Published on December 15, 2011 by နေသွင်(DVB)
ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ် ရွှေညဝါဆရာတော်ကို ကျောင်းကနေ  ဖယ်ရှားပြီး ကျောင်းက သင်တန်းတွေကိုလည်း  ခွင့်မပြုတော့တဲ့အကြောင်း သံဃာမဟာနာယကအဖွဲ့က ညွန်ကြားထားပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာတော်အတွက် စိုးရိမ်တဲ့ တပည့်၊ ဒကာတွေက ဒီနေ့မနက်မှာ  ဆရာတော့်ကျောင်းမှာ စုရုံးခဲ့ကြပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးတင်ဦးကလည်း အဖွဲ့ချုပ် ကိုယ်စား  သွားရောက် ညှိနှိုင်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်းလည်း ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မှုရှိနေတဲ့အကြောင်း အကြောင်း ဦးတင်ဦးက ပြောပြပါတယ်။
ဒီသတင်းကို  မနေ့ညမှာ ကြားသိရပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုကော်မတီဝင်တွေ ဒီနေ့ မနက်က ဗဟိုကော်မတီအစည်းအဝေးမှာ  အရေးတကြီးဆွေးနွေးခဲ့တယ်လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
အစည်းအဝေး ကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး ပြဿနာကို  ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်သွားဖို့ နည်းလမ်းရှာခဲ့ဖို့  သူ့ကို တာဝန်ပေးလိုက်တဲ့ အကြောင်း ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“ကျနော်တို့  သွားပြီးတော့ လျှောက်ထားချင်တာကတော့ သံဃာ့မဟာနာယကအဖွဲ့  ဥက္ကဋ္ဌဖြစ်တဲ့ ဗန်းမော်ဆရာတော်ဘုရားကြီးကိုလည်း  လျှောက်ထားချင်တာပေါ့ဗျာ။ ဒါပေမယ့် ခက်တာက  သံဃာ့မဟာနာယကအဖွဲ့နဲ့ကလည်းပဲ ကျနော်တို့အဖို့က သိပ်ပြီးတော့  မနီးစပ်ဘူးခင်ဗျ။ တခါမှလည်း ကျနော်တို့က ဆက်စပ်မှုလည်း ဆက်သွယ်မှုလည်း  မရှိခဲ့တော့ ဒီလိုတော့ ရှိတာပေါ့နော်။ သို့သော်လည်းပဲ  ကျနော်တို့ကတော့ သပိတ်အိုင်ဆရာတော် ဘုရားနဲ့ကတော့ ဒကာမကြီး  ဒေါ်အောင်ဆန်းစုကြည်နဲ့ကတော့ အင်မတန်ကိုပဲ ဆရာဒကာလို ဖြစ်နေပြီဗျ။  အဒါကြောင့်မို့လို့ အဲဒီဟာကို ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးတယ်။  ဒီဥစ္စာကို အေးအေးချမ်းချမ်း ပြေပြေလည်လည် ဆောင်ရွက်နိုင်ဖြစ်အောင်  သပိတ်အိုင် ဆရာတော်ဘုရားကြီးကိုလည်း ချည်းကပ်ပြီးတော့ပေါ့နော်  လိုအပ်တာတွေ သူ့ဆီက ဩဝါဒတွေခံယူပြီးတော့ ဆောင်ရွက်နိုင်အောင်  လုပ်ဖို့ ကျနော် ဒီလိုတော့လည်း စိတ်ကူးထားတယ်ခင်ဗျ။”
ရွှေညဝါဆရာ တော်ကလည်း ဆရာရင်းဖြစ်တဲ့ သံဃာ့မဟာနယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်  ဘုရားကြီးကို တွေ့ဖို့ရှိတဲ့အကြောင်း၊ သူ့ကို  မိန့်ကြားခဲ့တယ်လို့ မနက်က ဆရာတော်ကို သွားဖူးခဲ့တဲ့ ဦးတင်ဦးက  ပြောပါတယ်။
တပည့်၊ ဒကာ၊ ဒကာမတွေ မပူကြဖို့ ဆရာတော်က တဆင့် မှာကြားခဲ့တဲ့အကြောင်းလည်း ဦးတင်ဦးက အခုလိုပြောပြပါတယ်။
“ဆရာ တော်ဘုရားကြီးက အေးအေးချမ်းချမ်း  ဆောင်ရွက်သွားမယ့်အကြောင်းပေါ့။ ပြောလိုက်လို့ရှိရင် အကုန်လုံး  ပြေလည်သွား နိုင်ပါတယ်တဲ့။ အဲဒီဟာကို ပြေလည်အောင် အားလုံးက  ညှိနှိုင်းဆောင်ရွက်ပြီးမှ လုပ်ဖို့ ကောင်းပါတယ်။ ဘယ်သူကမှ  ဆန္ဒစောပြီးတော့ လုပ်တဲ့ ကိစ္စမျိုး ဖြစ်လို့ရှိရင်  ကျောင်းမှာရှိတဲ့ သံဃာတော်အတွက်ကလည်းပဲ မကောင်းပါဘူးတဲ့။  နောက်ပြီးတော့ ကိုးကွယ်နေတဲ့ ဒကာ ဒကာမတွေအတွက်လည်း အဆင်မပြေရာ  ဖြစ်မယ်တဲ့ နောက်ပြီးတော့ ဆက်သွယ်လုပ်ကိုင်နေတဲ့ ကျနော်တို့  အဖွဲ့အစည်းများအနေနဲ့လည်းပဲ လုပ်ကိုင်နေတဲ့  တိုးတက်ကောင်းမွန်နေတာကိုလည်း အထစ်အငေါ့ဖြစ်မှာ စိုးတယ်ပေါ့ဗျာ။  အဲဒါကြောင့်မို့ အစစအရာရာ ပြည်လည်အောင်အတွက် ဆန္ဒမစောဘဲနဲ့  အေးအေးဆေးဆေး တိုင်တိုင်ပင်ပင်လုပ်ရင် ပြေလည်နိုင်ပါတယ်တဲ့  ကျနော့်ကိုလည်း မှာလိုက်ပါတယ်။ အပြင်မှာ ရှိနေတဲ့  ပြည်သူလူထုတွေကိုလည်းပဲ အေးအေးဆေးဆေးလေးနဲ့  ပြေလည်ရာပြေလည်ကြောင်း ဖြစ်မယ့်အကြောင်း၊ ကျနော်ကပဲ သူတို့ကို  ဒါကို စိတ်ထဲမှာ ဘာမှစိုးရိမ်ပူပန်ကြောင့်ကြခြင်း မရှိအောင် နေကြပါ၊  အေးအေးဆေးဆေးပြန်ကြပါ နေကြပါဆိုတာကိုလည်းပဲ  ပြောဆိုပေးခဲ့ပါဆိုလို့ ကျနော်က ပြည်သူလူထုကို  မှာကြားပေးခဲ့ပါတယ်။”
မနက်ကတော့  ကြည့်မြင်တိုင် ရွှေညဝါကျောင်းတိုက်ကို သံဃာ့မဟာနယက ဥက္ကဋ္ဌ  ဗန်းမော်ဆရာတော် ကြွရောက်လာမယ်လို့ သတင်းထွက်နေတဲ့အတွက်  ရဟန်းနှင့် လူနှစ်ရာဝန်းကျင် စုရုံးခဲ့ကြတယ်လို့ ၈၈  မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
“ကျနော့် အမြင်ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုတဲ့ အနေအထားနဲ့  နည်းနည်းလေး လွဲချော်နေသလိုပဲဗျ။ အခုအချိန်မှာ ဆန္ဒပြခွင့်  ဥပဒေတောင် ပြဋ္ဌာန်းပြီးပြီဗျာ။ ဒီလိုမျိုး ဩဝါဒစကား ချီးမြှင့်လို့  အရေးယူတယ် ဆိုတာကတော့ နည်းနည်းလေး တခုခုတော့ လွှဲနေသလိုပဲပေါ့။  အဲဒါကို ပြန်စဉ်းစားသင့်တယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်လည်း  ဒီလောက် ဖြစ်စရာ မလိုဘူးလို့ ကျနော်ထင်တယ်ပေါ့နော်။ အခုကတော့  အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ စောင့်ကြည့်နေတယ်။  ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်ပြီးတော့ လုပ်နေကြမယ် အဲဒီလိုပဲ  မြင်ပါတယ်ခင်ဗျ။”
ရွှေညဝါ  ဆရာတော်ကို သံဃာ့မဟာနာယကပို့လိုက်တဲ့ ညွန်ကြားစာမှာ တရားဟောခွင့်  ပိတ်ပင်ခံထားရတဲ့ ဆရာတော်ဟာ နိုဝင်ဘာလအတွင်းက မန္တလေးတိုင်း  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောတဲ့အတွက်  အရေးယူတာလို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မန္တလေးတိုင်း အဖွဲ့ချုပ်ကို မေးမြန်းတဲ့အခါမှာတော့ ဥက္ကဋ္ဌ ဦးသိန်းတန်က အခုလိုရှင်းပြပါတယ်။
“ဆရာတော်  ကျနော်တို့ဆီမှာ လာပြောတာကတော့ ဝါးပင်လေးတွေအကြောင်းကို  သူပြောသွားတယ်။ ဝါးပင်များဟာ လေယူရာ ယိမ်းပေမယ့်  ဘယ်လောက်ထိခိုင်မာတယ်ဆိုတဲ့အကြောင်း၊  စည်းလုံးညီညွတ်မှုရှိတဲ့အကြောင်း၊ နိုင်ငံရေး သိပ်မပါဘူးဗျ။  ပြောတဲ့ ဟောတဲ့အထဲမှာ ဘာတခုမှ ဘောင်လွတ်တာမပါဘူးဗျ။”
မနေ့ည နေပိုင်းက ဒီဗွီဘီက မေးမြန်းလျှောက်ထားတဲ့အချိန်မှာလည်း  ရွှေညဝါဆရာတော်က ငြိမ်းချမ်းရေးကို လိုလားတဲ့ သံဃာတပါးအနေနဲ့  ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းချင်တဲ့ ဆန္ဒရှိတယ်လို့  မိန့်ကြားခဲ့ပါတယ်။ 
No comments:
Post a Comment