Published on September 16, 2011 by webteam (DVB)
ဧရာဝတီမြစ်  ပျက်စီးမှာကို စိုးရိမ်တဲ့ ပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူတွေက ကန့်ကွက်နေကြပေမယ့်  ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို မဖြစ်မနေ  အကောင်အထည်ဖော်မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးက ပြောတဲ့အပြင်  စက်မှုဖွံ့ဖြိုးရေးဝန်ကြီးကလည်း လွှတ်တော်မှာ ပြောလိုက်ပြန်ပါပြီ။သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ပညာရှင်တဦးကတော့ ဒီစီမံကိန်းကြောင့်  ထိခိုက်ပျက်စီးမှု ကြီးမားနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
မြစ်ဆုံစီမံကိန်း ကနေ လျှပ်စစ်ဓာတ်အား ၁၈,၀၀၀ ထွက်ရှိမယ်၊ မြစ်ရေရဲ့ ၇  ရာခိုင်နှုန်းကိုပဲ သုံးမှာဖြစ်လို့ စနစ်တကျတွက်ချက်ပြီးမှ  ဆောင်ရွက်တာလို့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ကြာသပတေးနေ့  ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားသွားပါတယ်။
အမှတ် ၁  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းကလည်း တနင်္ဂနွေနေ့  သတင်းစာရှင်းလင်းပွဲမှာ ဒီစီမံကိန်း ဘယ်လိုကန့်ကွက်မှုတွေပဲ ရှိရှိ  မဖြစ်မနေလုပ်မယ်လို့ ပြောခဲ့ပါတယ်။
သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးပညာရှင်တဦးဖြစ်တဲ့ ဦးအုန်းကတော့ ဧရာဝတီမြစ်ဆုံ  အောက်ခံမြေဟာ မခိုင်မာဘူး။ စစ်ကိုင်းမြေလွှာပြတ်ရွေ့ကြောကြီးနဲ့  ဆက်စပ်နေလို့ ငလျင်လှုပ်နိုင်တဲ့အတွက် အန္တရာယ်ကြီးမားတယ်လို့  ရှင်းလင်းပြောကြားပါတယ်။
“နံပါတ် ၁  အချက်ကတော့ ရေကာတာဆောက်မယ့် ခံနေတဲ့ မြေသားက မခိုင်တဲ့အတွက်  ရေစိမ့်မယ်၊ ငလျင်လှုပ်မယ်၊ နောက်ပိုင်း ရေကြီးမယ်၊  နုန်းတွေများလာမယ်၊ နောက်ဆုံး မြစ်ဆုံကနေ  ဧရာဝတီမြစ်ဝကျွန်းပေါ်ထိအောင် တောက်လျှောက် ထိခိုက်မှုတွေ ရှိနိုင်တယ်။”
ဦးအုန်း ရည်ညွှန်းသွားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောဟာ မြန်မာပြည်အလယ်ပိုင်း  တလျှောက် တည်ရှိနေတဲ့ အဓိကမြေလွှာပြတ်ရွေ့ကြောဖြစ်ပြီး  ဒီပြတ်ရွေ့ကြော လှုပ်ရှားမှုကြောင့် ၁၉၃၀ ပြည့်နှစ်တုန်းက  ရစ်ခ်ျတာစကေး ၇ ဒဿမ ၃ အဆင့်ရှိတဲ့ ငလျင်လှုပ်ဖူးပါတယ်။
မြစ်ဆုံ ရေကာတာ တည်ဆောက်ဖြစ်သွားရင် အဲဒီရေကာတာရဲ့ အထက်နဲ့ အောက်  ရေဖုံးလွှမ်းမယ့်အရေးနဲ့ ဧရာဝတီမြစ်ထဲမှာ နုန်းမြေတွေ  အခုထက်ပိုပြီးများလာမယ့်အရေးကိုလည်း ဦးအုန်းက ထောက်ပြပါတယ်။
အခု  မြစ်ဆုံရေကာတာကြောင့်ဆိုရင် ဒီ့ထက်အခြေအနေ ပိုဆိုးနိုင်တာကြောင့်  ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးကို လုပ်ရမှာလို့လည်း ပြောပါတယ်။
အခုလက်ရှိမှာပဲ  ဧရာဝတီမြစ်ထဲမှာ ရွှေထုတ်လုပ်တာ၊ သဲကျောက်တွေ ထုတ်လုပ်တာ  စတာတွေကြောင့် မြစ်ပိုပျက်စီးလာပြီး ထိန်းသိမ်းစောင့်ရှောက်မှု  လိုအပ်နေတယ်လို့လည်း ဦးအုန်းက ပြောပါတယ်။
သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းလေ့လာတဲ့ Global Environment Institute က  တရုတ်ပညာရှင်တဦးကတော့ ဒီမြစ်ဆုံစီမံကိန်းကို မလုပ်ဖို့  အစီရင်ခံထားတယ်လို့လည်း ဦးအုန်းကို ပြောသွားကြောင်း သိရပါတယ်။
မြစ်ဆုံစီမံကိန်း နဲ့ ပတ်သက်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်၊  ဒေါ်ဒေဝီသန့်စင်၊ စာရေးဆရာမ ဂျူး၊ ကိုတာ၊ ကာတွန်းအော်ပီကျယ် စတဲ့  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေက  လာမယ့်ရက်ပိုင်းအတွင်း ရန်ကုန်မှာ ဆွေးနွေး ဟောပြောပွဲလုပ်ဖို့  ပြင်ဆင်နေပြီး ဦးအုန်းကလည်း စာတမ်းဖတ်ပြီး အထောက်အထားတွေ  တင်ပြမယ်လို့လည်း သိရပါတယ်။
ဧရာဝတီမြစ်ဖျား  မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရက တရုတ်အစိုးရရဲ့ အကူအညီနဲ့  လုပ်နေတာဖြစ်ပြီး ဒီကထွက်တဲ့ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို  တရုတ်နိုင်ငံကို ရောင်းချမှာလို့ ပြောထားပါတယ်။
ပညာရှင် တွေရဲ့ ပြောကြားချက်တွေကို လျစ်လျူရှုပြီး မြစ်ဆုံစီမံကိန်းကို  မဖြစ်မနေလုပ်မယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောနေတာကို  အလွန်ဝမ်းနည်းတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်  ဦးအုန်းက ပြောပါတယ်။
“စိတ်မကောင်း ဘူးဆိုတော့ ဒါတွေဟာ စဉ်းစားပြီးတော့ ပြည်သူ့အကျိုး၊  တိုင်းပြည်အကျိုးကို ဦးထိပ်ထားရမယ်။ တရုတ်ပြည်အကျိုး၊ သူတို့အကျိုး  ဦးထိပ်ထားတာ မှားတယ်။ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး၊  ဧရာဝတီအကျိုးကို ဦးထိပ်ထားရမယ်။ ဒါပဲ ကျနော်ပြောချင်ပါတယ်။” 
No comments:
Post a Comment