ထောင်တွင်း ကျန်းမာရေး နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ဝေဖန်

2011-12-23

အင်းစိန်ထောင်မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုသက်နွယ်ခေါ် ကိုငြိမ်းလူဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာလို့ ပြီးခဲ့တဲ့အပတ်က အင်းစိန်ပြည်သူ့ဆေးရုံ ကို တင်လိုက်ရပါတယ်။
prisoner-thet-nwe-200
အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုသက်နွယ် (ခေါ်) ကိုငြိမ်းလူ။
ကိုသက်နွယ်ဟာ နှိပ်စက် ညှဉ်းပန်းခံရတဲ့ ဒဏ်တွေကြောင့် အာရုံကြောတွေ ချွတ်ယွင်းပြီး စိတ်အာရုံ မစုစည်းနိုင်ဘဲ ဖြစ်နေ တာကို အရူးတိုက်ထဲမှာ ထည့် ထားခံရကြောင်း၊ လမ်းလည်း မလျှောက်နိုင်တော့ကြောင်း အမ ဖြစ်သူ ဒေါ်မာလာနွယ်က ပြောပြပါတယ်။

“သူ့အဆုတ်ထဲကနေ ရေ ဖောက်ထုတ်တာ ပထမအကြိမ် ဖောက်တာက ရေသန့်ဗူးနဲ့ နှစ်ဗူးခွဲ ရပါတယ်။ နောက်တကြိမ် ဗုဒ္ဓဟူးနေ့ ဖောက်တာ ရေသန့်ဗူးနဲ့ နှစ်ဗူး ထပ်ရပါတယ်။ နောက် တပတ်အကြာမှာ လုံးဝ မသက်သာဘဲနဲ့ ထောင်ထဲကို ပြန်သွင်းသွားပါတယ်။ ထောင်ထဲမှာ တရက်နေပြီးတော့ သတိလစ် မေ့မြောတဲ့အတွက် အခုဆေးရုံကို ပြန်ရောက်နေပါတယ်။ လမ်းလည်း မလျှောက်နိုင်ဘူး၊ နောက်ပြီး မျက်လုံးတွေကလည်း ကြောင်တောင်တောင်နဲ့၊ သွားတဲ့ အမကိုတောင် သတိ မရတချက်၊ ရတချက် ဖြစ်နေပါတယ်။ တခုစိတ်မကောင်းတာက ကြာသပတေးနေ့က ‘ရောင်း’ လှည့်တဲ့ ဆရာဝန်က… ထောင်ဆေးရုံကို ပိတ်ထားရင် ကောင်းမယ် တဲ့၊ ထောင်ထဲကလူတွေ လာတက်တဲ့ အတွက် ငါတို့ ပိုက်ဆံတပြားမှ မရဘူးဆိုတဲ့ စကားကို အကျဉ်းသား အားလုံးကို ပြောသွားပါတယ်”

၂ဝဝ၂ ခု ဒီဇင်ဘာလ ၁ဝ ရက်က နေအိမ်ကို ထောက်လှမ်းရေးတွေ ဝင်ရောက် ရှာဖွေရာမှာ သက်သေခံပစ္စည်း တစ်စုံတစ်ရာ မတွေ့ရဘဲ လက်နက်ဝှက်ထားမှုနဲ့ ကိုသက်နွယ်ကို ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့တယ်လို့ ဒေါ်မာလာနွယ်က ဆိုပါတယ်။

No comments: