Published on September 13, 2011 by နေသွင် (DVB)

ဒီလိုအချိန်မှာပဲ  အောင်ပင်လယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်  ဒေါ်ဒေဝီသန့်စင်ကလည်း စာရေးဆရာ၊ အနုပညာရှင်တွေ ၅၀ ကျော်ရဲ့  ဆောင်းပါးတွေ စုစည်းရေးသားထားတဲ့ ဧရာဝတီမြစ်အကြောင်း  စာအုပ်သစ်တအုပ်ကို စီစဉ်ထုတ်ဝေလိုက်ပါတယ်။
“ဧရာဝတီကို တော့ မလွမ်းချင်ပါ” ဆိုတဲ့ အဲဒီ  စာအုပ်စီစဉ်ဖြစ်ရတဲ့အကြောင်းနဲ့ပတ်သက်လို့ ဒေါ်ဒေဝီသန့်စင်ကို  မေးမြန်းထားပါတယ်။
ဧရာဝတီကိုတော့ မလွမ်းချင်ပါဆိုတဲ့ အန်တီစီစဉ်တဲ့ စာအုပ်အကြောင်းလေး ပြောပြပေးပါလား။ ဘယ်လိုစီစဉ်ဖြစ်သလဲ ဆိုတာ။“ဧရာဝတီ  မြစ်ဆုံမှာ ရေကာတာဆောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မကောင်းတဲ့  အချက်လည်းပါတယ်၊ နောက်တခုက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား  တယောက်ဖြစ်တော့ ကမ္ဘာကြီးက Global Warming and Climate Change  (ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု အပြောင်းအလဲ) ဖြစ်နေတဲ့အတွက်  တကမ္ဘာလုံးမှာရှိတဲ့ ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း၊ အင်းအိုင်တွေ  impact (အကျိုးသက်ရောက်မှု) ကလည်း ရှိနေတယ်။ အဲဒီတော့ ဧရာဝတီကို  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်နဲ့ ကြည့်ရင်လည်း သူဟာ အရင်လို  စီးဆင်းနိုင်ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး၊ အထူးသဖြင့်  မြစ်ဆုံလိုနေရာမျိုးမှာ မဂ္ဂါဝပ်အကြီးဆုံးနဲ့  ရေကာတာဆောက်မယ်ဆိုတော့ ကျမတို့က မဖြစ်စေချင်ဘူး။  ဘာဖြစ်လို့လဲဆိုတော့ ဧရာဝတီကို မိခင်ဧရာဝတီလို့ ယူဆထားတာ။ မိခင်ဧရာဝတီ  စတင်ပြီးတော့ မွေးဖွားတဲ့ မေခနဲ့ မေလိခတို့ နေရာမှာ  လုပ်တယ်ဆိုတာက မိဘနှစ်ပါးကို သတ်သလိုပဲ ကျမကတော့မြင်တယ်။ ဧရာဝတီက  ကချင်ပြည်နယ် တခုတည်းနဲ့လည်းဆိုင်တာမဟုတ်ဘူး၊ ကျမတို့  ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ စီးဆင်းပြီးတော့ တပြည်လုံးကို  ပြည်ပစီးပွားရေးနဲ့ ပတ်သက်တာ၊ ပြည်တွင်းကော စားဝတ်နေရေးပါ  သူကလုပ်ဆောင်ပေးနေတာ။ အဲဒါကြောင့် ကျမတို့က မိခင်လို့  တင်စားထားတာပဲ။
“အဲဒါကြောင့်  ကျမတို့က ဧရာဝတီမြစ်ဆုံမှာ ဆောက်တဲ့ကိစ္စကို မဖြစ်စေချင်ဘူး၊  ဧရာဝတီကို မလွမ်းချင်ဘူးဆိုပြီး စာအုပ်ထုတ်ဝေတယ်။ ကျမတို့အနေနဲ့  တားလို့ရချင်လည်းရမယ်၊ မရချင်လည်း မရဘူး။ ဒါကြောင့် နောင်လာမယ့်  မျိုးဆက်သစ်တွေမှာ ဧရာဝတီဆိုတာ ဘယ်လိုပါဆိုတာကို မှတ်တိုင်တခု  စိုက်ခဲ့ရမယ်။ နောင်မျိုးဆက်သစ်တွေက ကျမတို့ရဲ့ မိခင် ဧရာဝတီကြီးက  တချိန်က ဘယ်လိုစီးဆင်းခဲ့တာပါဆိုပြီးတော့ သိရမယ်။”
ဆိုတာက  မြစ်ဆုံရေကာတာလိုဟာမျိုး ဆောက်ရင် တချိန်ချိန်ကျရင် ဧရာဝတီက  လွမ်းစရာမြစ်ကြီး တစင်းဖြစ်လာမယ်လို့ အဲလိုများ စိတ်ထဲမှာပေါ်ပြီး  လုပ်တာလား။“ဟုတ်ပါတယ်၊  ဒါကကျမတို့ကို ပြောလို့မရဘူးလေ။ တချို့ ကမ္ဘာပေါ်က မြစ်တွေဆိုရင်  သမုဒ္ဒရာထဲစီးဆင်းနိုင်မှု မရှိတော့ဘူး။ အဲဒါကြောင့် ကျမတို့က  ဧရာဝတီကြီးကိုလည်း မလွမ်းချင်ဘူး၊ အရင်အတိုင်းပဲ  ရှိစေချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ ကျမတို့ လုပ်ခဲ့တာပါ။ ကျမတို့ ပုဂံကို  မမီလိုက်ဘူး။ ဒါပေမယ့် ဒေါက်တာသန်းထွန်းတို့ စာအုပ်ထဲကတဆင့်  ပုဂံကို သုတေသနလုပ်ပြီးတော့ မှတ်တမ်းတင်ပေးတဲ့ စာအုပ်တွေကနေ  ကျမတို့ ပုဂံကိုလှမ်းကြည့်လို့ ရတယ်။ ဒီလိုပဲ ဧရာဝတီကိုလည်း  နောင်တချိန်မှာ သဘာဝပတ်ဝန်းကျင်ရဲ့ အကျိုးဆက်ကြောင့်ပဲဖြစ်ဖြစ်၊  လူလုပ်တဲ့ အကျိုးဆက်ကြောင့်ပဲဖြစ်ဖြစ် ကျမတို့ ဧရာဝတီက တစုံတခု  အရင်တိုင်း မရှိခဲ့ရင် နောင်ကလေးတွေက ဧရာဝတီဆိုတာ ဒို့ဗမာပြည်မှာ  ဘယ်လိုစီးဆင်းခဲ့သလဲဆိုတာကို သိသင့်တယ်ထင်လို့ ဒီစာအုပ်ကို  ကျမထုတ်ခဲ့တာ။”
မ နေ့တနေ့က လျှပ်စစ်ဝန်ကြီး ပြောသွားတဲ့စကားထဲမှာ  ဒီမြစ်ဆုံရေကာတာကိစ္စဟာ အမျိုးသားအကျိုးစီးပွားဖြစ်တယ်ပေါ့။  အားလုံးအတွက် အကျိုးရှိတဲ့ကိစ္စ။ အခုမဆောက်ဖို့ ပြောနေတယ်ဆိုတာက  ပျက်စီးရာ ပျက်စီးကြောင်း ဆိုတာမျိုး သူပြောသွားတယ်။ အဲဒီစကားပေါ်မှာ  အန်တီတို့ ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲ၊ ဘယ်လိုများ ခံစားရပါလဲ။“ဘယ်လိုခံစား ရတယ်ဆိုတာ အခုတော့ ကျမထိတွေ့ရသလောက် ပတ်ဝန်းကျင်မှာ အကုန်လုံးက  ခံစားနေရတယ်။ ပြောလိုက်တဲ့ စကားထဲမှာ နောက်မဆုတ်ဘူးဆိုတဲ့  စကားပေါ်မှာ ကျေနပ်တဲ့လူဆိုတာ တယောက်မှ မရှိဘူး။ အဲဒီတော့  ကျမပြောချင်တာက အခုနိုင်ငံတော် အစိုးရသစ်နဲ့ တိုင်းပြည်ရဲ့  ဖွံ့ဖြိုးတိုးတက်မှုကို သွားနေတဲ့အချိန်မှာ ဘာပဲပြောပြော  ပြည်သူ့ရဲ့ အသံ၊ ပြည်သူ့ရဲ့ ဆန္ဒကိုတော့ နည်းနည်း  အလေးပေးသင့်တယ်လို့ ထင်တယ်။”
လူ လေးစားရတဲ့ စာရေးဆရာတွေကအစ အကုန်လုံးက ဝိုင်းပြီး  ပြောဆိုနေတယ်၊ အစိုးရကလည်း အရင်အတိုင်းပဲ ဆက်လုပ်မယ်လို့  ပြောတဲ့အခါကျတော့ ဒီနှစ်ခုက ပြန်ပြီးညှိနှိုင်းလို့  မရတဲ့ပုံစံမျိုးပေါက်နေတယ်။ ဒီ နှစ်ခုက ဘယ်လိုမျိုး ညှိလို့ရမယ်လို့  အန်တီတို့ အနေနဲ့ တွက်ပါသလဲ။“ရှင်းရှင်း ပြောရင် နိုင်ငံတော် သမ္မတကြီးကနေ ငြိမ်းချမ်းရေး ခေါ်တာတို့၊  စီးပွားရေးနဲ့ ပတ်သက်တဲ့ အခွန်ကိစ္စတို့၊ သဘာဝပတ်ဝန်းကျင်ဆို  ဝန်ကြီးဌာနတောင် သစ်တောနဲ့ တွဲပြီးတော့ ဖွင့်လိုက်ပြီ။ အဲတော့  ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်တဲ့ နေရာမှာ သွားနေတာဟာ တဘက်က  ဒီလိုစကားမျိုး ပြောတယ်ဆိုတော့ သူတို့အချင်းချင်းလည်း  ရှင်းဖို့ရှိတယ်။ ပြဒါးတလမ်း သံတလမ်းနဲ့ ပြည်သူက ယုံကြည်ဖို့၊  ပြည်သူက လက်ကမ်းကြိုဆိုဖို့ ဖြစ်နေတဲ့အချိန်မှာ ဒီလိုမျိုး  စကားနှစ်မျိုးကတော့ အစိုးရအသစ်အနေနဲ့ မထွက်သင့်ဘူး။ အဲ့တော့  ပြည်သူက ယုံကြည်ကိုးစားဖို့ စောင့်နေတာ။ အဲဒီအချိန်မှာ ဒီလိုမျိုး  စကားနှစ်မျိုးက ထွက်သွားတော့ ကျမတို့ ရှင်းစရာ မလိုဘူး၊  သူတို့အချင်းချင်းပဲ ရှင်းရမှာ။” 
No comments:
Post a Comment