အပြင်မှာ နှင်းတွေ ကျနေဆဲပဲ အစ်ကို။ ညနေကတည်းက တဖွဲဖွဲကျနေတဲ့ နှင်းပွင့်လေးတွေက အခုထိ မရပ်သေးဘူး။ စာကြည့်စားပွဲလေးမှာထိုင်ရင်း ဘာစာကိုမှ ဖတ်လို့မရဖြစ်နေတဲ့ ညီမလေးရဲ့ အတွေးစဉ်လေးတွေကိုလဲ ရပ်လို့မရသေးဘူး။ အစ်ကို မှာထားခဲ့တဲ့အတိုင်းပဲ ညစဉ်တိုင်းမှာ စာတခုခုကို ကြိုးစားဖတ်ဖြစ်ပါတယ်အစ်ကိုရယ်။ ဒါပေမယ့် ဒီတညတော့ ညီမလေးကို ခွင့်လွှတ်ပေးပါနော်။ ဒီအချိန်တွေရောက်ရင် အစ်ကို့ကို ညီမလေး သိပ်သတိရမိတာပဲ။ အစ်ကို့ကို လွမ်းတဲ့စိတ်လေးတွေ လျော့ပါးစေဖို့ စာတွေ၊ အလုပ်တွေထဲမှာ ဘယ်လောက်ပဲ ဇွတ်နှစ်ထားပေမယ့် ညီမလေးရင်ထဲက အလွမ်းဓာတ်ခံလေးကတော့ ကျန်နေဆဲပဲ ထင်ပါရဲ့အစ်ကို။ ဒီနေ့၊ ဒီရက်တွေ၊ ဒီအချိန်တွေ၊ ဒီအခြေအနေလေးတွေ စုပေါင်းလိုက်တော့ ညီမလေးမျက်ဝန်းမှာ မျက်ရည်စလေးတွေ တွဲခိုလာရပြန်ပါပကော။
ဟိုးလွန်ခဲ့တဲ့ အတိတ်ကာလတခုဆီကို ညီမလေးအတွေးတွေ ရောက်သွားရပြန်ပြီ။ မှတ်မှတ်ရရ။ အဲဒီ ဒီဇင်ဘာမှာပေါ့။ အစ်ကို့ကို ညီမလေး ထားခဲ့ရတာ။ ခဏတာ ကျောခိုင်းထွက်ခဲ့ရတဲ့ ခရီးစဉ်လေးဟာ တဘ၀စာလို့သာ ကြိုသိခဲ့ရင်၊ ကြိုသိခဲ့ရင်-----------။
အဲဒီနေ့က နိုင်ငံခြား မသွားခင် တောင်ကြီးခဏပြန်လာပြီး ဖွားဖွားတို့နဲ့ အစ်ကို့ကို လာတွေ့တဲ့ ညီမလေးကို ဟဲဟိုးလေဆိပ်မှာ ပြန်ပို့ပေးပြီး နောက်မှာ စတီယာရင်ပေါ်ကို မျက်နှာအပ်နေတဲ့ အစ်ကို့ကို ဖွားဖွားက တော်တော်ခေါ်ယူရတယ်တဲ့။ “သား၊ မှီသေးတယ်။ သားတားပါလား“ လို့ သူ့မြေးလေးကို နိုင်ငံရပ်ခြား မထွက်စေချင်တဲ့ အဖွားက ပြောရှာတယ်တဲ့။ ဒါကို အစ်ကိုက ခေါင်းခါပြီး လေယာဉ်တက်သွားတဲ့အထိ ကား စက်မနှိုးပဲ စောင့်နေခဲ့တယ်တဲ့။ အစ်ကိုရယ်- အဲဒီနေ့နံနက်က ဘာလို့များ ညီမလေးရှေ့မှာ တက်တက်ကြွကြွနဲ့ နေပြနေခဲ့ရတာလဲ။ စာကြိုးစားဖို့ကိုပဲ ဘာလို့အထပ်ထပ် မှာနေခဲ့ရတာလဲ။ ဘ၀မှာ အခက်အခဲတွေတွေ့ရင် ရင်ဆိုင်နိုင်မယ့် ခွန်အားစကားလုံးတွေကိုပဲ ဘာလို့ ရွေးပြောနေခဲ့ရတာလဲ။
“ညီမလေး ဘွဲ့တခု မရရအောင် ယူပြရမယ်။ ဒီလို မတရားလုပ်နေတာ ခံရပေမယ့် ဘယ်လောက်ပဲပိတ်ပိတ် ရေလိုစီးနိုင်တယ်ဆိုတာ သက်သေပြရမယ်။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံနဲ့ပုံကို အစ်ကိုမြင်ချင်တယ်“ တဲ့။
အစ်ကို ပြောခဲ့တဲ့ စကား။ ဒီတုန်းက ညီမလေးရဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ မထင်မှတ်ပဲ ဖြစ်လာခဲ့တဲ့ အခက်အခဲတွေအတွက် အစ်ကို သိပ်ဒေါသဖြစ်ခဲ့တယ်နော်။
တကယ်တော့ ညီမလေးဟာ ပညာကို သိပ်မက်မော ခုံမင်တတ်သူတယောက်ဆိုတာ သူတို့တွေ ရိပ်မိခဲ့ကြပုံပါပဲ။ တက်နေတဲ့ ဆေးကျောင်းကို ကျောင်းပြီးအောင် တက်နိုင်ဖို့ကျတော့လဲ လုပ်သင့်တယ်ထင်လို့ လုပ်နေတာလေးတွေ၊ ဆက်စပ်နေမှုတွေကို ရပ်တန့်ပါမယ်လို့ ခံဝန်ချက် ထိုးရမယ်တဲ့။ ခံဝန်ချက် မထိုးနိုင်ဘူးဆိုတော့လဲ ဒါဆိုကျောင်းပြောင်းတဲ့။ ကျောင်းပြောင်းဖို့ လျှောက်လွှာတင်ရပြန်တယ်။ တကယ်ပြောင်းဖို့ လုပ်ပြန်တော့လဲ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန မတူလို့စောင့်တဲ့။ ဒါကို စောင့်နေရင်း ကျူရှင်သင် ဂိုက်လုပ်ပြန်တော့လဲ လူတွေစုနေတာလား။ ဘယ်သူတွေကို သင်နေတာလဲလို့ လာမေးကြပြန်တယ်။ ဒီကြားထဲ ဘာအကြောင်းမှ မရှိပဲ နံနက် (၇)နာရီကို တံခါးလာခေါက်ပြီး ဧည့်ခန်းထဲ လာထိုင်နေတတ်သေးတယ်။ နံနက် ရှစ်နာရီ၊ ကိုးနာရီမှ ပြန်ထွက်သွားပြန်ရော။ အဲဒီတုန်းက ညီမလေးတယောက်တည်း နေနေတာက မန္တလေးမင်္ဂလာဈေး အပေါ်ထပ်က ကွန်ဒိုတိုက်ခန်းမှာဆိုတော့ အိမ်နီးချင်း အခန်းတွေက အများကြီးရယ်။ ပတ်ဝန်းကျင်အမြင် မသင့်တော်အောင် နည်းမျိုးစုံနဲ့ တမင်လုပ်နေမှန်းသိရက်နဲ့ ငြိမ်ခံနေခဲ့ရတဲ့ဘ၀။ ဒီတုန်းက ညီမလေး စိတ်ညစ်လွန်းလို့ စာရေးပြောတိုင်း အစ်ကိုက အားတင်းထားဖို့ ပြောနေကျ။ နောက်ဆုံး သည်းမခံနိုင်တဲ့ တနေ့မှာ အိမ်တံခါးလာခေါက်တဲ့ အဲဒီလူတွေထဲက တယောက်ကို “ရှင်တို့ ဖမ်းချင်လဲ ဖမ်းကြ။ ထောင်ကျကျ၊ တန်းကျကျ ဂရုမစိုက်ဘူး။ ဒီလို pressure တွေ လာပေးမနေနဲ့။ ရှင်တို့မျက်နှာတွေသာ ဆက်မြင်နေရရင် ကျွန်မလူသတ်မိလိမ့်မယ်နော်“ လို့ ပြန်ပြောဖြစ်ခဲ့တဲ့အထိ။
နောက်ဆုံး ဘာမှန်း မသိတဲ့ မရေမရာ အခြေအနေကို ကျောခိုင်းပြီး နိုင်ငံခြားက စစ်တဲ့ စာမေးပွဲတွေ ၀င်ဖြေဖြစ်တော့လဲ အစ်ကိုက ညီမလေးကို အမြဲအားပေးနေခဲ့တယ်နော်။ နှစ်နှစ်ခွဲသင်ရိုး ဘာသာနှစ်ဆယ်ကို ကိုးလနဲ့ ပြီးအောင် ဖြေနိုင်ခဲ့တာ မခံချင်စိတ်တွေနဲ့အတူ အစ်ကို့ရဲ့ အားပေးစကားတွေကြောင့်ပါ။ ဒီလိုနဲ့ ယူကေ ဒီပလိုတွေ ရလာတော့ မေမေက အင်္ဂလန်သွားဖို့ စီမံပေးတဲ့အခါ အစ်ကိုကလဲ ၀မ်းသာအားရ ထောက်ခံခဲ့တယ်နော်။ အဲဒီအချိန်မှာ အစ်ကို့ရဲ့ စကားတခွန်းပါပဲ အစ်ကိုရယ်။ ညီမလေးဘက်က အစ်ကိုနဲ့ ပတ်သက်ရင် အရာရာကို စွန့်စားဖို့ အသင့်ရှိနေခဲ့တာပါ။ ဒါပေမယ့် အစ်ကိုက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တခုကို ပေးခဲ့တယ်။ ပညာရေးကို သိပ်တန်ဖိုးထားတဲ့ ညီမလေးကို ဘွဲ့လေး တခုပါ မရအောင် ပိတ်ပင်တားဆီး ကျားကွက်ရွှေ့နေတဲ့ လူတွေကို အင်္ဂလန်က ဘွဲ့တဘွဲ့ ယူလာပြလိုက်စမ်းပါ ညီမလေးရယ်တဲ့။
ဒီလိုနဲ့ ကျောင်းလျှောက်တော့ ညီမလေး ကျောင်းတကျောင်းကို ၀င်ခွင့်ရခဲ့တယ်တာ မှတ်မိနေတုန်းပဲ။ ဒီတုန်းကလေ၊ ကျောင်းကနေ ညီမလေးဆီကို ကျောင်းဝင်ခွင့်စာကို ဖက်စ်နဲ့ ပို့ပေးပြီး၊ စာရွက်နဲ့ စာကို ညီမလေးတို့ တောင်ကြီး လိပ်စာဆီ ပို့ပေးတော့ ဖွားဖွားတို့ဆီ အလည်ရောက်နေတဲ့ အစ်ကိုက “အရေးကြီးတယ်ဖွားဖွားရဲ့။ ကျွန်တော်သွားပို့မှရမှာ” ဆိုပြီး အ၀တ်တထည်၊ ကိုယ်တခုနဲ့ ရန်ကုန်ကားပေါ် တက်လိုက်လာခဲ့သေးတယ်နော်။ အစ်ကိုရယ်။ ဒီစာအိတ်ဟာ ညီမလေးတို့ သိထားခဲ့ကြတဲ့ တနှစ်ခွဲခွာခွင့် မဟုတ်ပဲ နှစ်ပေါင်းများစွာ ခွဲခွာခွင့် ဖြစ်လာမယ်ဆိုတာသာ ကြိုသိခဲ့ကြရင်------။
အဲဒီအခြေအနေတုန်းက ဖြစ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်တော့မယ်ဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို အစ်ကို ဘာလို့ယုံခဲ့ရတာလဲ။ ညီမလေးကိုကော ယုံဖို့ ဘာလို့ တိုက်တွန်းခဲ့ရတာလဲ။ စိတ်တထင့်ထင့်လေး ဖြစ်ပေမယ့် ညီမလေး မျက်စိမှိတ်ယုံခဲ့မိပါတယ်။ ဘယ်လောက်များ ယုံခဲ့သလဲဆိုရင် “ဒီမိုကရေစီရပြီးရင် အစ်ကိုက နိုင်ငံတော်တည်ဆောက်ရေး ကိစ္စတွေမှာ ဆက်လုပ်ပြီး ညီမလေးက မိသားစုတာဝန်တွေ ထမ်းမယ်“ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျောင်းတကျောင်းရဲ့ ကျောင်းခွဲ ထောင်ခွင့်ယူပြီး ညီမလေးတို့ တောင်ကြီးမှာ ဖွင့်ဖို့အထိတောင် စာချုပ်ချုပ်ဖြစ်ခဲ့တဲ့အထိပါပဲ။
ဒီမျှော်လင့်ချက်တွေ အားလုံးဟာ မင်းသားခေါင်းစွပ်ထားတဲ့ မျက်နှာဖုံးကွာကျသွားတဲ့ ဒီပဲယင်းကာလ အလွန်ရောက်တော့ အားလုံးသဲထဲရေသွန်။ ယုံကြည်မိသူတွေရဲ့ အသက်တွေ၊ ဘ၀တွေ၊ သွေးတွေ၊ မျက်ရည်စက်တွေနဲ့ အရာရာ ပြိုလဲကျခဲ့ပါပကောလား။
အစ်ကိုရယ်။ အစ်ကို ဘယ်ရောက်နေတာလဲ။ အစ်ကိုပျောက်နေတဲ့ ကာလတွေမှာ ညီမလေး ဘ၀အချိုးအကွေ့တွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်။ “ပျောက်သောသူ၊ ရှာရင်တွေ့“ ဆိုတဲ့ စကားပုံဟာ ညီမလေးတို့အတွက် ဘာလို့ မှားယွင်းနေရတာလဲ။ ကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ညီမလေးရဲ့ ရင်ခုန်သံကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အစ်ကို့မျက်ဝန်းလေးကို စတွေ့စ အချိန်တုန်းကလိုပဲ-------။ ညီမလေး လျှောက်နေတဲ့ ခြေလှမ်းတွေကလဲ အစ်ကိုလျှောက်ခဲ့တဲ့ လမ်းလေးပေါ်မှာပဲ------။ ညီမလေးရဲ့ စိတ်ဓာတ်တွေကလဲ အစ်ကို့စိတ်ဓာတ်တွေလိုပဲ။
တခုတော့ ရှိတာပေါ့အစ်ကိုရယ်။ ဘ၀တွေ၊ အသက်တွေ၊ နှလုံးသားတွေနဲ့ ရင်းလိုက်ရဖူးတဲ့ ရန်သူကို ယုံစားမှုလေးတွေတော့ ပိုပြီးလျော့ပါးသွားခဲ့ပြီ ဆိုရမလား။ ယုံကြည်မှုတည်ဆောက်မှု ဆိုတာကလဲ နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းမှုပေါ်မှာ အခြေခံမှ အောင်မြင်တဲ့အရာ ဆိုတာကိုတော့ ညီမလေး လက်ခံနားလည်နေတတ်ခဲ့ပြီ အစ်ကို။
အပြင်မှာ နှင်းတွေက ကျနေဆဲပဲ အစ်ကိုရယ်။ ညီမလေး မျက်ရည်စက်လေးတွေကလဲ ပါးပြင်ပေါ်မှာ စိုစွတ်နေဆဲပဲ။ အစ်ကို ဖတ်ခိုင်းခဲ့တဲ့ စာတွေကို နောက်ညတွေကျရင် ညီမလေး ဆက်ဖတ်မှာပါအစ်ကို။ ညီမလေးရဲ့ ဘွဲ့ဝတ်စုံလေးနဲ့ ဓာတ်ပုံကို အစ်ကို မြင်ချင်တယ်လို့ ဆိုခဲ့တယ်နော်။ ဒါပေမယ့် ပြရမယ့် အစ်ကိုက ဘယ်မှာလဲဟင်။ ဘွဲ့နှင်းသဘင်တွေဆီကို ညီမလေး ဘယ်လိုခွန်အားမျိုးတွေနဲ့ ခြေလှမ်းရမယ်မှန်း မသိလို့ ဘယ်ဘွဲ့နှင်းသဘင်မှ မတက်ခဲ့တဲ့ ညီမလေးကို သူငယ်ချင်းတွေက မေးကြတယ်။ နောက်ဆုံးပီအိတ်ခ်ျဒီကျမှ ဘွဲ့တက်ယူမယ်လို့ ဆုံးဖြတ်ထားလို့လားတဲ့။ အရာရာကို ရင်ဆိုင်ရဲခဲ့တဲ့ ညီမလေးဟာ ဒီဝတ်စုံဝတ်ပြီး အစ်ကို့ကို သတိရကြေကွဲရမယ့် အခြေအနေကို ရင်မဆိုင်ရဲလို့ပါ ဆိုတာသာ သူတို့တွေ သိကြရင်--------။
ခင်မမမျိုး
No comments:
Post a Comment