“စည်းကို ပြတ်ပြတ်သားသားခြား တသားတည်း တွန်းလှန်ဖြိုဖျက် နိုင်ကြဖို့”

သမတသစ်လို့ ခေါ်နေကြတဲ့ဦးသိန်းစိန်အစိုးရဟာဘာလဲဆိုတာကိုမြင်သာထင်ရှားဖြစ်အောင်ပြသ
လာတဲ့ အချက်တွေ ကို ကြံ့ဖွံ့အစိုးရကို အရပ်သားအစိုးရသစ်လို့ ခေါ်နေကြသူတွေ၊ ဒီမိုကရေစီအစိုးရလို့ ခေါ်နေကြ အားလုံးကောင်းနေပါပြီ ခင်ဗျားလို့ပြောနေကြသူတွေ သတိထားမိလောက်ပါပြီ။ စပြီးအစိုးရတာဝန်ကိုယူလိုက်ကတည်းက တောင်းဆိုနေတဲ့ အ ထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကို ပြစ်ဒဏ်တနှစ်လျှော့သက်သာ ခွင့်ပြုပြလိုက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ တကယ့်အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကိုခုထိမပေးသေးဘဲအကြောင်းပြ တောင့်ခံနေခဲ့ပါတယ်

နိုင်ငံရေးသမားတွေ၊သဘောထားကွဲလွဲသူတွေကို နှိပ်ကွပ်ဖို့ပြဋ္ဌာန်းထားတဲ့၁၉၅၀ခုနှစ်အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ၅(ည)နဲ့ဆက်နွယ်ပုဒ်မတွေကိုရုပ်သိမ်းပေးဖို့လွှတ်တော်တွင်းမှာတင်ပြတောင်းဆိုတာကိုလည်း ငြင်းဆို၊ လူ့အခွင့်အရေးနဲ့မကိုက်ညီတဲ့အကျဉ်းထောင်လက်စွဲဥပဒေကို ပြုပြင်ပေးဖို့တင်ပြတောင်းဆိုတာကိုလည်း ငြင်းဆို၊ စာပေလွတ်လပ်ခွင့် အပြည့်အ၀ပေးဖို့ တင်ပြတောင်းဆိုလာတာကိုလည်း မခိုင်လုံတဲ့ အကြောင်းပြချက်တွေပြပြီး ငြင်းဆို လက်မခံခဲ့တာတွေ ကို အမြင်အကြားဖြစ်ပြီး ကြပါပြီ။ တခြားသိပ်အရေးမပါတဲ့ တောင်းဆိုမှုတချို့ကိုတောင် လက်ခံလိုက်လျှောမှု အပြသ ဘောသာ လုပ်ဆောင်ခဲ့တာတွေ တွေ့နေရပါတယ်။

ခုတခါတော့ မြန်မာနိုင်ငံက ပြည်သူလူထုနဲ့သဘာဝပတ်ဝန်းကျင်ကိုသာမက ဒေသတွင်းနဲ့ ကမ္ဘာ့ရာသီဥတု အပြောင်း အလဲတွေအထိ ဆိုးကျိုးသက်ရောက်နိုင်ကြောင်း သိပ္ပံနည်းကျသုတေသနပြုမှု၊စုံစမ်းစစ်ဆေးမှုတွေအရ တွေ့ရှိခဲ့လို့ ပြည်တွင်းကရော နိုင်ငံတကာကပါ အပြင်းအထန်ကန့်ကွက်နေတဲ့ မြန်မာပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီ မြစ် ကြီးရဲ့ မြစ်ဆုံမှာတည်ဆောက်နေတဲ့ ရေကာတာစီမံကိန်းကြီးတွေကို ရပ်ဆိုင်းပေးဖို့၊ စွန့်လွှတ်ဖို့ မေတ္တာရပ်ခံ တောင်းဆို နေတဲ့အသံတွေ၊ လှုပ်ရှားမှုတွေကို ကြားနေ မြင်နေပါရဲ့နဲ့အမှတ်(၁)လျှပ်စစ်စွမ်းအင်ဝန်ကြီးဆိုသူကသတင်းမီဒီယာတွေကို ဖြေကြားသွားတာကိုလည်းကြားသိပြီးဖြစ်ကြမှာပါ။ မြန်မာနိုင်ငံ ပြည်သူလူထုနဲ့ နိုင်ငံတကာ ပြည်သူလူထုတွေရဲ့ သ ဘောထားကိုမလေးမစားလုပ်ရုံသာမဟုတ်သေးပဲ၊စိန်ခေါ်သလိုလူမိုက်ပြော ပြောဆိုတုန့်ပြန်သွားတာပဲ ဖြစ်ပါတယ်။ တို့လုပ်ချင်သလိုလုပ်မယ်၊ ပြောချင်တဲ့သူပြော၊ ဂရုစိုက်လိမ့်မယ်မဟုတ်ဘူးလို့ ပြောသွားတာပါ။

ကျနော် တခါတုံးက  “ပြုပြင်လို့မရအောင် ကမ်းကုန်နေသူများ” လို့ ခေါင်းစဉ်တပ်ပြီး ဆောင်းပါးတပုဒ်ရေးခဲ့ပြီးဖြစ်သလို“လူမိုက်သားရမ်းကား နှင့် ကျွန်ပ်တို့၏…” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အစိုးရအကြောင်းရေးခဲ့ဖူးပါတယ်။ ခုအဲဒီ အမှတ် (၁) လျှပ်စစ်စွမ်းအင် ၀န်ကြီးရဲ့အဖြေစကားကို ကြည့်ရင် လူမိုက်သားရမ်းကား ဆိုတဲ့အတိုင်းပဲ ရိုင်းပြစော်ကားတာကို တွေ့ရပါတယ်။

၁၉၆၂အာဏာသိမ်းစစ်အစိုးရ၊အရေခွံလဲမဆလအစိုးရဘာတွေလုပ်သွားတယ်ဆိုတာကို ကျနော်တို့ တွေမြင်သာထင် ရှားရှိခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၈၈ အာဏာသိမ်းအစိုးရ အနှစ် ၂၀ ကျော် မြန်မာနိုင်ငံနဲ့ ပြည်သူလူထုတွေအပေါ် ဘာတွေ လုပ်ဆောင်သွားတယ် ဆိုတာကိုလည်း ကျနော်တို့ မြင်သာထင်ရှား ရှိခဲ့ပါပြီ။ တိုင်းပြည်နဲ့ပြည်သူလူထုဘယ်အခြေအနေ ဆိုက်ခဲ့ပြီဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း တွေ့ခဲ့ကြပါပြီ။

ခု တခါ ၂၀၁၀ ခုနှစ်အရေခွံလဲ အစိုးရ ရဲ့အပြော၊ အပြနဲ့ အ လုပ်တွေကိုလည်းအတော် များများ တွေ့မြင်ခဲ့ကြပါပြီ။ ဘာတွေများ သစ်တဲ့ပြောင်းလဲသွားတဲ့ အချက်တွေ ရှိနေပါပြီလဲ။ တိုက်ပုံအင်္ကျီ၊ ခေါင်းပေါင်း၊ ကြိုးကြီးချိတ်လုံချည်တွေပဲ အသစ်တွေ့ရပြီး လူတွေရော မူတွေရော လုပ်ရပ်တွေရောက တော့ အရင်စစ်အစိုးရ အဆက်ဆက် လုပ်ကိုင်ဆောာင်ရွက်ခဲ့တဲ့အဟောင်းတွေချည်းပဲဆိုတာ တွေ့မြင်နေရတာပါပဲ။ ပြည်သူလူထုတွေ လူ့အခွင့်အရေးအကြီးအကျယ် အချိုးဖောက်ခံနေရဆဲ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ချွတ်ခြုံကျနေ ဆဲ။ ဆင်းရဲတွင်းနက်နေဆဲ။ ဖိနှပ်ညှဉ်းပန်းခံနေရဆဲပဲဆိုတာ သာမန်အသိတရားရှိတဲ့သူတွေတောင် သိနိုင်လောက် အောင် ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။

ကျနော်တို့ ပြည်သူလူထုကြီးလိုချင်တောင့်တနေတဲ့လူ့အခွင့်အရေး၊ဒီမိုကရေစီရေးပြည့်ဝငြိမ်းချမ်းတဲ့ ပြည်ထောင်စု တခုကိုတကယ်တန်းတည်ဆောာက်ပေးဖို့လိုလားတဲ့၊တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်စေတနာ၊ မေတ္တာတကယ်ထား တဲ့ အစိုးရတရပ် ဟုတ်မဟုတ်ဆိုတာ ရှင်းနေပါတယ်။ ကျနော်တို့ကအပြောအပြတွေမှာတင်၊ ဟန်ပြလှည့်စားလိုက် လျှောမှုမှာတင် ဟုတ်နိုးဟုတ်နိုးနဲ့ မျှော်လင့်နေမယ်ဆိုရင် ကျနော်တို့တိုင်းပြည် ဒီထက်ဆိုးဝါးတဲ့ အခြေအနေအတွင်း ကျရောက်ပြီး ပျက်သုန်းဖို့ပဲရှိပါတော့တယ်။ 

ခုပဲ မြောက်ဖျားကနေ တောင်ဖျားအထိ ပြည်တွင်းစစ်မီးက တဟုန်းဟုန်း ပြန်တောက်လောင်နေပါပြီ။ အရေခွံလဲ အစိုးရကတော့ သူသုံးနေကျ လိမ်လည်လှည့်စားနည်းတွေ အတိုင်းပဲ အခြောက်၊ အချော့၊ အကြမ်း၊ အနု နည်းလမ်းပေါင်းစုံ၊ သွေးခွဲနည်းပေါင်းစုံနဲ့သူတို့စစ်အစိုးရအာဏာထာဝရတည်မြဲရေးအတွက် စနစ် တကျ လုပ်ဆောင်နေတာ တွေ့ရပါတယ်။
ကျနော်တို့ တိုင်းပြည်ကို စစ်အာဏာရှင်စနစ် ကို ဖယ်ရှားပြီးတကယ် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်နိုင်ဖို့ ဘယ်သူ့ကိုမှ အားကိုယ်းလို့မရပါဘူး။ ကျနော်တို့ ကိုယ့်အားကိုယ်ကိုးကြရမှာပါ။

အလွန် ရက်စက်ကြမ်းတမ်းသလောက် ဥာဏ်များ ကောက်ကျစ်စဉ်းလဲတဲ့ အစိုးရ၊လက်နက်အားကိုးအစိုးရမျိုးကိုကျနော်တို့ဖယ်ရှားဖြုတ်ချ နိုင်ဖို့ကျနော်တို့အတိုက်အခံဒီမိုကရေစီအင်အားစုတွေအနေနဲ့ တော်လှန်တိုးတက်တဲ့ အတွေးအခေါ်သဘောတရားရှိဖို့လိုသလို၊လက် တွေ့ကျတဲ့မဟာဗျူဟာတရပ်ကိုတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ အပါအ၀င်ဒီမိုကရေစီအင်အားစုတခုလုံးကတညီတညွတ်တည်းအမြန်ဆုံးချမှတ်နိုင်ကြဖို့ အရေးကြီးပါတယ်။ တူတာတွေ တွဲလုပ်ဖို့ဆိုတာ မိတ်ဖက်ချင်းတွဲလုပ်ရမှာ ပါ။ 

လူတစုအကျိုးစီးပွားနဲ့ အာဏာတည်မြဲရေးအတွက်ပဲ ဦးတည်ထားတဲ့ စစ်အုပ်စုနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တရပ် ထူထောာင်ဖို့ ကြိုးစားနေကြသူတွေနဲ့က စကတည်းက လိုချင်တဲ့ အကျိုး စီးပွားစီးဆင်းမှု ပုံစံချင်း၊ အနှစ်သာရချင်း မတူကြပါဘူး။ အဲဒီမတူညီမှုဟာ မိတ်ဖက်သဘော မဟုတ်ဘဲ ရန်ဖက်သဘော ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ တိုင်းပြည်မှာ ဖြစ်ခဲ့တဲ့ ဖြစ်နေဆဲဖြစ်တဲ့ ကာလရှည်ကြာပဋိပက္ခကြီးကို မှန်မှန်ကန်ကန် သုံးသပ်အကဲဖြတ်သင့်ပါတယ်။ စစ်အစိုးရနဲ့ ကျနော်တို့ကြားမှာ တူညီတာမရှိပါဘူး။ စေတနာဟာ ကံဖြစ်ပါတယ်။
ကျနော်တို့က တိုင်းရင်းသားလူမျိုးစုအားလုံး အပါအ၀င် မြန်မာတနိုင်ငံလုံးကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးမှာ တန်းတူညီမျှဖြစ်ဖို့၊ တရားမျှတမှုရှိဖို့ ပြည်သူလူထုအကျိုးစီးပွားအတွက် ပြည်သူလူထုဆန္ဒအတိုင်း ရေးဆွဲထားတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ တခုအောက်မှာ တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ဖို့ယုံကြည် ကြိုးစား နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုကြီးတရပ်လုံးရဲ့ လိုလားတောာင့်တမှုဟာလည်း ဒါပါပဲ။ အရေခွံလဲ စစ်အစိုးရကတော့ စစ်တပ်ဦးဆောင်အုပ်ချုပ်ပြီး စစ်အုပ်စုနဲ့ ဆွေမျိုးသားချင်းတွေ၊ အလိုတော်ရိတွေ လက်ဝါးကြီးအုပ် ထားတဲ့ စီးပွားရေးစနစ်နဲ့ ဗျူရိုကရေစီအုပ်ချုပ်ရေး ဖြစ်ပါတယ်။ တိုင်းပြည်တွင်းက ပြည်သူလူထုကို သူတို့ကို အလုပ်အ ကြွေးပြုဖို့ အရင်မဆလ အစိုးရခေါ်ခဲ့သလို ကာယဥာဏ လုပ်သားကြီးများ၊ တောင်သူလယ်သမားဦးကြီးများ အဆင့်နဲ့ပဲ သူတို့ရဲ့လက်ပါးစေ ကျေးကျွန်တွေအဖြစ် ထားချင်တာပါ။

ခိုင်းတဲ့အတိုင်းလုပ်ရင်လုပ် မလုပ်ရင် ဖမ်းဆီးထောင်ချ၊ နှိပ် စက်ညှဉ်းပန်းဖို့ကလွဲရင် ဘာစေတနာမှမရှိခဲ့ပါဘူး။ ပြည်သူ့ထမင်းစား၊ ပြည်သူလူထုပိုင်သဘာဝ သယံဇာတ ပစ္စည်းတွေ ကို မတရားအပိုင်စီးသုံးစွဲနေသူတွေက ပြည်သူလူထုကို သူတို့ပဲ ထမင်းကျွေးထားသလို သူတို့ကပဲ ကျေးဇူးရှင်ဖြစ်နေ တော့သလို တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖလုပ်ခဲ့တာလည်း ဒီအစိုးရပါပဲ။ မပြောင်းလဲသေးပါဘူး။
အဲဒီလို စစ်အာဏာရှင်အစိုးရမျိုးကို ဖယ်ရှားရှင်းလင်းပစ်ဖို့ဆိုရင် ကျနော်တို့တွေ သူတို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုက်နာပြီး ပြုပြင်ပြောင်းလဲရေးတွေ လျှောက်လုပ်နေရုံနဲ့တော့မရနိုင်ဘူးဆိုတာသေချာပါတယ်။ကျနော်တို့ကအလုံးစုံပြောင်းလဲ ရေးအတွက် တော်လှန်ရေးနည်းကိုပဲ သုံးရပါလိမ့်မယ်။

ဒီကနေ့ အောင်ပွဲရလာတဲ့ မြေထဲပင်လယ်အာရပ်နိုင်ငံတွေရဲ့ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးတွေမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ကြသူတွေ၊ပါဝင်နေသူတွေဟာအာရပ်ပြည်သူလူထုတွေပဲ ဖြစ်ပါတယ်။ ကျေးဇူးသစ္စာကို စောင့်သိတဲ့ စစ်တပ်နဲ့ ပြည်သူလူထုပူးပေါင်းမှုဟာလည်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ တော်လှန်ရေးကိုပိုပြီးအချိန်တိုတိုနဲ့ အောင်ပွဲရသွားစေခဲ့ပါတယ်။ မကြာမတင်အတွင်းမှာလည်း နောက်ထပ်တိုင်းပြည်တချို့က ပြည်သူလူထုတွေ အောင်ပွဲရ လာအုံးမှာပါ။ ကျနော်တို့က စစ်အာဏာရှင်အစိုးရ ကို ပေါင်းစည်းလို့ရနိုင်သမျှ အင်အားစုတွေနဲ့ပေါင်းစည်းပြီး သုံးစွဲလို့ရ နိုင်သမျှ တော်လှန်ရေးနည်းနာတွေကို အချိန်အခါနဲ့အညီ သုံးစွဲနိုင်ကြဖို့သာ အရေးကြီးပါတယ်။
ဒီကနေ့မြေထဲပင်လယ်တ၀ိုက်ကစတင်ခဲ့တဲ့ ဒီမိုကရေစီဒီလှိုင်းကြီးဟာ ကမ္ဘာနဲ့အ၀ှမ်းတစထက်တစ အချင်းဝက်မျဉ်း ကျယ်ပြန့်လာနေပါပြီ။

တိုင်းပြည်အခြေအနေ၊ ချို့ယွင်းဖောက်ပြန်မှု မတူညီလို့ အစိုးရကို တောင်းဆိုချက်ခြင်း မတူညီကြ ပေမယ့်သူတို့တိုင်းပြည်ရဲ့အာဏာရအစိုးရကိုလမ်းပေါ်ထွက်ဆန္ဒပြတောင်းဆိုကြပုံခြင်းကတော့ တူပါတယ်။အာဏာရှင်အစိုးရ၊အုပ်စိုးသူအစိုးရတွေရဲ့ ဖြေရှင်းပုံချင်းကလည်းအစပိုင်းမှာမတူကွဲပြားမှုရှိပေမယ့် နောက်ဆုံး ဖြိုခွဲချေမှုန်းရေး လုပ်လာတဲ့ အချိန်မှာတော့ ဇာတိရုပ်ကို ပြလာခဲ့ကြတာ ပါပဲ။

တကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ်နဲ့ဒီမိုကရေစီအစိုးရဟာ ပြည်သူလူထုအများစုကြီးရဲ့ဆန္ဒကို လေးစားပြီး အကြမ်းမဖက်ဖြေရှင်းဖို့ ကြိုးစားကြရသလို၊ ကိုယ့်ရဲ့တာဝန်ရှိမှု တစုံတ စုံတရာကြောင့် ကိုယ့်ပြည်သူလူထု ထိခိုက်နစ်နာသွားပြီဆိုရင်လည်း အဲဒီအတွက် တာဝန်ယူပြီးတာဝန်က နှုတ်ထွက်ပေး ကြရပါတယ်။ မကြာခင်ကမှ တာဝန်ရှိမှုကို အေးအေးဆေးဆေးလက်ခံပြီး တာဝန်က နှုတ်ထွက်ပေးလိုက်တဲ့ ဂျပန်ဝန်ကြီး ချုပ် နာအိုတိုကန် (Naoto Kan) ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီ အစိုးရတရပ်ရဲ့ နမူနာကောင်းတခု ဖြစ်ပါတယ်။

ကျနော်တို့တိုင်းပြည်က အရေခွံလဲစစ်အစိုးရကတော့ အသွင်သဏ္ဌာန်အရ အရပ်သားဖြစ်သယောင် ပြထားတဲ့ အနှစ်သာ ရအရ စစ်အစိုးရပါ။ အဲဒီလို အစိုးရမျိုးကိုတော့ ကျနော်တို့ ပြည်သူလူထုကြီးတရပ်လုံးက တညီတညွတ်တည်း ဆွဲချမှ ဆင်းမယ့် အစိုးရ ဖြစ်ပါတယ်။ ကျနော်တို့ အစွမ်းကုန်ကြိုးစားကြရမှာဖြစ်သလို အားမာန်မလျှော့ပဲ အောင်ပွဲကို ယုံကြည် ထားကြရပါလိမ့်မယ်။
စိုးနေလင်း (နေ့ သစ်မှယူပါတယ်)

No comments: