နိုင်ငံရေးဆက်လုပ်မည့် အကျဉ်းသားကို လွှတ်ပေးမည်
Published on December 12, 2011 by မင်းလွင်ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို  လွှတ်ပေးဖို့ နီးလာပြီလို့ ပြီးခဲ့တဲ့အပတ်က ပြောသွားပါတယ်။

ဦးရွှေမန်း
ဒါဟာ  အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နိုင်ငံရေး အကျဉ်းသားကို လွှတ်ပေးတာ  ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို ဆောင်ရွက်နေတဲ့  ကိုတိုးကျော်လှိုင်က ပြောပါတယ်။
“ဒီမိုကရေစီနိုင်ငံ  တည်ထောင်ရေးမှာ အားလုံး အင်အားစုအသီးသီး လက်တွဲပါဝင်ဖို့ လိုတယ်ဆိုတဲ့  ပုံသဏ္ဌာန်မျိုးလည်း တရားဝင်နေတာ ရှိတဲ့အခါကျတော့ ဒီမိုကရေစီနိုင်ငံ  ဖော်ဆောင်ရေးမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ သူတို့ယုံကြည်တဲ့  လူတွေဆိုရင်တော့ လွှတ်ပေးမယ်ဆိုတဲ့သဘော ကျနော် ခန့်မှန်းလို့ ရတယ်။”
တဆက်တည်းမှာ  လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကနေပြီးတော့ လွှတ်ပေးစေချင်တဲ့  အကျဉ်းသားစာရင်းကိုပေးဖို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ကိုတိုးကျော်လှိုင်က  အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့  နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစုနေတဲ့ အင်အားစုတွေ အနေနဲ့ကျတော့  ဒီစာရင်းကတော့ နည်းနည်း တွန်းလုပ်ဖို့ လိုနေပြီ။ ဒီစာရင်းကို  အစိုးရလက်ထဲကို ထည့်လို့ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း  ပေါ်လာသလို တဖက်ကလည်း စာရင်းပေးလေ ကျနော်တို့ လွှတ်ပေးပါ့မယ် ဆိုတာက  စာရင်းပေးတဲ့ နောက်မှာ တာဝန်ယူမှု၊ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့  ခင်ဗျားတာဝန်ယူမလား မည်သူမည်ဝါပေါ့ တာဝန်ခံမလားဆိုတဲ့ တာဝန်ယူမှု  အပိုင်းမျိုးတွေလည်း ညှိနှိုင်းတဲ့ထဲမှာ ပါကောင်းပါနိုင်ပါတယ်။ ဒါဆို  ငါ့တို့ စာရင်းမြန်မြန်လုပ်မယ်၊ စားရင်းမြန်မြန်လုပ်ပြီးရင် သက်ဆိုင်ရာကို  ရောက်အောင် ဒီစာရင်းကို ပို့ပေးလိုက်မယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့  ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကျတော့ အကုန်လုံးကို  အကုန်လုံးလွှတ်ပေးပါလို့ အန်တီက ပြောမှာပဲလေ။ နိုင်ငံရေးအကျဉ်းသားအကုန်လုံး  လွှတ်ပေးပါ။ ဒီအကုန်လုံးကို ဒေါ်စုတာဝန်ယူသလားဆိုတဲ့ မေးခွန်းမျိုး  ဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့။”
အခုလို  နိုင်ငံရေးလုပ်မယ်လူကို ဦးစားပေးလွှတ်တာဟာ အံ့ဩစရာပဲလို့  အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က  ပြောပါတယ်။
“ကျနော်တို့  ထောင်ထဲရှိတုန်းက အပြင်မှာ နိုင်ငံရေး လုပ်မလားလို့ မေးတယ်။ ကျနော်ဆိုရင်  ဒီမိုကရေစီရတဲ့အထိ နိုင်ငံရေးလုပ်မယ်လို့ ပြောမိလို့ ကျနော်  လုံးဝမလွှတ်ပေးဘဲ ၁၆ နှစ်တိတိ နေခဲ့ရတာပဲ အဲဒါမျိုးတွေ ရှိတယ်။ အခုလို  အစိုးရက နိုင်ငံရေးဆက်လုပ်မယ်ဆိုရင် နိုင်ငံရေးသမားလို စဉ်းစားမယ်  ဆိုတာကတော့ တိုင်းပြည်အတွက် ကောင်းတယ်လို့တောင် ကျနော် ပြောချင်တယ်။  နိုင်ငံရေးဆိုတာ အများစုအတွက် လုပ်တဲ့အလုပ်၊ အဲဒီလို အလုပ်မျိုး  လုပ်တဲ့လူမျိုးလို့ သဘောပေါက်သွားပြီဆိုရင်တော့ ဒါ တိုင်းပြည်အတွက်က  အလွန်ကောင်းတဲ့ စကားလို့ ပြောရမလို ဖြစ်နေတယ်။ သူက အဲဒီလိုပြောတယ်ဆိုတော့  ဒါ အံ့ဩစရာကြီးပဲ။ ဒါဆိုရင်တော့ တကယ်လည်း အားတက်စရာ ကောင်းတာပေါ့ဗျာ။  အဲဒီလို ပြောရမလို ဖြစ်နေတာပေါ့။”
ပြည်ထောင်စုအစိုးရရဲ့  ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ အဖွဲ့ဝင်အဖြစ် ပါဝင်သူ တဦးကတော့ လက်ရှိ  အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်ဆိုတာကို အတည်ပြု  ပြောကြားပါတယ်။
အကျဉ်းထောင်  အသီးသီးမှာ ယုံကြည်ချက်ကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၅၉၁  ဦး ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရပါတယ်။(DBV)
No comments:
Post a Comment