( ၂၄ နှစ်ပြည့် မတ်လ ၁၃ ရက်နေ့ အမှတ်တရကဗျာ )
တရားမျှတမှုနဲ့ အမှန်တရားအတွက်
စုံစမ်းစစ်ဆေးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေကို
၈၈ ရဲ့မတ်လမှာ အငြိုးအတေးတွေနဲ့ အမြဲတစေ ရန်လိုနေတဲ့
တပါတီအာဏာရှင်နေဝင်းရဲ့ လူမဆန်တဲ့ နှိမ်နင်းဖြိုခွင်းမှုကြောင့်
ကိုဘုန်းမော်နဲ့အတူ စက်မှုတက္ကသိုလ်ကျောင်းသားများ ကျဆုံးခဲ့ရပေမယ့်
အဲဒီကလာတဲ့ အားတွေနဲ့ပဲ
၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီပြည်သူ့အရေးတော်ပြုံ ကီးကို
အောင်အောင်မြင်မြင် ငါတို့တတွေ မွေးဖွါးသန့်စင်ပေးနိုင်ခဲ့တယ်။
သွေးလိမ်းပေကျံခဲ့တဲ့ လမ်းတံတားဖြူနဲ့
သွေးမြေကျခဲ့တဲ့ လမ်းမထက်ပေါ်
လူ့အခွင့်အရေးအသီးအပွင့်တွေ စိမ်းစိမ်းလန်းလန်း ပွင့်ဖူးလာဖို့
ငါတို့ရဲ့ချွေး ငါတို့ရဲ့သွေးတွေ ပေးဆပ်ရဦးမယ်။
လူ့အခွင့်အရေးတွေ ဆုံးရှူံးငတ်မွှတ်နေတဲ့ တို့ပြည်သူတွေ
ဒီမိုကရေစီဆိတ်သုန်းနေတဲ့ တို့ရဲ့တိုင်းပြည်အတွက်
လက်ချင်းခိုင်ခိုင်ဆက်ပြီး နေ့သစ်တွေဆီလျှောက်လှမ်းရမယ်။
ငါတို့တတွေ ဒီနေ့ ဒီရက် ၈၈ ရဲ့မတ်လ ၁၃ ရက်နေ့မှာ
ကိုဖုန်းမော်နဲ့အတူ ကျဆုံးသွားတဲ့သူရဲကောင်းများအား
အလေးအနက် ဦးညွှတ်ဂုဏ်ပြုရင်းနဲ့
ပြီးမဆုံးသေးတဲ့ သမိုင်းကပေးတဲ့ လက်ပုခုံးပြောင်းတာဝန်တွေကို
ဦးလည်မသုန်ထမ်းဆောင်ရင်းနဲ့
တို့ရဲ့ပြည်မြန်မာ လူ့အခွင့်အရေးထွန်းကားရေးတွက်
တို့ရဲ့နိုင်ငံ ဒီမိုကရေစီရရှိရေးအတွက်
ငါတို့ရဲ့ မလျှော့သော ဇွဲလုံးလဝိရိယတို့နဲ့
အနာဂတ်နေ့သစ်တွေဆီ ရဲရဲတောက်ခြေလှမ်းများဖြင့်
သစ္စာအဓိဌါန်ပြုကာ လျှောက်လှမ်းကြပါစို့။
( ကိုဗလိုင် )
စက်မှုတက္ကသိုလ်ကျောင်းသား အာဇာနည်သူရဲကောင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့
ကျဆုံးခဲ့သည့် မတ်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။
No comments:
Post a Comment