၂၀၀၃ ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးဖို့ အထက်လွှတ်တော်ဆုံးဖြတ်

ဗုဒ္ဓဟူး, 14 စက်တင်ဘာ 2011
By သားညွန့်ဦး

စက်တင်ဘာ ၁၄၊ ၂၀၁၁။ မြန်မာနိုင်ငံက ပို့ကုန်တွေကို ပိတ်ပင်ပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံကူညီဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာအရေးယူပိတ်ဆိုမှု ဥပဒေကို အထက်လွှတ်တော်က နောက်ထပ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါပြီ။


၂၀၀၃ ခုနှစ် Burmese Freedom and Democracy Act မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ဥပဒေကို နောက်ထပ် သက်တမ်းတိုးဖို့ အထက်လွှတ်တော်က မကြာခင်သေးခင်ကပဲ အတည်ပြုလိုက်တာပါ။

(သက်တမ်းတိုးရန် ဆုံးဖြတ်လိုက်သည့် အထက်လွှတ်တော်တွင်း အသံ)

ဒီ ဥပဒေကို သက်တမ်းတိုးဖို့ အောက်လွှတ်တော်ကလည်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်တာမို့ မကြာခင်မှာ အမေရိကန်သမတက အတည်ပြု လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေအပေါ် မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းအနီးမှာ အစိုးရလိုလားသူတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း၊ ဒီ ဥပဒေကို အမေရိကန်ပြည်ထောင်စု ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရ ထိပ်ပိုင်းဗိုလ်ချုပ်တွေနဲ့ သူတို့နီးစပ်တဲ့အသိုင်းအ၀ိုင်းတွေကို ဒဏ်ခတ် အရေးယူပိတ်ဆိုမှု တွေလုပ်ခဲ့တာပါ။ ဒီဥပဒေ ရည်ရွယ်ချက်ဟာ မြန်မာစစ်အစိုးရကို အရေးယူဒဏ်ခတ်ဖို့၊ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို အားဖြစ်စေဖိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာလူထုရဲ့ ကိုယ်စားလှယ်အဖြစ် တရားဝင် အသိအမှတ်ပြုဖို့ဖြစ်တယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်း ပို့ကုန်တွေကို အမေရိကန်ပြည်ထောင်စုကနေ ပိတ်ပင် တားဆီးဖို့ အပါအ၀င် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သူတိုနီးစပ်တဲ့အသိုင်းအ၀ိုင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ဆိုတာ ဒီ ဥပဒေမှာ ပါဝင်ပါတယ်။ တဖက်မှာလည်း ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် လှုပ်ရှားနေကြတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ဖြစ်နိုင်သမျှ ကူညီထောက်ပံ့ဖို့ သမတကိုလည်း လုပ်ပိုင်ခွင့်ပေးထားပါတယ်။

အခုလို အထက်လွှတ်တော်ဆုံးဖြတ်ချက်မတိုင်ခင်မှာတော့ မြန်မာနိုင်ငံ မူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ ဖြစ်လာမယ့် အခြေအနေနဲ့ ကိုက်အောင် ညှိယူနိုင်ဖို့ ပြင်ဆင်ထားသင့်တယ်လို့ အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) က ကြေညာချက် ထုတ်ပြန်ပြီး စက်တင်ဘာ ၁၂ ရက်နေ့က ပြောခဲ့ပါတယ်။

No comments: