင်းထွဋ်
လွန်ခဲ့သော နှစ်ပေါင်း ၂၀ နီးပါး စစ်ပွဲများကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လက်ရှိ အရပ်သား အစိုးရသစ်ဟုခေါ်သော အစိုးရလက်ထက်တွင် စစ်၏ အနိဋ္ဌာရုံ သတင်းများကို ကြားနေရပါသည်။
အထူးသဖြင့် ကချင်၊ ကရင်၊ ရှမ်း ပြည်နယ် ဒေသများတွင် စစ်ပွဲများဖြစ်နေကြပါသည်။ တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုထားသော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့က နယ်ခြားစောင့်တပ်အစီအစဉ်ကိုလက်မခံသဖြင့် ၂၀၀၉ ခုနှစ်တွင် စစ်တပ်က တိုက်ခိုက်ခဲ့သော်လည်း တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားကြောင့် စစ်ပွဲကိုရပ်ဆိုင်းခဲ့ရသည်။ စစ်အစိုးရ ဒုတိယ နှင့် တတိယ ခေါင်းဆောင်များ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ ကိုယ်တိုင် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်၍ မှားပါကြောင်း ဝန်ချတောင်းပန်ခဲ့ရသည်။
လက်ရှိအချိန်တွင်မူ ကချင်၊ ကရင်၊ ရှမ်း ငြိမ်းချမ်းရေး အဖွဲ့များကို စစ်တပ်က ပြင်းပြင်းထန်ထန် စစ်ပွဲ ဆင်နွဲနေသော်လည်း တရုတ်နိုင်ငံ ထောက်ခံထားသော၊ မူးယစ်ဆေးဝါးနှင့် စစ်အင်အားကြီးထွားလာသော “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များကိုမူ စစ်ဆင်ရေး မလုပ်ရဲခဲ့ပါ။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းတပည့်များဖြစ်ပြီး လွှတ်တော်ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဝန်ကြီးဟောင်း ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ခေါင်းဆောင်သော သမ္မတ၏ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို “ဝ”နှင့်မိုင်းလားဒေသသို့ စေလွှတ် ဆွေးနွေးခဲ့ရပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ရန် ဆက်လက်ထိန်းသိမ်းရေး၊ အပြန်အလှန်စကားပြောနိုင်ရန် ဆက်ဆံရေး ဌာန စခန်းများ ဖွင့်လှစ်ရေး၊ ယခင် နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့ပြီးဖြစ်သော နယ်မြေမှကျော်လွန်ပြီး လက်နက်ကိုင် သွားလာသည့်အခါ ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရေး၊ နှစ်ဦးနှစ်ဘက် သဘောတူညီသည့် အချိန်နေရာတွင် ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားရေး စသည့် အချက် ၄ ချက် ကို “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များဖြင့် သဘောတူညီခဲ့ကြပါသည်။
အဆိုပါ သဘောတူညီချက်ကို အစိုးရဘက်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ၊ တြိဂံတိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီးဇော်ထွန်းမြင့်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးမှူး ဦးအောင်ကျော်မြင့် တို့က လက်မှတ် ရေးထိုးခဲ့ပြီး “ဝ” ဘက်မှ ဦးကျောက်ကွမ်းအမ်း၊ ဦးပေါက်ယူလျန်၊ ဦးအောင်မြင့်၊ မိုင်းလားအဖွဲ့မှ ဦးစံပေ့၊ ဦးခန်းပောာင်၊ ဦးအိုက်ရှဲန်၊ ဦးဇင်ခမ်းနော် တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။
၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်ကို လက်မခံလျှင် “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များ စစ်ရေးအရ ဆောင်ရွက်လိမ့်မည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အခါတွင် ကချင်၊ ကရင်၊ ရှမ်း ငြိမ်းချမ်းရေးအဖွဲ့များကို စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူခဲ့ပြီး “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များကိုမူ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့သည်။
“ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပြန်အလှန် အကူညီပေးရေး သဘော တူညီထားခဲ့သော်လည်း ကတိကဝတ်ကို ချိုးဖောက်ပြီး အစိုးရနှင့် ပူးပေါင်းခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဓိက လူမျိုးကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တို့၏ တည်ငြိမ် အေးချမ်းမှုကို လျစ်လျူရှုထားပြီး တရုတ်နိုင်ငံအတွင်း အများစုနေထိုင်သော “ဝ” နှင့် အခါ လူမျိုးများ ငြိမ်းချမ်းရေးဆောင်ရွက် နေသည်မှာ အစိုးရဋ္ဌ ရိုးသားမှု မရှိခြင်းက ထင်ရှားနေသည်။
ယနေ့မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးနေသည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံ ဘဝသို့ ရောက်မှန်းမသိ ရောက်နေရပါပြီ။ အစိုးရသစ်က ပြည်တွင်းအရေး ကိစ္စများကိုပင် တရုတ်တို့၏ မျက်နှာ ကြည့်ပြီး အလုပ်လုပ်နေရသည်မှာ ရင်နာစရာကောင်းလှပေသည်။ ယခုအချိန်မှ တရုတ်တို့ကို ချိန်ခွင်လျှာညှိနိုင်အောင် အနောက်နိုင်ငံများနှင့် ပလူးပလဲ လိုက်လုပ်နေရသည်မှာလည်း ရှက်ဖို့ကောင်းပါသည်။
နိုင်ငံ၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူ၍ အကြိမ်ကြိမ်ကြွေးကြော်နေသော စစ်ဗိုလ်ကြီးများ ဘာကြောင့် ကိုယ့် သွေးရင်း သားချင်းတွေကို စစ်ပြန်တိုက်နေကြပါသလဲဟု မေးလိုပါသည်။
အနှစ်၂၀ နီးပါး ငြိမ်းချမ်းခဲ့ပြီးမှ ယခုကဲ့သို့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အများပြည်သူ ဘေးဒုက္ခရောက်အောင် လုပ်နေရပါသနည်း။ ကိုးကန့်၊ ဝ ၊ အခါ လူမျိုးများကိုပင် နားလည်မှုပေးနိုင်လျှင် မူရင်း လူမျိုးများဖြစ်သည့်၊ ပင်လုံစာချုပ်နှင့် လွတ်လပ်ရေးအတူ ရယူခဲ့ကြသည့် တိုင်းရင်းသားများကို အဘယ့်ကြောင့် “ဝ” နှင့် အခါ လူမျိုးများကဲ့သို့ သဘောတူညီချက်မျိုးများ မပေးနိုင်သနည်း ဆိုသည်ကိုလည်း မေးလိုပါသည်။
စာရေးသူသည် စစ်ဝတ်စုံဝတ်၍ နှစ်ပေါင်း၂၅ နှစ်ခန့် ၊ စစ်ဝတ်စုံချွတ်၍ နှစ်ပေါင်း ၅ နှစ်ကျော် မဆလ အစိုးရ နှင့် စစ်အာဏာရှင် အစိုးရ လက်ထက်တွင် အမှုထမ်းခဲ့ရသူ တဦးဖြစ်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအရေးကို နှစ်အတန်ကြာ ကိုင်တွယ်ခဲ့ရပါသည်။
စာရေးသူတို့နားလည်ခဲ့သည်မှာ တပ်မတော်သားတိုင်းသည် စစ်တပ်တွင် စတင် ဝင်ရောက် အမှုထမ်းစဉ် ကတည်းက အလံကိုင်ပြီး သစ္စာပြုခဲ့ကြသူများ ဖြစ်သည်။ အကျဉ်းချုပ်ပြောရလျှင် တပ်မတော်သည် တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပြီး ကိုယ့်တိုင်းရင်းသားချင်း နှိပ်စက်သတ်ဖြတ်ရန် မဟုတ်သကဲ့သို့ လူတစု တဖွဲ့ အတွက် အသုံးချရန် ဖွဲ့စည်းထားသော အာဏာရှင်၏ တပ်မတော်လည်း မဟုတ်ပါ။
စစ်ပွဲများဖြစ်ပါက နှစ်ဘက်လက်နက်ကိုင်အဖွဲ့ဝင်များ ကျဆုံးရသကဲ့သို့ အပြစ်မဲ့ပြည်သူများလည်း ဒုက္ခရောက် စစ်ဘေး စစ်ဒဏ် ခံရ စမြဲပင်။ စစ်ပွဲများတွင် ကျဆုံးရသည်မှာ တပ်မတော်ဘက်တွင်ဆိုပါက အရာရှိအငယ်များနှင့် အခြားအဆင့်ဟုခေါ်သော အရာခံ၊ အကြပ်၊ တပ်သား အများစု ဖြစ်သည်။ အရာရှိကြီးများ သေသည်မှာ အလွန်နည်းပါသည်။
ထို့အပြင် အာဏာရှင်ကြီးများ၏ ဆွေးမျိုးများ၊ တပည့်သားမြေးများသည်လည်း သေဘေးမှဝေးသည့်အပြင် နေရာကောင်းများ ရရှိပြီး မိသားစုများပါမကျန် တိုက်တာ အိမ်ကား များနှင့် ကြီးပွား ချမ်းသာနေကြသည်ကို တွေ့ရမည် ဖြစ်ပါသည်။ အသက်စွန့်ပြီး တိုက်ပွဲဝင် နေကြသည် ဆိုသည့် အရာရှိငယ်နှင့် စစ်သည်များ၏ မိသားစုများက နေ့စဉ် အသက်ဘေးအန္တရာယ် ကင်းဝေးစေကြောင်း ဆုတောင်းနေရမည် ဖြစ်သည်။
ယနေ့ တပ်မတော်အတွင်း စစ်ဘက်ရာထူး ယူထားသော ဗိုလ်ချုပ်ကြီးများကို လေ့လာကြည့်ပါ။ ကာကွယ်ရေးဦးစီးချုပ်က အစ လက်အောက်ဗိုလ်ချုပ်များ၏ စစ်ရေးစွမ်းရည်သည် သုည ဟု ပြောရပါမည်။ ဖြတ်သန်းလာခဲ့သော ငယ်စဉ် စစ်အရာရှိဘဝကို လေ့လာကြည့်မည်ဆိုလျှင် အားလုံးနီးပါးသည် ကိုယ်ရေးအရာရှိ၊ လုံခြုံရေးအရာရှိ၊ ဦးစီးအရာရှိ အစရှိသည့် လူကြီး အနီးကပ်ပြီး နေသူ များပါသည်။
ထူးထူးချွန်ချွန် တိုက်ပွဲဝင်ခဲ့သည့်ပုဂ္ဂိုလ်မျိုး တဦးတယောက်မှ တွေ့ရမည်မဟုတ်ပါ။ ထိုသို့သော စစ်ခေါင်းဆောင်များက အတွေး အခေါ်လည်း မရှိ၊ အမြော်အမြင်လည်း မရှိ အထက်ကခိုင်းတာပဲ ဆိုပြီး စစ်တပ်ကို အသုံးချနေမည်ဆိုလျှင် တပ်မတော်အတွင်း မုဆိုးမ နှင့် ဖခင်မဲ့ သားသမီးများ တနေ့တခြား များလာမည်သာဖြစ်သည်။ မစွမ်းမသန် ဒုက္ခိတများ တပ်မတော် အတွင်း ပိုများလာမည်သာဖြစ်သည်။ မစွမ်းမသန် ဒုက္ခိတ ဖြစ်ပြီးလျှင်လည်း မစို့မပို့ နစ်နာကြေးပေးပြီး တပ်က ထုတ်ခံရ၊ ကူညီမည့်သူ မရှိပါက လမ်းဘေးရောက်ပြီး တောင်းစားရသည့် ဘဝမျိုး ရောက်နေသည်။
ထိုသို့ထောက်ပြနေ၍ စာရေးသူကို တပ်ကိုဖြိုခွဲသူဟု စစ်ခေါင်းဆောင်ကြီးများက စွပ်စွဲပါလိမ့်မည်။ တကယ်တော့ အမှန်တရား ဆိုသည်မှာ ငြင်း၍မရပါ။ စစ်သားဆိုသည် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက် ဒုက္ခိတ ဖြစ်ပါစေ နောက်ဆုံး အသက်စွန့်ရန်အထိ သစ္စာဆိုထားသူများ ဖြစ်သည်။
ယခု တိုက်ခိုက်သတ်ဖြတ်နေရသည်က ကိုယ့်တိုင်းရင်းသားချင်းပါ။ လူမျိုးခြားများ မဟုတ်ပါ။ အဓိပ္ပာယ်မဲ့သည့် စစ်ပွဲများဖြစ်၍ ထောက်ပြနေရခြင်းပါ။ မတရားသည့် စစ်ပွဲများကို စစ်သည်တို့ လက်မခံရန် တိုက်တွန်းနေရခြင်းပါ။
ကချင်ပြည်နယ် ကျောက်စိမ်းတွင်း၊ သစ်တောများ၊ ကရင်ပြည်နယ် ရှမ်းပြည်နယ် သတ္တုမိုင်း သစ်တောများ စသည်တို့ကရသည့် ပြည်သူ့ဘဏ္ဍာငွေဖြင့် ဝယ်ခဲ့သည့် စစ်လက်နက်ကြီးများ၊ အမြောက်ကြီးများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်နေခြင်းမှာ စစ်အာဏာရှင်များ၏ အပြောတမျိုး အလုပ်တမျိုးနှင့် စစ်တပ်ကို နာမည် ပျက်ရန် အသုံးချနေခြင်းကို တွေ့ရမည်ဖြစ်သည်။
စာရေးသူကိုယ်တိုင် ကရင် ခေါင်းဆောင် စောဘိုမြ ၊ ကချင် ခေါင်းဆောင် ဦးဇော်မိုင်၊ မွန် ခေါင်းဆောင် နိုင်ရွှေကျင် တို့နှင့် ရင်းရင်း နှီးနှီး စကားပြောဆိုခဲ့ဖူးပါသည်။ ပြည်တွင်းစစ်ကြောင့် အဓိပ္ပာယ်မဲ့ သေဆုံးခဲ့ကြရသူတို့၏ အလောင်းများကို ဆက်လိုက်မည် ဆိုပါက မြန်မာနိုင်ငံ တောင်ဘက်ခြမ်းက မြောက်ဘက်ခြမ်း အထိ ဆက်နေလောက်ပြီ၊ ဒီလိုအဓိပ္ပာယ်မဲ့သည့် ကိစ္စများကို ရပ်စဲပြီး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ရန်အတွက် စကားပြောရန် အချိန်ရောက်ပြီဟု သူတို့၏ ခံယူချက်ကို စာရေးသူအား ပြောပြခဲ့ဖူးပါသည်။
တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ပင်လုံစာချုပ်မှသည် ခေတ်အဆက်ဆက် မြန်မာအစိုးရများသည် တိုင်းရင်းသားများအပေါ်တွင် လိမ်ညာခဲ့သည်ဟု ခံစားချက် အသီးသီးရှိကြပါသည်။ လက်ရှိအခြေအနေကို ကြည့်မည်ဆိုလျှင်လည်း ၎င်းတို့ပြောသည့်အတိုင်း ဖြစ်နေသည်ကို တွေ့နေရပါသည်။ အစိုးရအသစ်နှင့် နိုင်ငံရေး ကိစ္စ လက်နက်ကိုင်ဆောင်ရေးကိစ္စ ဆွေးနွေး သည်ဟုဆိုသော ကတိကို အစိုးရဘက်က ချိုးဖောက်ပြီး နယ်ခြားစောင့်တပ် လုပ်ရန် အဓမ္မ လုပ်ရာမှ တိုက်ပွဲများ ဖြစ်လာကြတာပါ။ ဒါကြောင့် တရားခံဟာ စစ်အာဏာရှင်များသာ ဖြစ်သည်။
တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များကို တင်ပြချင်တာက နှစ်ဘက် အဖွဲ့ဝင်များသည် တိုင်းတပါးသားများ မဟုတ်ကြပါ။ တမြေတည်းနေ တရေတည်း သောက်နေကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါ။ ဘယ်သူ သေသေ မကောင်းပါ။ စစ်အာဏာရှင်စနစ်၏ အမွေဆိုးကြောင့်သာ တဦး နှင့်တဦး သတ်ဖြတ်နေကြရတာပါ။
တဘက်နှင့်တဘက် နားလည်မှုပေးနိုင်ရန် အဓိက လိုပါသည်။ အောက်ခြေ စစ်သည်ချင်း တဦးနှင့်တဦး ရန်သူကဲ့သို့ မဆက်ဆံကြတော့ဘူးဆိုပါက စစ်ပွဲများ ရပ်စဲသွားပါလိမ့်မည်။
လွန်ခဲ့သောလပိုင်းလောက်က တပ်မတော် တပ်ရင်းတရင်းလုံး KIA နှင့် နားလည်မှု ရသွားသည့်အခါ စစ်ခေါင်းဆောင်ကြီးများက တပ်ရင်းမှူးများမှလွဲ၍ မည်သူကိုမျှ အရေးမယူဝံ့သည့် ဖြစ်စဉ် ရှိခဲ့ပါသည်။
ကချင်၊ ကရင်၊ ရှမ်း လက်နက်ကိုင်များကို မေတ္တာရပ်ခံချင်သည်မှာ - တပ်မတော်ထဲတွင်လည်း တိုင်းရင်းသား အများကြီးရှိပါသည်၊ လူမျိုးရေးကို ရှေ့တန်းမတင်ဘဲ စဉ်းစားဆုံးဖြတ်စေချင်ပါသည်၊ မလွှဲသာ၍ တဦးနှင့်တဦး ပစ်ကြခတ်ကြသည်မှလွဲပြီး နားလည် မှုပေးကြရန် လိုပါသည်။
ပြဿနာအားလုံး၏ အဓိကတရားခံ အာဏာရှင်ကြီးများကို မေတ္တာရပ်ခံချင်သည်မှာ - တိုင်းပြည်ကို ပြန်ကြည့်ပါ၊ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဘေးစစ်ဒဏ် သင့်ပြီး ပြည်သူပြည်သားများသည် ဆင်းရဲဒုက္ခ ဒဏ်ရာများနှင့် ပြည့်နေပါပြီ။ ရှိနေသည့် မာန် မာနများကို ခဝါချသင့်နေပါပြီ။
ရရှိခဲ့ပြီးသား တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိုလည်း “ ဝ” ၊ အခါ တို့ကဲ့သို့ ပြန်လည် သဘောတူသင့်ပါသည်။ မိမိစစ်သည်များ ကိုလည်း ပြန်ကြည့်ပါ၊ တော်တော်လေး ခါးချိနေကြပြီ။ ပြည်ပနိုင်ငံကို ထိုသို့သော စစ်ရေးစွမ်းရည်နှင့် ယှဉ်နိုင်ပါ့မလား၊ တရုတ်နိုင်ငံကို တကယ့် မိတ်အစစ်နိုင်ငံဟု ဗိုလ်ချုပ်ကြီးတို့ မသတ်မှတ်နိုင်ဘူး ဆိုသည်ကို နားလည်ပါသည်။
ယခု နိုင်ငံရေးကစားကွက်များ သစ်ဆန်းလာခြင်းမှာ ကောင်းပါသည်။ သို့သော် ကိုယ့်တိုင်းရင်းသားများကိုတော့ ထိုသို့မလုပ်ပါနှင့်၊ စကားပြောကြည့်ပါ။ တဖက်သတ်မဆက်ဆံပါနှင့်၊ ယုံကြည်မှုရရှိရန် လိုပါသည်။
သိက္ခာရှိသည့် အစိုးရဟု နိုင်ငံတကာတွင် လူရာဝင်ချင်ပါက ပြည်တွင်းပြည်ပ၏ ယုံကြည်မှု ရရန်လည်း လိုပါသည်။ အဘယ်ကြောင့် ဆိုပါက ယခင် စစ်အစိုးရခေတ်က လိမ်ညာမှု များခဲ့၍ ဖြစ်သည်။ ယခုလည်း လိမ်ညာနေတုန်း။ နိုင်ငံရေးအကျဉ်းသားမရှိ၊ ကလေး စစ်သားမရှိ ဟူ၍ ဖြစ်သည်။
သမ္မတကြီး ပြောသည့်အတိုင်း လုပ်နိုင်ပါစေဟု ဆန္ဒပြုပါသည်။
Credit :U Aung Lin Htut
No comments:
Post a Comment