မြေအောက်အပူရှိန် မြင့်တက်ပါက ရွှံ့မီးတောင် ပေါက်ကွဲမှု ထပ်မံဖြစ်နိုင်

ကျော်ခ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၄ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။        ။ မကြာသေးမီက ရွှံ့မီးတောင် ပေါက်ကွဲမှုတခုဖြစ်ခဲ့သော  ရခိုင်ပြည်နယ်တွင် မြေအောက် အပူရှိန်မြင့်တက်ခြင်းဖြစ်ပါက ရွှံ့မီးတောင်များ ထပ်မံပေါက်ကွဲမှုဖြစ်နိုင်ကြောင်း ဘူမိဗေဒပညာရှင် အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။

ရွှံ့မီးတောင် အဖြစ်ပေါက်ကွဲနိုင်သည့် မြေအောက်ရေပူပြတ်ရွေ့ကြောများ ရှိနေသော ကျောက်ဖြူမြို့နယ် အပါအဝင်ရမ်းဗြဲကျွန်းတို့တွင်ငလျင်လှုပ်ခတ်ခြင်း၊ မြေအောက်အပူချိန်များ မြင့်တတ်ခြင်းများ ဖြစ်လျှင် နောက်ထပ် ပေါက် ကွဲမှုများ ဖြစ်နိုင်ပြီး လူများပြောင်းရွှေ့နေထိုင်ရမည့် စိုးရိမ် ဖွယ်ရာများမရှိဟု သိရသည်။

“အဲဒီပြတ်ရွေ့ကြောတွေရှိတဲ့နေရာတွေမှာ လှုပ်ရှားမှုတွေရှိလာရင် အောက်က အက်ကွဲကြောင်းတွေအတိုင်း ရေတွေ က circulate ဖြစ်လာတယ်။ ဖြစ်တော့ အထက်ကို hot spring အနေနဲ့ ပျံပြီး ထပ်ထွက်လာနိုင်တာပေါ့။ မီးတောင်ကြီးတွေလို ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ လူတွေ ရွှေ့ပြောင်း ရလောက်အောင် အန္တရာယ် မပေးနိုင် ပါဘူး” ဟု ဦးစိုးသိန်း က ပြောသည်။

ကျောက်ဖြူမြို့နယ်သည် ရွှံ့မီးတောင်အဖြစ်ပေါက်ထွက်နိုင်သော မြေအောက်ရေပူ ပြတ်ရွှေ့ကြောများ အများဆုံး ရှိသည်။ မကွေးတိုင်း မင်းဘူးမြို့နယ်တွင်လည်း ရှိပြီး ထိုနေရာကိုတော့ နဂါးပွက်တောင်ဟု  လူသိများကြသည်။
ရေပူလိုင် ပြတ်ရွှေ့ကြောများသည့် နိုင်ငံတွင်းအခြား နေရာများတွင် ရေပူစမ်းများအဖြစ် တွေ့ရှိနိုင်သည် ဦးစိုးသိန်းကပြောသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ကျောက်ဖြူမြို့နှင့် ၃၂ မိုင်ကွာဝေးသည့် ဘောရာဘာရွာ၏ အနောက်ဘက် တမိုင်ခန့်ရှိ တောင်ကုန်းငယ်တခုပေါ်က ရွှံ့မီးတောင်တခု ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် ရွှံ့ချော်ရည်ပူများ အထက်ကို ၁၅ ပေခန့် မြင့်တက်ခဲ့ပြီး တွင်း၏ ဘေးဘက် မြေ ငါး ဧကကျော် ချော်ရည်များဖုံးလွမ်းသွားသည်။

ပေါက်ကွဲမှုကြောင့် ချော်ရည်များထွက်ရှိရာ တောင်ကုန်းအောက်ရှိ လယ်ကွင်းများအတွင်းသို့ စီးဝင်ပြီး စပါးခင်းများ ပျက်စီးမည်ကို လယ်သမားများက စိုးရိမ်းခဲ့ကြသော်လည်း ပေါက်ကွဲသည့်နေ့ ညနေပိုင်း၌ပင် ငြိမ်ကျသွားခဲ့သည်ဟုကျောက်ဖြူ ဒေသခံ ရခိုင်သားတို့က ပြောသည်။

“ပေါက်တာက တောင်ကုန်းပေါ်မှာ ဘောရာဘာရွာရဲ့ အနောက်ဘက်မှာပေါ့။ မနက်တခါ။ နေ့လည်တခါ ပျက်စီး တာတော့ မရှိပါဘူး။ ပေါက်တုန်းကတော့ မိုးပေါ်ထောင်ပန်းတာပဲ။ အဲတုန်းကတော့ လယ်တွေပို့မှာတော့ စိုးရိမ်
ကြတာပဲ။ နောက်ငြိမ် သွားတာပဲ။” ဟု ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

ယင်းရွှံ့မီးတောင်ပေါက်ကွဲမှုသည် သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရပြီး ၂၀၀၀ ခုနှစ်က တကြိမ်နှင့် ၁၉၉၀ တို့တွင် လည်း ပေါက်ခဲ့ဖူးကြောင်း ဒေသခံတို့အပြောအရ သိရသည်။ ပထမအကြိမ် ပေါက်ကွဲမှုတွင် အနီးရှိ စပါးခင်းများ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ရွှံ့မီးတောင်များ ပေါက်ကွဲရန်အတွက် ငလျင်လှုပ်ခတ်ခြင်းများကလည်း တွန်းအား ဖြစ်စေကြောင်းနှင့် ယခုအကြိမ်ပေါက်ကွဲမှုသည်  နိုဝင်ဘာ ၂၁ ရက်နေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ဟုမ္ပလင်းမြို့၏ အရှေ့မြောက်လက် ၃၂ ကီလိုမီတာ အကွာကို ဗဟိုပြု၍ ပြင်းအား ရစ်ချတ်တာ စကေး ၅.၉ လှုတ်ခတ်ခဲ့သော ငလျင်အရှိန်ကြောင့်လည်းပေါက်ကွဲရန် တွန်းအား ဖြစ်သွားခဲ့သည်ဟု ဦးစိုးသိန်း က ပြောသည်။

“အဲဒီ ငလျင်ရဲ့ လှုပ်အားက မြေထုက လှုပ်ရှားလိုက်တဲ့အခါမှာ ဒီဘက်မှာ နည်းနည်းလာထိတယ်။ ဒါကြောင့်
အောက်မှာရှိတဲ့ ပြတ်ရွေ့ကြောတွေထဲမှာရှိတဲ့ ရေပူတွေက အထက်ကို တက်ပြီး ပေါက်ထွက်တာပေါ့။” ဟု သူကပြောသည်။

ကျောက်ဖြူမြို့၏ အရှေ့ဘက် စိုင်ခြုံရွာတွင်၂၀၀၈ ခုနှစ် ဇန်နဝါရီလပိုင်းက ရွှံ့မီးတောင် ၂ခု ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးအမြင့်ပေ၂၅၀ နှင့်၃၀၀ထိပန်းထွက်ခဲ့သည့် ချော်ရည်ပူများကြောင့် ပေါက်ကွဲမှုအနီး ပေ ၂၀၀ခန့် ချော်ရည်များဖုံးလွှမ်းခဲ့ကြောင်း၂၀၀၈ခုနှစ်ဇန်နဝါရီလ၈ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် တွေ့ရသည်။

ယင်းစိုင်ခြုံ ရွာအနီးတွင်၂ဝဝ၆ ခုနှစ်တွင်လည်း ရွှံ့မီးတောင်ပေါက်ကွဲမှုရှိခဲ့သလို ၁၉၉၆ ခုနှစ်က ပေါက်ကွဲမှုတွင် လည်း လယ်မြေ ဧက ၄ဝ ကျော် ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရသည်။

No comments: