ကာကွယ် ရေး ဦးစီးချုပ်ဟောင်း ဦးသန်းရွှေဟာ မြန်မာ့တပ်မတော်ကို တရားမဝင်  နောက်ကွယ်ကနေပြီး ဆက်လက်ပြီး ကွပ်ကဲနေတာတွေကို ပြီးခဲ့တဲ့အပတ်က  တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း  ဦးသန်းရွှေဟာ ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို  လွှဲပြောင်းပေးရတာနဲ့ ပတ်သက်ပြီး သုံးသပ်တင်ပြသွားပါမယ်။ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေဟာ သူအာဏာစရပြီးနောက်ပိုင်း ၁၉၉၂ ကတည်းက  တပ်မတော်အင်းအားရှိမှ တိုင်းပြည်အင်းအားရှိမယ်ဆိုပြီးတော့  ကြွေးကြော်ပြီး တပ်မတော်အင်အားကို တိုးချဲ့ခဲ့ပါတယ်။  ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ မာစတာဘရိမ်းသမားလို့ တပ်ထဲမှာ  လူသိများပြီးတော့ စစ်တပ်နောက်နောက်ခံပြု မြန်မာနိုင်ငံဖြစ်ဖို့အတွက်  သူအာဏာရပြီးကတည်းက စီမံချက်ရေးဆွဲပြီး လုပ်ဆောင်ခဲ့ပါတယ်။  တပ်မတော်ဟာ တဖြည်းဖြည်းနဲ့ပဲ သူအဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်း  နည်းဥပဒေတွေနဲ့ မသွားတော့ဘဲ ဦးသန်းရွှေအလိုကျ  ရာထူးတိုးမြင့်တာတွေ၊ ဖယ်ရှာတာတွေ ပြုလုပ်ခဲ့ပြီးတော့  နောက်ဆုံးမှာ စီနီယာဗိုလ်ချုပ်တွေကို ဖယ်ရှားပြီးတော့ သူစိတ်ကြိုက်  ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို   ဦးစီးချုပ်ရာထူး  လွှဲပြောင်းပေးခဲ့ပါတယ်။
တကယ်တော့  သက္ကရာဇ် ၂၀၀၀ ကျော် အနှောင်းပိုင်းကာလာမှာ မြန်မာတပ်မတော် စစ်ရုံးက  စစ်ဗိုလ်ချုပ်အများစုဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ပိုင်း  ကာကွယ်ရေးဦးစီးချုပ် အသစ် ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား  သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေနောက်ပိုင်း  ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာရေးနဲ့ပတ်သက်ပြီး  စစ်ဗိုလ်ချုပ်တွေကြားထဲမှာ စာတမ်းတစောင် ပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီစာတမ်း မှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာလျှင် တပ်ကို  ထိန်းသိမ်းနိုင်မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ  ဦးနေဝင်းနောက်ပိုင်း မြန်မာ့တပ်မတော်ကို အဆင့်မြင့်အောင်  လုပ်ဆောင်နိုင်ခဲ့တယ်။ တပ်မတော် အကျိုးစီးပွားအတွက်  ပြုပြင်ပြောင်းလဲတာတွေကို လုပ်ခဲ့တယ်လို့ စစ်ဗိုလ်ချုပ်  အတော်များများက ယုံကြည်နေတယ်လို့ သိရပါတယ်။
အဲဒီလို  ယုံကြည်အောင် လုပ်ထားနိုင်ခဲ့ပြီးတော့ ဦးသန်းရွှေဟာ တပ်မတော်ကို  အုပ်ချုပ်နိုင်သလောက် အုပ်ချုပ်စေတာ အကောင်းဆုံးပဲ၊ ဦးသန်းရွှေ  မရှိတဲ့ နောက်ပိုင်းမှာလည်း ဦးသန်းရွှေရဲ့ စိတ်အချအရဆုံး ဘယ်သူကိုပဲ  ဦးစီးချုပ်ရာထူးလွှဲလွှဲ တပ်မတော်ဟာ အလားအလာ ကောင်းနိုင်တယ်။ စစ်တပ်  မပျိုကွဲနိုင်ဘူး၊ စစ်တပ်ရဲ့ အကျိုးစီးပွား မထိခိုက်ဘူးဆိုတာကို  တပ်မတော်က ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေဟာ နားလည်းသဘောပေါက်  လက်ခံခဲ့ကြပါတယ်။
ဒါပေမယ့်  မြန်မာတပ်မတော်ဟာ သူ့အဖွဲ့စည်းနဲ့ဆိုင်တဲ့ စည်းမျဉ်း  စည်းကမ်းအတိုင်း လုပ်ဆောင်တာ ဦးသန်းရွှေလက်ထက်မှာ  မဖြစ်ခဲ့ဆုံးဖြစ်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်အဖြစ်  သူမရှိတော့တဲ့နောက်ပိုင်းမှာ စစ်ရာထူး ပရိုဆီဂျာအဖြစ် စစ်တပ်အခေါ်  ကြီးစဉ်အတိုင်း သွားရမှာဖြစ်ပေမယ့် လက်တွေမှာတော့ စီနီယာ  ဗိုလ်ချုပ်ကြီးတွေကို အရပ်ဝတ် ပြောင်းစေခဲ့တယ်။ သူ့အောက်က  ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို အရပ်ဘက်ကို ပြောင်းစေတယ်။  ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဖြစ်လာနိုင်မယ်လို့ ထင်ကြေးပေးတဲ့  ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ကိုလည်း အရပ်ဝတ်အဖြစ်  ပြောင်းစေခဲ့ပါတယ်။ တခြား စီနီယာတွေဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေကို  အဆင့်လိုက်တိုးပေးရမှာကို မလုပ်တော့ဘဲ  ဦးသန်းရွှေတယောက်တည်းကနေပြီး တပ်ကို ကိုယ်ပိုင်ပစ္စည်းလို  လုပ်ချင်သလို လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာ့တပ်မ တော်ဟာ ပေါ်လစီဂိုက်လိုင်းနဲ့ ဦးတည်သွားနေတာမျိုး မဟုတ်ဘဲ  ဦးသန်းရွှေရဲ့ သဘောထားပေါ် မူတည်ပြီး သွားနေသလို ဖြစ်ခဲ့ပါတယ်။  နောက်ဆုံးတော့ မတ်လ ၃၀ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို  တပ်ချုပ်ကြီးရာထူးကို လွှဲပေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဘယ်လိုလူမျိုးလဲ။ ဦးသန်းရွှေလက်ထက်က အဘက်ဘက်က  ကျဆင်းနေတဲ့ မြန်မာ့တပ်မတော်ကို ပြန်လည်ပြီးတော့ ကောင်းမွန်အောင်  လုပ်နိုင်ပါ့မလားဆိုတာ စစ်တက္ကသိုလ်ကျောင်းဆင်း  တပ်မတော်အရာရှိဟောင်း ဗိုလ်ရဲထက်ကတော့ သူတွေ့ကြုံခဲ့ဖူးတဲ့  ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို အခုလို သုံးသပ်ပြောဆိုပါတယ်။
“ကာကွယ်ရေး  ဦးစီးချုပ်ဖြစ်တာ စစ်တပ် ဘယ်လို အနေအထား ရှိလဲဆိုတော့  စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး လုပ်သွားတဲ့ အနေအထားတိုင်းဆိုရင်တော့  ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူက နည်းနည်း  စာအုပ်သမား ဆန်တယ်။ ကျနော်တို့ ဗိုလ်လောင်းဘဝမှာ ပြောဖူးတယ်။ အထက်က  ဘာလုပ်လုပ် ဘာမှ ပြန်မပြောနဲ့၊  ဒါပေမယ့် ကိုယ့်အလှည့်ကျရင်  ကိုယ်မကြိုက်တာကို မလုပ်နဲ့။ အဲလိုပုံစံမျိုး။ သူကလည်း သူတိုင်းမှူး  ဖြစ်တဲ့အချိန်မှာ တခြားတိုင်းမှူးတွေ ဘာဖြစ်ဖြစ် သူ သိပ်ဂရုမစိုက်ဘူး။  ဒါပေမယ့် သူအုပ်ချုပ်တဲ့ နေရာကလူတွေကတော့ သူမကြိုက်တာ သူမလုပ်ဘူး။  သူ့ရဲ့ rule system (စည်းစနစ်) နဲ့ သူသွားတယ်။ အဲဒီပုံစံမျိုးပေါ့။  အဲတော့ သူက အခု တပ်ချုပ်ကြီး ဖြစ်သွားတဲ့ အခါကျတော့လည်း  ဒီတပ်မတော် တရပ်လုံးကို သူအခု လုပ်နေတဲ့ ပုံစံအတိုင်းဆိုရင် အဲဒီ  rule(စည်းမျဉ်း) အတိုင်း သွားနေတာပဲလေ။ ကျနော်အမြင်ပေါ့နော်။”
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တပ်မ ၄၄ တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊  ရွှေတြိဂံတိုင်း တိုင်းမှူး၊ ကစထမှူးနဲ့  တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးတွေကို ၁၀ နှစ် အတောအတွင်းမှာ  ရာထူးအဆင့်ဆင့် ရရှိခဲ့ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို  ရရှိခဲ့တာပါ။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အမိန့်နာခံသူတဦးဖြစ်တယ်၊ စေ့စပ် သေချာတယ်၊  အစဉ်အလာအတိုင်း လုပ်တတ်တယ်လို့ မြန်မာတပ်မတော်က အရာရှိဟောင်းတွေက  ပြောကြပါတယ်။
ဒါပေမယ့်  ယခင်က တပ်မတော်ဆိုတာ ပရော်ဖက်ရှင်နယ်ဖြစ်တာတွေ၊ ရဲဘော်ရဲဘက်စိတ်၊  တိုက်ရေးခိုက်ရေး စိတ်တွေဟာ အများကြီးရှိခဲ့ပေမယ်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်နဲ့ သူ့နောက်ပိုင်းမှာ အရင်ကလိုမျိုး  ရဲဘော်ရဲဘက်စိတ်ဓာတ်တွေ ကျဆင်းနေတယ်၊ စစ်ဆင်ရေးတွေမှာလည်း  ရှုံးနိမ့်တယ်လို့ သုံးသပ်ကြပါတယ်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပြီးတဲ့နောက်မှာ  မြန်မာတပ်မတော်ဟာ စစ်ဆင်ရေးတွေမှာ မအောင်မြင်ဖြစ်နေရပြီးတော့  တပ်တွင်းမှာလည်း ပြဿနာတွေ အများအပြား ရှိနေတယ်လို့လည်း  မြန်မာတပ်မတော်က အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က သုံးသပ်  ပြောဆိုပါတယ်။
“ဒီတပ်မှာလည်း  အခုအချိန်မှာလေ ပြဿနာတွေ အများကြီး ရှိပါတယ်။ ဆင်းရဲ မွဲတေမှုရော၊  ရဲဘော်ရဲမေ ပြဿနာတွေရော၊ တပ်ထဲမှာ ကလန်ကဆန် ဖြစ်တာတွေရော၊  စစ်ဆင်ရေးမှာလည်း ဒီကေဘီအေ တိုက်လည်းမအောင်မြင်ဘူး။  ကေအိုင်အေနဲ့ တိုက်လည်း မအောင်မြင်ဘူး။ ရှမ်းနဲ့ တိုက်တာတောင်  သူတို့ ရှုံးနေတာတွေက သူတို့ high level တွေမှာ ဘာကြောင့်လဲဆိုတာကို  သူတို့ deal (အပေးအယူ) လုပ်ကြတာပဲ။ မင်းအောင်လှိုင်နဲ့  ရှင်းရှင်းပြောရရင် သူတို့က level (အဆင့်) တန်းညှိရင် သိပ်မကွာတဲ့  သူတွေပေါ့။ မကွာတဲ့အခါမှာ rank (ရာထူးအဆင့်အတန်း) အရတော့  မင်းအောင်လှိုင်က ဦးစီးချုပ် ဖြစ်သွားတဲ့ အခါကျတော့ သူက  ငါဆိုတာမျိုး ဖြစ်သွားတာကိုး။ တော်တော်များများက အပြိုင်အဆိုင်  ဖြစ်တဲ့အပေါ်မှာ အာခံတာမျိုးတွေကတော့ ပြဿနာမျိုးတွေ ပေါ်တယ်လို့  ကျနော်တို့ သိရတယ်ဗျ။ အကြမ်းဖျင်းပေါ့နော်။”
လောလောဆယ်မှာ တော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လက်ထဲမှာ မြန်မာ့တပ်မတော်ကို  လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက် အထိလုပ်နိုင်သလဲ ဆိုတာတော့ သံသယရှိတဲ့  မေးခွန်းဖြစ်ပါတယ်။ ဦးသန်းရွှေ နောက်ပိုင်း နိုင်ငံရေးအရနဲ့  တပ်မတော်ထဲမှာပါ ပြောင်းလဲတာတွေကို တွေ့ရတယ်။
၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေမှာတော့ နိုင်ငံတော်  ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့တဲ့အတွက်  ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ လုပ်ပိုင်းခွင့်ကိုလည်း တဖန်  ကန့်သတ်ထားတယ်လို့လည်း ပြည်တွင်းပြည်ပ ပညာရှင်တွေ  တပ်မတော်သားဟောင်းတွေက သုံးသပ်တာတွေ ရှိပါတယ်။
ဒါပေမယ့်  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဟာ နိုင်ငံတော်အဆင့်  အမြင့်ဆုံးလုပ်ပိုင်ခွင့်ရ အဖွဲ့အစည်းဖြစ်ပေမယ့် တိုင်းရင်းသား  အရေးကိစ္စနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားထိခိုက်တဲ့ အခါကျရင်လည်း  ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေနဲ့ တိုင်းပြည်အာဏာကို အချိန်မရွေး  သိမ်းယူပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလိုမျိုးပဲ  မြန်မာတပ်မတော်ကို တဦးတယောက်ရဲ့ လက်ထက်မှာ  ထိန်းချုပ်ထားနိုင်တာမျိုးကို ရောက်နိုင်တယ်လို့လည်း  အမေရိကန်နိုင်ငံ ဘာကာလေ တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့  လေ့လာသင်ယူနေတဲ့ ကိုမင်းဇင်က သုံးသပ်ပြောဆိုပါတယ်။
“ဗိုလ်ချုပ်ကြီး  မင်းအောင်လှိုင်ကို သူတယောက်တည်း ကွက်ပြောရတာတော့ ခက်ပါတယ်။  ဒါပေမယ့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကိုယ်တိုင်ပဲ ကာကွယ်ရေး  ဦးစီးချုပ်ရာထူးမှာ ဘာလောက်ကြာကြာ ရှိမလဲဆိုတာကလည်း မေးခွန်း  ထုတ်စရာပါ။ လက်ရှိ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက  ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဘယ်လောက်အထိ  ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ဆက်ထားမှာလဲ။ သူ့ကို ကာလတခု ရောက်ရင်  ကြံ့ဖွံ့ပါတီထဲကို ပြောင်းလိုက်မှာလား။ ဒါက ဦးနေဝင်းတုန်းက  လုပ်ခဲ့တဲ့ ပုံစံမျိုးပေါ့။ ဒါတွေအားလုံးက  ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တယောက်တည်းအပေါ်မှာ မူမတည်ပါဘူး။  ချုပ်ပြောမယ် ဆိုရင်တော့ လက်ရှိစနစ်နဲ့ လက်ရှိအာဏာခွဲဝေထားပုံက  တစုံတရာတော့ စစ်ခေါင်းဆောင်တွေကို (အကာအကွယ်) ပေးထားတာ တွေ့ရတယ်။  ဒီအာဏာချိန်ခွင် ပျက်သွားမယ်။ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုတွေကို  အလွန်အကျွံ လုပ်လာလို့ တနေရာမှာ တချိန်မှာ စစ်တပ်ရဲ့  အကျိုးစီးပွားကို ပျက်စီးလာနိုင်တဲ့ တိုင်းရင်းသားကိစ္စတွေမှာ  အလွန်အကျွံ အလျှော့အတင်းတွေ လုပ်လာရင် စစ်တပ်က မကျေမနပ်  ဖြစ်လာမယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ မဟုတ်ပါဘူး  အခြား စစ်ခေါင်းဆောင်တွေကလည်း အရပ်သားတွေကို မဲပြီးတင်းတာတွေ၊  အခြေခံဥပဒေပါ အခွင့်အရေးတွေကို ပြန်သုံးပြီးတော့ စစ်တပ်ရဲ့  ဦးဆောင်မှုကို ပြန်ပြီးတော့ ရောက်လာတာမျိုး ဖြစ်လာနိုင်ပါတယ်။”
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့ ဘယ်လိုလမ်းကြောင်းမျိုးကို သွားမလဲ၊ ဘယ်လို  စိတ်နေသဘောထားမျိုး ရှိတယ်ဆိုတာတွေကို တပ်မတော်သား  အရာရှိဟောင်းတွေနဲ့ ပညာရှင်တွေရဲ့ ခန့်မှန်းပြောဆိုချက်တွေကို  တင်ပြလိုက်ရပါတယ်။ 
No comments:
Post a Comment