မြန်မာနိုင်ငံရဲ့စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း "စစ်ကြောရေး"(၂)

by Ye Min Tun on Thursday, December 22, 2011 at 1:52am
စစ်အစိုးရ၏ စစ်ကြောရေးစခန်းများတွင် လူမဆန်စွာ ရိုက်နှက်ညှင်းပန်း နှိပ်စက်မှုကြောင့်
ကျဆုံးခဲ့ကြရသော ကျောင်းသား လူငယ်များ ရဟန်းရှင်လူ ပြည်သူများ အတွက်
ဒီဖြစ်ရပ်မှန်ဆောင်းပါးကို ကျနော်ရေးပါသည်။

သားပျောက် မိခင် ဖခင် သမီးပျောက် မိခင် ဖခင် တို့အတွက် ကျနော်ရေးပါသည်။
အဖေ အမေ ပျောက်နေတဲ့ သားငယ်တွေ၊ အဖေ အမေ ပျောက်နေတဲ့ သမီးငယ်တွေ အတွက်ကျနော်ရေးပါသည်။ 
သူရဲကောင်းဝိညာဉ်တွေ အတွက် ကျနော်ရေးပါသည်။
အကြမ်းဖက်ဝါဒ ကျဆုံးပါစေ။ နို်င်ငံရေးအကျဉ်းသားများ လွတ်မြောက်ပါစေ။

ကားကအတော်လေး ကြာအောင် မောင်းလိုက်တယ်တယ်။ ကားရပ်သွားတာနှင့် ကျနော်ကို ဆွဲချလိုက်တော့ မြေပြင်ပေါ်ကို လှပ်ကနဲ အသဲအေးအောင် ပြုတ်ကျတယ်။ ကျနော်ပြုတ်ကျ တာကို သူတို့ ၀ိုင်းရယ်ကြတယ်။ ကျနော့်မှာတော့ ခေါင်းစွပ် စွပ်ထားခြင်း ခံထားရတုန်းမို့ သူတို့ကိုမမြင်ရဘူး ။ ကျနော် ဘယ်ကို ရောက်နေပြီလဲလို့ တွေးနေတုန်း။

"ဟုတ်ကဲ့ ကျနော်များ သ.န.က(၄) မိသားစုဝင်များ ခင်ဗျား ပရိတ်အိုးများ အမြန်ဆုံး ယူလာကြပါလို့ ဟုတ်လား" လို့ အသံချဲ့စက်ကနေ နိုးဆော်သံကို တခုကို ကြားလိုက်ရပါတယ်။ ထိုအသံနဲ့ မရှေးမနှောင်းမှာပဲ
  "ဘယ် ငါ×ိုးမသားလဲကွ ဖြုတ်ပစ်စမ်း စပီကာတွေ အခုရပ်" လို့ကျနော်ကို ဖမ်းလာတဲ့ ကားထဲက ထင်ရတဲ့ တယောက်က အမိန့်ပေးသံနှင့် အတူ ဟေ့ ဟေ့ ဆိုပြီး လှမ်းအော်တဲ့ အသံတွေ ဆဲသံတွေနှင့် လော်စပီကာသံ ချက်ချင်းရပ်သွား ပါတော့သည်။ တယောက်က မဆီမဆိုင် ကျနော့ကို "အောင်မာ မအေ×ိုးလေးက နားစွင့်နေတယ် ဟုတ်လား" မြေပြင်ပေါ်လဲနေတဲ့ ကျနော့ကို ပိတ်ကန်ပါတယ်။ ဒီအဖြစ်ပျက်က ခဏလေးအတွင်းမှာ မြန်ဆန်စွာ ဆက်တိုက်ဖြစ်သွား တာပါ။

ချက်ချင်းပဲ ကျနော်ကို ထဆိုပြီး တဖက် တချက်စီကနေ ဆွဲမပြီး ဘယ်ကွေ့ ညာကွေ့၊ ငုံစမ်း ငုံထား ခေါင်းငုံပြီးလျှောက်၊  ခါးကိုင်း လျှောက်၊  ကျော်စမ်း ကျော်လိုက် စသဖြင့် အော်ဟစ် ငေါက်ငမ်းပြီး တွန်းဆွဲ ဆွဲခေါ်လာခဲ့ပါတယ်။  တခါခါ သစ်သားပြား ပေါ်မှာလည်း လျှောက်ခိုင်းပါတယ်။ ဒါတွေက သူတို့ စစ်ကြောရေး စခန်းကို ကျနော် မမှတ်မိအောင် သက်သက်လုပ်နေတာတွေမှန်း ကျနော်သိနေပါတယ် (ရုပ်ရှင်တွေမှာ ကြည့်ဖူးတာနေတာပဲလေ)။

ပြီးတော့မှ အဆောက်ဦး တခုထဲကို ၀င်ပြီး အခန်းတခန်းထဲမှာ မတ်တပ်ရပ်ခိုင်းထားတယ်။ ကျနော်ရှေ့မှာ စားပွဲခုံ ရှိပုံရတယ်။ လူနှစ်ယောက် သုံးယောက်လောက်က ခုံရွှေ့တာတွေ စာရွက်တွေ စာအုပ်တွေ လှန်နေတဲ့ အသံတွေကြားနေရတယ်။ အတော်ကြာလာတော့ ကျနော့် ခန္ဓာကိုယ်လည်း ယိမ်းထိုးလာတယ်။ မတ်တပ်ရပ်ခိုင်းထားတာ ကြာလာပြီ။ လက်ထိပ်နောက်ပြန်ကလည်း တင်းနေအောင် ခတ်ခံထားရတော့ အတော့်ကို နာနေပြီ။ ကျနော် ကြောက်စိတ် ၀င်နေတာကို ထိန်းတဲ့အနေနဲ့ ဘုရားဂုဏ်တော်ကိုးပါးကို စိတ်ထဲက ရွတ်ပါတယ်။ ဘယ်နှစ်ခေါက်မှန်းမသိအောင် ထပ်ခါတလဲလဲ ရွတ်နေရင်းနဲ့ပဲ ကြောက်စိတ်ကလည်း ၀င်နေတယ်။ တကိုယ်လုံးကလည်းနာ၊ အခန်းကလည်း အေးနေတော့ နဂိုကတည်း ဖျားနေတဲ့ ကျနော်က ချမ်းလို့ တုန်ပြီး ပါးစပ်က ဘုရားစားရွတ်သံက အမှတ်မထင် အသံထွက်သွားမိတယ်။

အဲဒီမှာပဲ  ဒုက္ခအကြီးကျယ် ရောက်တော့တာပါပဲ "အောင်မာ မအေ×ိုးကောင် မင်းက ငါတို့ကို ဘုရားစာရွတ်ရအောင်၊ ငါတို့က မကောင်းဆိုးဝါးလားကွ " ဆိုပြီး ကျနော့်ကို ထိုးကြ ကန်ကြပါတယ်။ ကျနော်လဲကျသွားရင် ပြန်ထခိုင်းပြီး သူတို့ပြောတဲ့ ဖက်ကို ရောက်အောင် မှန်းပြီး ပြန်လျှောက်ရတယ်။ သူတို့ အနားရောက်လာရင် ကန်ပစ်လိုက်တယ်။ နှစ်ခါလောက် လုပ်ခံရတော့ ကျနော်လည်း မထတော့ဘဲ  ဟန်ဆောင် လှဲနေလိုက်တယ်။ အဲဒီမှာတင်ပဲ လဲနေတဲ့ ကျနော့်ကို ဝိုင်းပြီး ဖွဲအိတ်တအိတ်ကို ကန်သလိုမျိုး အသားကုန် ကန်ကြ နင်းကြပြီး ပြန်ထခိုင်းလို့  ပြန်ထရတယ်။ သူတို့တွေက  သုံးယောက် လေးယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့က ကန်ထည့်လိုက်၊ ကျနော်က ပစ်လဲသွားလိုက်နဲ့ ဖြစ်နေပြီး နောက်ဆုံးကျနော် ဘယ်လိုမှ မတ်တပ်မရပ် နိုင်တော့တဲ့အဆုံးမှာ သူတို့က ကျနော့်ကို ဘောလုံးတလုံးလို သဘောထားပြီး ဘယ်သူကန်တာက ပိုပြီး ကျနော်ဟာ အဝေးကို လွင့်လဲလို့ ပြောဆိုပြီး တလှည့်စီကန်ပြီး ကစားကြပါတယ်။ တချက်မှာတော့ ကျနော်လေထဲ လွင့်သွားသလို ခံစားလိုက်ရပြီး ဘာဆိုဘာမှ မသိတော့ပါဘူး။

ကျနော့် မျက်နှာအေးခနဲ ဖြစ်သွားလို့ ကျနော် ပြန်သတိရလာတော့ မျက်နှာတခုလုံး ရေတွေ ရွှဲနေပါတယ်။ ခေါင်းစွပ်တော့ မ၇ှိတော့ပါဘူး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်လုံးက စူးကနဲဖြစ်ပြီးကျိန်းစပ်သွားပါတယ်။ ဘာမှလည်း မမြင်ရပါဘူး။ ချက်ချင်းပဲ မျက်လုံးကို အ၀တ်အပြားကြီး ပိတ်ချည်ခြင်း ခံလိုက်ရပါတယ်။ နှာခေါင်းနဲ့ ပါးစပ်ကိုတော့ ဖေါ်ထားတာ မိုလို့ ကျနော် အသက်ကောင်းကောင်း ရူလို့ရတယ်။ ကျနော်စိတ်ထဲ တော်သေးတာပေါ့လို့ ထင်နေတာ ဘယ်ဟုတ်ပါ့ မလဲ။ စစ်ဆေးတဲ့ အခါ ပြန်ဖြေဖို့ အတွက် ပါးစပ်ဖေါ်ထားတာပါ။

ကျနော့်ကို လက်ထိပ်ဖြုတ်လိုက်တဲ့ ခဏတာလေး လက်က သွေးတွေ သွေးကြောထဲမှာ  ဝေါခနဲဆို ဆောင့်ပြီး စီးဆင်းသွားလို့ လက်က ပူခနဲဖြစ်သွားပါတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး ခုံတလုံးပေါ်မှာ ဆွဲတင် ထိုင်ခိုင်းပြီး လက်ထိပ်နောက်ပြန် ခုံနဲ့ တွဲခတ် ထားလိုက်ပါတယ်။ ကျနော့်မှာ နေမကောင်းလို့ ကိုယ်တွေပူနေရတဲ့အထဲ စဖမ်းလာကတည်းက တချိန်လုံး လူမဆန်အောင် အနှိပ်စက်ခံထားရတော့   အာခေါင်တွေက အရမ်းခြောက်ကပ်လို့ နေပြီပါ။ လည်ချောင်းထဲကို မီးစာနဲ့ ထိုးသလို ပူနေပါတယ်။ ရေလေး နဲနဲလောက် သောက်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိတာနဲ့ အရဲစွန့်ပြီး.......
       " ကျနော် ရေနည်းနည်း လောက်သောက်ချင်ပါတယ် ရေတိုက်ပါ ခင်ဗျာ" လို့ပြောလိုက်တယ်။
"မရဘူး" လို့ လူနှစ်ယောက်လောက် ပြိုင်တူဖြေလိုက်တယ်။
ဆက်ပြောရင် ဒီ့ထက်ပိုဆိုးမှာကို ရိပ်မိနေပြီဖြစ်တဲ့အတွက် ကျနော် ဘာမှဆက်မပြောတော့ဘူး အာခေါင်တွေ က ခြောက်ပြီး တော်တော့် ကို ရေဆာလိုက်တာဗျာ။ ရေဆာတဲ့ ဒဏ် ဘယ်လောက်ဆိုးရွားတယ်ဆိုကို ကျနော် ကောင်းကောင်း ခံစားတတ်သွားတယ်။ နောက်မှ သိတယ် စစ်ကြောရေးရဲ့ နှိပ်စက်တဲ့ ဒုက္ခပေး နည်းတွေထဲမှာ ရေမတိုက်တာက တခုအပါဝင်တဲ့။

ကျနော့်ကို ဘာမှ ထူးထူးထွေထွေ မစစ်ဘူး။ အမည် ၊အဖေနာမည် ၊အမေနာမည် နဲ့ ကိုယ်ရေးအချက်လက်ပဲ မေးပါတယ်။ ပြီးသွားရင် နောက်တခါ အဲဒါပဲ ပြန်မေး အကြိမ်ကြိမ် လုပ်ပါတယ်။ နာရီပေါင်း များစွာကြာလာတော့ စိတ်ဝေဒနာရော၊ ရုပ် ဝေဒနာရော  တော်တော် ခံစားရတယ်။ ခေါင်းတွေက မူးနောက်ပြီး။ စိတ်တွေ ညစ်လာတယ်။ တယောက်လာလည်း ဒီမေးခွန်း၊ နောက်တယောက်လာလည်း ဒီမေးခွန်း၊  မေးခွန်းတခါ မေးပြီးရင် ကျနော်အနောက်က တံခါးဖွင့်သံ ပိတ်သံကြား ရသည်။ ခဏလေး အတွင်းမှာ  ပြန်ဖွင့်သံကြားတယ်။ ဒီမေးခွန်းပဲ အမည် အဖေနာမည် အမေနာမည် နှင့် ကိုယ်ရေး အချက်လက် ပြန်မေး ပြန်သည်။ ကျနော် လဲ မှန်ကန်စွာ ဖြေတဲ့ အတွက် ဒီအဖြေတခုပဲ ထပ်နေသည်။ ကျနော်တောင် စိတ်ဇဝေဇ၀ါ ဖြစ်လာတယ်၊ ငါကို သိပါတယ် ရဲမင်းထွန်း မှန်းသိပါရက်နဲ့ ဘာလို့ ဒါကြီးပဲမေးနေပါလိမ့် ဆိုပြီး စိတ်တွေထွေပြားလာတယ်။

ကြာတော့ ခေါင်းထဲချာချာလည်လာတယ်။  အာခေါင်က ရေဆာပြီး ဆူးခြောက်တွေ မြိုချထားသလို ခံစားနေရတယ်။သူတို့ မေးနေတဲ့ စကားသံကို ကြားတချက် မကြားတချက် ဝေးလိုက် နီးလိုက် ဖြစ်လာတယ်။ ကျနော် အရမ်းကို န်ပင်ပန်းနွမ်းနယ်ပြီး ခြေကုန်လက်ပန်း ကျနေပါပြီ။ တကိုယ်လုံးမှာ သက်စောင့် အင်အားတွေတောင် မရှိတော့သလို ခံစားရတယ်။ မေးခွန်းမေးတဲ့ အချိန်မှာတော့  ထူးဆန်းစွာ သူတို့ မရိုက်ကြဘူး ။ဒီတခုပဲ အကြိမ်ကြိမ်မေးနေတာ။ အချိန်တွေ ဘယ်လောက် ကြာသွားလည်း မသိဘူး။ နောက်ပိုင်း ရေဆာလွန်းတော့ အသံမထွက်တော့တဲ့ အခါကျတော့  ကျနော့နှုတ်ခမ်းပေါ်ကို ရေစက်ကလေးတွေ ချချပေးတယ် ။ ကျနော့်ကို ထိုင်ခုံမှာထိုင်ခိုင်းပြီး လက်ထိပ်သာ နောက်ပြန် ခတ်မထားရင် ကျနော် ပုံရက်သားသွားလဲလောက်ပြီ။ ဇက်ကတော့ ကျိုးကျနေပြီ။ နေ့လား ညလား လည်း မသိတော့ဘူး။ တချက်ကလေးမှလည်း မနားရဘူး။ မအိပ်ရဘူး ။ သူတို့တော့ လူလဲ ပြီး တချိန်လုံး ဒါပဲ မေးနေတယ်။

သည့်နောက်မှာတော့ သားသား(ခေါ်)ကိုမြတ်ထွန်းစိုး အော်တဲ့ အသံတချက်ချက်ကြားရတယ်။ ပြီးတော့ ကိုမိုးသူ(တာမွေ) အော်သံ။ နောက်ပြီး သားသား(ဌက်ပျောသီး)၊ သားသား(နတ်ချောင်း)၊ မရင်ရင်(လသာ) သူတို့အသံတွေ ကျနော်ကောင်းကောင်း မှတ်မိတဲ့ အသံတွေ ကြားနေရတယ်။ သူတို့ကိုရိုက်နှက်မေးမြန်းနေတာကို ကြားရတယ်။ သဲသဲကွဲကွဲတော့ မကြားရဘူး။ တော်တော်ကြာလာတော့ အကိုကြီးထွန်းထွန်းဦး(ခေါ်)မင်းပိန်ညောင် (ဗဟန်း မကသ တာဝန်ခံ)၊ ကိုကြီးဘိုဘို(ခေါ်) ကိုမိုးဇော်သိန်း (NLD-Youth လူထုလူတန်းစားရေးရာမှူး၊ ရန်ကုန်တိုင်း လူငယ်လုပ်ငန်းအဖွဲ့ဝင်၊ ၁၉၉၀ မှာ ဦးကြည်မောင် အောင်နိုင်ရေး တာဝန်ခံ လုပ်ခဲ့သူ) တို့ အသံတွေကိုပါ ကြားနေရတယ်။

ကျနော်အရမ်း စိုးရိမ်သွားတယ်။ မဆိုင်တဲ့လူတွေပါ ဖမ်းလာပါလား။ ကျနော် သူတို့ကို ဒုက္ခမရောက် စေချင်ဘူး။ သူတို့ဘာမှ မသိဘူး။ နောက်တော့ သားသား(ခေါ်)ကိုမြတ်ထွန်းစိုးရဲ့  အဖေနဲ့ အမေ အသံကိုပါကြားရတယ်။ ကျနော် တအား စိုးရိမ်နေပြီ။ ကျနော့ကို ချစ်ခင်တဲ့လူတွေ၊ ကူညီတဲ့လူတွေကို လိုက်ဖမ်းနေပုံရတယ်။
(နောက်မှပြန်သိရတာ အဲဒီအချိန်မှာ သူတို့ ကိုဘိုဘိုတို့ကို ဖမ်းလာတာက ကျနော့်ဖမ်းပြီး၊ နောက်တနေ့ညနေမှ ဖမ်းတာတဲ့။ ဒါဆို ကျနော်ကို အဆက်မပြတ် ကိုယ်ရေးရာဇ၀င်မေးတာ တနေ့နှင့် နှစ်ည ဆက်တိုက်မေးနေတာပေါ့။)

 ၃ရက်မြောက်လောက်( ကျနော် အပြင်ရောက်ပြီးမှ ရက်ပြန်တွက်ကြည့်တာပါ) နေ့မှာတော့ ကျနော့် ပါးစပ်ထဲကို သံပုရာသီးထည့်ပြီး အ၀က်နှင့်စည်းပါတယ် အသံလုံးဝမထွက်နှင့် မော့မကြည်နဲ့လို့ ပြောတယ်။မျက်လုံးကို စည်းထားတဲ့ အဝတ်ကို  ဖြေပေးပါတယ်။ ပြီးတော့ ကျနော့်ကို စာပွဲ တဖက်ကို ရွှေ့ထားတယ်။ အခန်း အလယ်မှာတော့  မီးစလောင်းပါတဲ့ မီးလုံးတလုံးကို  ရင်ညွှန်လောက် အမြင့်အထိ တွဲလောင်းချပြီး မီးထွန်းထားတယ်။ မီးရောင်က စားပွဲခုံအလည်ကို တည့်တည့် ထိုးတာကြောင့် လူတွေကို ခါးအောက်လောက်တော့ မြင်ရတယ်။ တဖက်မှာ ထိုင်ခုံအလွတ် မျက်နှာတွေကိုတော့ လုံးဝ မတွေ့ရဘူး။

ကျနော့ဘေးမှာ ရှိနေတဲ့တယောက်က ကျနော့် နံကြားကို လက်သီးနဲ့  တချက်ထိုး လိုက်ပါတယ်။။ နာလိုက်တာဗျာ။ ပါးစပ်ထဲက သံပရာသီး လည်ပင်းမှာ ဆို့မှာလဲ စိုးရိမ်တော့ ပါးစပ်ကိုကျုံထားရတယ်။
ပြီးတော့မှ သူက "နားထောင် မင်းကြည့်နေ အသံမထွက်နဲ့။  အသံထွက်ရင် ငါ မင်းနံရိုးတွေ ထိုးချိုး ပစ်မယ် ကြားလား။ မင်းသိတယ်နော် ငါ့လက်သီး ဘယ်လောက်ပြင်းလဲ " ကျနော် ခေါင်းငြိမ့်ပြလိုက်တယ်။
"ထပ်ထိုးပြရမလား" လို့ ခြိမ်းခြောက်တော့  ကျနော်ခေါင်းကို ရမ်းပြလိုက်တယ်။

ထိုစဉ်မှာပဲ လူတယောက်ကို တွဲခေါ်လာတယ်။ စားပွဲရဲ့ အခြားတထက်က  ခုံမှာနေရာချလိုက်တော့......
ဟာ..... ကျနော် အကြီးအကျယ်  တုန်လှုပ်သွားတယ်။
"အဖေ" .........ကျနော့်အဖေ ။
ကျနော်နဲ့ ပါတ်သက်ပြီး ဘာဆို ဘာမှမသိတဲ့ ကျနော့်အဖေ။
ကျနော်နဲ့ ကွဲနေတာ ၂နှစ်နီးပါးရှိနေပြီဖြစ်တဲ့ ကျနော့် အဖေ။
မျက်နှာကို အဝတ်နဲ့ စည်းခံထားရပြီး လက်ထိပ်လည်း နောက်ပြန်ခတ်ထားခံရတဲ့ ကျနော့် အဖေ။
 မြင်းခေါင်းတံဆိပ် စွပ်ကြယ် လက်ပြတ်လေးနဲ့   တုန်လှုပ်နေတဲ့ ကျနော့အဖေ။
ဟုတ်တယ်....ကျနော့် အဖေမှ အဖေ အစစ်ပါ။ ကျနော် ဘယ်လိုခြေအနေမျိုး ဖြစ်နေပါစေ။ အဖေ့ကို ကျနော် မှတ်မိတယ်။

ကျနော်အရမ်းကို ထိတ်လန့် တုန်လှုပ်သွားပြီး ဝမ်းနည်းလွန်းလို့ "အစ်ခနဲ" ဆိုတဲ့ ငိုရှိုက်သံ တချက် လည်ချောင်းတွင်းက တစ်ဆို့ပြီး အပြင်ကို ရုန်းထွက်သွားတယ်။  ဘေးကလူက ကျနော့ကို စောစောကထက် ပြင်းတဲ့ အရှိန်နဲ့ နံကြားကို ထပ်ထိုးလိုက်တယ်။ အောင့်ပြီး နာတာရယ် ၊ အဖေ့ အတွင် စိုးရိမ်ပြီး ပူဆွေးသောကရောက်ရတဲ့  ဝေဒနာဆိုးတွေကို  ကျနော် တပြိုင်တည်းခံစားနေရတယ်။ ကျနော် သိပ်ချစ်ပြီး အားကိုးတဲ့ အဖေ့ကို အခုလို ကျနော်  အဖမ်းခံရ၊ အနှိပ်စက်ခံရနေရလို့ စိတ်ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်ကျမှ ပြန်တွေ့လိုက်ရတာရယ်၊  ကျနော့်ကြောင့် အဖေပါ မဆီမဆိုင် အဖမ်းခံနေရပြီး အဖေ့ကို သူတို့ ဘာလုပ်ဦးမလဲ မတွေးရဲအောင် ဖြစ်နေတဲ့ ကျနော့်မှာ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ဘူး။ ဆောက်တည်ရာမရ ဖြစ်တယ် ဆိုတာ အဲဒါမျိုး ထင်ပါရဲ့။

အဖေ့ကို သူတို့ကမေးတယ် "ဟေ့လူ ခင်ဗျားနာမည် ဘယ်သူလဲ"
 "တင်ထွန်းဝေပါ"
"ဆရာတို့ ကျနော့်ကို ဘယ်ကိုခေါ်လာတာလဲ၊  ကျနော်မှာ ဘာအဖြစ်ရှိလို့လဲ၊ ဘာလုပ်ကြတာလဲ" လို့  အဖေက တုန်လှုပ်စွာ ပြန်မေးတော့ တယောက်က အဖေ့ပါးကို ဖြောင်းကနဲ လွှဲရိုက်လိုက်တယ်။
 ကျနော် ယောင်ရမ်းပြီး မျက်လုံးကို စုံမှိတ်ထား မိလိုက်တယ်။
  ပြီးတော့မှ အဖေ့ကို "မေးတာပဲ ဖြေကွ"တဲ့။

 ကျနော့်အသံ ၀ူးဝူး ဝါးဝါးနဲ့  မထိန်းနိုင် မသိမ်းနိုင် ထွက်သွားပြီး   ခန္ဓာကိုယ်ကလည်း လှုပ်လှုပ်ရွရွနဲ့ ရုန်းလိုက်မိတယ်။ ကျနော့်ကို ဘေးကကောင်က လည်ပင်းကို သိုင်းပြီး ညှစ်ချုပ် ချုပ်လိုက်တယ် ကျနော့် ဆံပင်ကို ဆွဲပြီး ကျနော်ခေါင်းကို အရှေ့ဘက် (အဖေ့ရှိရာ ဘက်ကို) မတည်ပြီးပြတယ်။
"ခင်ဗျားသား ဘယ်မှာလဲ" လို့   အဖေ့ကို ထပ်မေးတယ်၊။
အဖေက   "ကျနော်မသိပါဘူး။ ကျနော့်သားကို ကျနော်လည်း စိတ်ပူနေတာကြာပါပြီဗျာ။  တကယ်ပါ သားကိုမတွေ့တာ(၂)နှစ်ရှိပါပြီ" လိုပြန်ဖြေတော့ ပါးကို ဖြောင်းကနဲ ထပ်ပြီး လွဲရိုက်လိုက် ပြန်တယ်။ ကျနော်လည်း  ၀ူးဝူးဝါးဝါး ထပ်ဖြစ်ပြန်တယ်။ နောက်တယောက်ကပါ လာပြီး ကျနော်ကို ၀ိုင်းချုပ်တယ်။ ဆံပင်ကို ၀ိုင်းဆွဲထားပြီး ကျနော်နားကို ကပ်ပြောတယ်။ "မင်း တို့မေးတာတွေကို ကောင်းကောင်း ဖြေမလား မင်းအဖေကို ရိုက်သတ်လိုက်ရမလား" တဲ့ ။
ပထမမေးခွန်းအတွက် ခေါင်းငြိမ့်ပြီး ဒုတိယ မေးခွန်းအတွက် ခေါင်းခါပြလိုက်တယ်။
မျက်ရည်တွေကြားမှာ အဖေ ပုံရိပ်က ဝါးနေပြီ။

သူအချက်ပြလိုက်ပုံရတယ်။ အဖေကို ပြန်မပြီး ဆွဲထုတ်သွားတယ်။ အခန်းတံခါး ပြန်ပိတ်လိုက်တယ်။ ကျနော်ကို ပါးစပ် အ၀တ် ဆွဲဖြုတ်လိုက်တော့ သံပရာသီးက လွယ်လွယ်နှင့် ထုတ်မရဘူး ။ တစ်နေတယ်။ သံပရာသီးထုတ်လိုက်တော့မှ ကျနော် အသက်၀၀ပြန်ရူရတယ်။ ပါးစပ်နှင့် အသက်ရူရင်း
"ကျနော့အဖေကို မလုပ်ကြပါနဲ့ဗျာ ။သူတကယ်ဘာမှ မသိပါဘူး"
"ကျနော့် လုပ်တာ ကျနော်ခံပါ့မယ် ။ သူနှင့် ဘာမှမဆိုင်ပါဘူး" လို့ ကျနော် စိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ အလောတကြီး  မောကြီးပမ်းကြီး ပြောလိုက်တယ်။ သူတို့ ၀ါး ဆိုပြီး ၀ိုင်းရယ်(ရီ) ကြတယ်။
တယောက်က "ဆရာထူး လေးစားတယ်ဗျာ" လို့ လက်ခုပ်လက်ဝါးတီးပြီး ပြောလိုက်တယ်။
"ဟား ဟား ဟား" လို့ ဆရားထူး လို့ခေါ်ရတဲ့ လူထင်ပါရဲ့ ။ ရယ် (ရီ) လိုက်တာများ  အားရပါးရပါပဲဗျာ။  တယောက်က ရယ်မောရင်းနဲ့ ကျနော့်ကို နရင်းကျင်းလိုက်တယ်။
"မင်းက သံမဏိ စိတ်ဓါတ်ဆိုကွ အခုတော့ စောက်ဂျီင်္ပုန်းကောင်ကွာ။ အသဲငယ်လိုက်တာ ဟား ဟား" ဆိုပြီး တကယ့်ကိုပွဲကျနေအောင် သူတို့တွေ ရယ်ကြပါတယ်။တခန်းလုံး ဆူညံနေအောင် ရယ်ကြသည်။ ကျနော့စိတ်ထဲ သိမ်ငယ်သလို ခံစားရတယ်။ အကြမ်းမဖက်တဲ့ လမ်းကိုရွေးမိတာ ငါမှားလိုက်တာ တွေးပြီး၊ ကျနော်သူတို့ကို ထပြီး ၀ါးစားပစ် လိုက်ချင်တယ်။

ရယ်နေရာက ချက်ချင်းရပ်ပြီး တယောက်က ကျနော်ရှေ့က စားပွဲကို "ဗုန်း"ကနဲဆိုပြီး လက်ဝါးနှင့် ရိုက်လိုက်တယ်။ ရယ်အသံတွေလည်း တိတ်သွားတယ်။

"ဟေ့ကောင် ဒီမှာ မင်းကို ငါစစ်မယ် မင်းမှန်မှန် ကန်ကန်ဖြေ ကြားလား မင်းကော မင်းအဖေကော မသေချင်ရင် ဟုတ်ပြီလား"

"ငါပြောထားလိုက်မယ် ငါတို့ဆိုတာ နိုင်ငံတော်အတွက်ဆို နလုံးသားမရှိဘူး မင်းနှလုံးကိုတောင် အရှင်လပ်လပ် ခွဲထုက်ပြီး အရက်နှင့် မြည်းလိုက်မယ် ကြားလား"

"မင်းလူတွေ အားလုံး ငါတို့ လက်ထဲရောက်နေပြီ ။အကုန်ငါတို့ သိနေပြီ။ မင်းပါးစပ်ပြောတာကို နားထောင်ဖို့ပဲ ကျန်တယ်"

"အေး မင်းထက်မကတဲ့ မင်းတို့ ဆရာ့ဆရာကြီးတွေ ငါတို့လက်ပေါ်မှာ အသက်ကိုအတောင့်လိုက် ထွက်သွားတာ"

"မင်းလို နှံပြည်စုတ်လောက် ကောင်လေးလောက်တော့  စစ်ကြောရတာ ငါ့သိက္ခာကျတယ် ကြားလားဟေ့ကောင်"

"မင်းသေလို့ ငါတို့ လျှောက်လွှာစာရွက် တရွက်ပဲကုန်မယ် ဟေ့ကောင်"
"စောက်ဂရုစိုက် စရာမရှိဘူးကွ ကြားလား"

လို့ ခက်ခက်ထန်ထန် ပြောပြီး စာအုပ်ရှည်တအုပ်ကို ဖုန်းကနဲ စားပွဲပေါ်ရိုက်တင်လိုက်တယ်။  ချက်ချင်း သူ့အနောက်က မီးခလုတ် ဖွင့်သံနှင့်အတူ ဘယ်ညာ မီးနှစ်ခု လင်းလာတယ်။  မီးပွင့်တွေက ကျနော်နဲ့ မျက်နှာ ချင်းဆိုင်ဖြစ်လို့ ကျနော့် မျက်လုံးတွေ ကျိန်းစပ်ပြီး မီးအရှိန်ရဲ့ အပူဟပ်နေတယ်။

(ဆက်ရေးပါမည်)

ခင်မင်လေးစားလျှက်
ရဲမင်းထွန်း

အားလုံးသို့

ကျနော်ကြိုးစားပြီး အကုန်လုံးကို ပြန်စဉ်းစားရေးနေရလို့ နှေးတာကို နားလည်ပေးနိုင်ပါစေ။ ဒီအကြောင်းရာတွေကို ပြန်စဉ်းစားရတာ စိတ်ဖိစီး လွန်းပါသည်။ ဖြစ်နိုင်ရင် ရေးဖို့နေနေသာသာ တွေးတောင် မတွေးချင်ပါဘူး။ အနာဂတ် မျိုးဆက်သစ်တွေက ဒီစစ်အာဏာ စနစ်ဆိုးအကြောင်းကို သိရပြီး ဒီအကြမ်းဖက် စနစ်ဆိုးကြီး ချုပ်ငြိမ်းတဲ့ မြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေး အတွက် မျှဝေပေးပါသည်။

သတ်ပုံအမှားများ ပြင်ပြီးစာချောပေးတဲ့ မအေးနန္ဒာအောင် (လမ်းပြကြယ်-ဂျပန်) ကို ကျေးဇူးတင်ရှိပါသည်။ ပြန်လည်ဆုံဆည်း ရသော ကွဲကွာနေသည့် ရှစ်လေးလုံး အရေးတော်ပုံ အကိုအမများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အားပေးစကားများ၊ မှတ်ချက်များ၊ နှင့်တကွ ပြည်တွင်း ပြည်ပ မျိုးဆက်သစ်များ၏ အားပေးမှုများကို လေးလေးစားစား ကျေးဇူးတင်ရှိပါသည်။

 အပိုင်း တစ် ကို ဒီမှာဖတ်ပါ

No comments: