ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၀ိဝါဒကွဲကြသူတွေ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် သေချာတာတစ်ခုတော့ ပြောရန်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ မြန်မာ့ကျက်သရေဆောင် ဖြစ်သည်။ ဒီအချက်ကိုတော့ဖြင့် ငြင်းစရာ ရှိလိမ့်မည် မထင်ပါ။
ဒီ့အတွက် သက်သေပေါင်းများစွာ ရှိပါသည်။
အခုလတ်တလော အမြင်သာဆုံးအဖြစ် ဟီလာရီကလင်တန်လာသော အဖြစ်ကို မြင်ကြည့်မိသည်။ ဟီလာရီဆိုသည်က ကမ္ဘာလှည့် သြဇာပေးနေသော အမျိုးသမီးကြီးတစ်ဦး။ ထိုကဲ့သို့ ကျနော် အမြင်ရှိသည်။ တကယ်လဲ ထက်မြက်စူးရှသော မိန်းမတစ်ဦးပါပဲ။ အမေရိက၏ First Lady အဖြစ် ၈နှစ်ကြာစိုးစံခဲ့ရသည်။ နောက် သူမ၏ အိမ်နိမ့်စံဘ၀က သိပ်မကြာ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရောက်ရပြန်သေး၏။ သမ္မတဖြစ်ဖို့တောင် လက်တစ်ကမ်းအလိုလေး ရှိခဲ့တာပဲ။ ပြောလိုသည်မှာ ဒီလို အမျိုးသမီးကြီးတွင် မာန် အနည်းနဲ့အများတော့ ရှိလိမ့်မည်။ ဘယ်သူနဲ့ တွေ့တွေ့ သူမ၏ အဲဒီမာန်ကို မြင်နိုင်သည်ဟု ကျနော် ထင်ပါသည်။
ဒီလိုနှင့် သူမက ဒေါ်အောင်ဆန်းစုကြည်ဆီ လာတွေ့ခဲ့သည်။ ကမ္ဘာမှာလက်ရှိ အထက်မြက်ဆုံးများထဲတွင် အ၀င်အပါဖြစ်သော အမျိုးသမီးနှစ်ဦး တွေ့ဆုံပွဲ။
ကျနော့်ရင်ထဲကို ထိသွားသည်ကား သူတို့နှစ်ယောက်လုံး၏ ဟန်ပန်များကို ဖြစ်သည်။ တကယ့်ငယ်ပေါင်းကြီးဖော်တွေ တွေ့ကြသလို၊ ကွဲကွာနေသော မိတ်သင်္ဂဟများ ပြန်တွေ့ကြသလို လှိုက်လှိုက်လှဲလှဲ ရှိလွန်းလှပါသည်။ ဒီမှာတွင်ပင် ကျနော့်ခေါင်းထဲ စကားလုံးတစ်ခု ၀င်ရောက်လာခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ကျက်သရေဆောင်။
နိုင်ငံခြားရောက်သူတို့က ပြောကြသည်။ နိုင်ငံခြားတိုင်းပြည်တွေမှာ မိတ်ဆက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နာမည် ပြောပြမိတ်ဆက် ရတာမျိုး ရှိသည်တဲ့။ အိုဗားမား အာဆီယံစည်းဝေးပွဲလာတော့ ပြောလိုက်သည်မိန့်ခွန်းထဲမှ စကားများက ကျနော့်ရင်ကို ပိုထိရှသွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းပြောပြီးဖြစ်ကြောင်းနှင့် ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်မည့်အကြောင်းများ။ အိုဗားမားလို လူမျိုးကပင် အရေးတယူ မလုပ်၍ မရသော ပုဂ္ဂိုလ်ဆိုသည်မှာ ကမ္ဘာပေါ်တွင်ပင် ရှာမှ ရှားလှပါသည်။ ထိုကဲ့သို့သော လူမျိုးက ကျနော်တို့ နိုင်ငံမှာ ရှိနေ၏။ ကျနော်တို့ လူမျိုးဖြစ်နေ၏။ ကျနော်တို့လူမျိုးစစ်စစ် မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သူ ဖြစ်နေ၏။ ကျနော်တို့လူမျိုးတွေ မှည့်လေ့ရှိသော နာမည်မျိုးစစ်စစ် မှည့်ထားသူဖြစ်နေ၏။ ထို့ကြောင့် မြန်မာ့ကျက်သရေဆောင်ဟု တင်စားထိုက်ပေသည်။
ကမ္ဘာပေါ်မှာ ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိမလဲ? ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါ၏။ ကမ္ဘာမှာ ချန်လှပ်ထား၍ မရသော ခေါင်းဆောင်များထဲတွင် ကျနော်တို့နိုင်ငံမှ တစ်ယောက်က အ၀င်အပါဖြစ်နေသည့်အတွက် ကျနော်တို့ ဂုဏ်ယူ ရပါသည်။
ကျနော်က ဒေါ်အောင်ဆန်းစုကြည်နားကလူ မဟုတ်ပါ။ သူ အခက်ခဲကြုံနေရစဉ်က မ၀န်းရံနိုင်ခဲ့သလို သူ မြင့်တက်လာသောအခါ ပြေးကပ်သူလည်း မဟုတ်ခဲ့။ အဝေးကြီးမှာ အေးအေးကြီးသာ နေပါသည်။ သို့သော် ကျနော့်ရင်ထဲမှာ ခေါ်နေမိသော စကားတစ်ခွန်းရှိ၏။ ကျနော်တို့အားလုံး၏ အမေ။
အမေဆိုသည်ကား ကျနော်တို့အား လုံခြုံမှုပေးနိုင်သူ၊ လမ်းပြသွန်သင်မှု ပေးနိုင်သူ။ နွေးထွေးမှုပေးနိုင်သူ၊ ဂုဏ်ကျက်သရေကို တိုးစေသူ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းအတွက် မြန်မာနိုင်ငံသားအားလုံးတွင် မိခင်နှစ်ယောက်ရှိနေ၏။ တစ်ယောက်က
မွေးခဲ့သော အသက်ကို ပေးသည့်အမေ။ ပုဂ္ဂလဘ၀အတွက် ခိုကိုးရာ။ နောက်တစ်ယောက်က နိုင်ငံသားတစ်ယောက်၏ သိက္ခာကိုမြင့်တင်ပေးခဲ့သည့်အမေ။ မြန်မာတည်းဟူသော ဂုဏ်သိက္ခာအတွက် ခိုကိုးရာ။
ဦးသန့်နောက်ပိုင်းတွင် ကမ္ဘာကျော်တဲ့ မြန်မာမရှိဟု ပြောချင်နေသူများ၊ ယိုးဒယား၊ တရုပ်၊ ကုလားများကို အဖေခေါ်ချင်နေသူများအား မှားယွင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းက သက်ရှိထင်ရှား သက်သေပြနေပါသည်။ ကျနော့်တစ်ဦးတည်း သဘောပြောရပါလျှင် ယိုးဒယားက ကိုယ့်ထက်သာသည်ဟု ပြောလျှင် မချိအောင် နာလှပါသည်။ ယိုးဒယားမုန်းလို့ မဟုတ်ပါ။ အထင်ကြီးစရာဟု ဘယ်တုန်းကမှ ထင်မထားခဲ့သောကြောင့် ဖြစ်ပါသည်။ ဗိုလ်ချုပ်မိန့်ခွန်းပါ `ယိုးဒယားပြည်ဆိုလို့ရှိရင် လွတ်လပ်တဲ့နိုင်ငံထဲမှာ ညံ့ညံ့ပဲ´ ဆိုသောစကားကို ငယ်ငယ်ကတည်းက စွဲခဲ့၏။ ယခု အဲဒီထက်များစွာ ကိုယ်ကနိမ့်ကျနေပြီလို့ ပြောလာလျှင် `ဟိုလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုး ဖြစ်နေမှာဘဲ´ ဟူသောဆုံးမစကားကို အမှတ်ရမိကာ အသက်ကို သတ်သည်ထက် နာ၏။ တစ်ခုတော့ ပြောချင်ပါသည်။ အာဏာလက်ရှိရှိသူ မဟုတ်ပါပဲလျက် (တစ်ခါမှ အာဏာမရခဲ့ဘူးပါပဲလျက်) ကမ္ဘာက ခုလို အလေးစားခံရသူမျိုး ယိုးဒယားမှာ ရှိသလား။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိသလား။ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိသလား ဟုပင်။
ကျနော့်စိတ်ထင် ဟီလာရီ၏ မျက်ဝန်းများ၊ အပြုအမူများတွင် ဒေါ်အောင်ဆန်းစုကြည်အား အထင်ကြီး အလေးထားစိတ်ကို မြင်လိုက်ရသည်ဟု ထင်ပါသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် ထိုတစ်ချက်တည်းနှင့်ပင် ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရတာ အတော်ဂုဏ်ယူသွားမိ၏။ ငါတို့မှာ ဒီလိုလူမျိုး ရှိနေတာပဲ။
ထို ဂုဏ်ယူမှုသည် စိတ်ခွန်အားကို ဖြစ်ပေါ်စေ၏။ ငါတို့လည်း ကြိုးစားမယ်ဆိုရင် ဒီလို အဖြစ်မျိုး တစ်နေ့မှာ ရောက်နိုင်တာပဲ။ ငါတို့ရဲ့ မြန်မာ့သွေး မြန်မာ့ဗီဇက ကမ္ဘာမှာ ဒီလိုအနေအထားရှိအောင် ထွန်းပေါက်နိုင်တဲ့ အစွမ်းရှိတယ်။ တို့မှာ လုပ်ရင်ဖြစ်တဲ့ ဗီဇမျိုးစေ့ရှိပြီးသား၊ ကိုယ်တိုင်ကြိုးစားဖို့ပဲလိုတယ်ဟူသော စိတ်များ ပွားများလာစေခဲ့၏။ အသက်ကို ကယ်လိုက်သည့်ပမာ ခံစားရပါသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစက ရွှေဂုံတိုင်ရုံးရှေ့တရားပွဲကို ကျနော်သွားသည်။ ခပ်ဝေးဝေးကမို့ အရိပ်သဏ္ဍန်မျှသာ မြင်ရပါသည်။ အသံဝိုးတ၀ါးမျှသာ ကြားရပါသည်။ သို့သော် ရင်ထဲတွင် ချမ်းမြေ့သော ညွှတ်နူးခြင်းဖြစ်မိသည်။
နောက်ပိုင်းပဲခူးခရီးစဉ်မှာကျတော့ကျနော်ကံကောင်းသည်ဟုပြောရမည်။ပဲခူးကသူငယ်ချင်းတစ်ယောက်အိမ်မှာ အလှူရှိလို့ ပဲခူးရောက်နေသည်နှင့် ကြုံ၏။ သူတို့အိမ်ကလဲ ရွှေမော်ဓောဘုရားနှင့် နီးနီးလေး။ ဒေါ်အောင်ဆန်းစုကြည်လာမည်ကြားတော့ ကျနော်တို့ ရွှေမော်ဓောဘုရားမှာ စောင့်ကြသည်။ ဒီတစ်ကြိမ်မှာလဲ အဝေးကပဲ နေလိုက်ပါသည်။ လူအုပ်ကား တော်တော်ပင် များ၏။ လက်တွေ တန်းလျက်သား ကာထားသူများကြားမှ ဒေါ်အောင်ဆန်းစုကြည်။ အနားက အဘွားကြီးတစ်ယောက် အော်လိုက်သံကို ကြားရသည်။
`ဟယ် ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်လေးတော့´တဲ့။ လှည့်ကြည့်လိုက်တော့ သဘက်ကြီး ခေါင်းပေါင်းထားသော အမယ်အိုကြီးတစ်ယောက်ကို မြင်ရသည်။
`အရှေ့သွားကြည့်လေ အဘွား´ဆိုတော့ ...
`နေပါစေကွယ်၊ ဒီကလဲ တွေ့ရသားပဲ´
ဆို၏။ သူ့မျက်နှာကား ပြုံး၍နေသည်။ ကျနော် အနည်းငယ်စပ်စုမိ၏။
`အန်တီစုကို ခုလိုမြင်ရတော့ ဘယ်လိုနေသလဲ၊ အဘွား´
ဆိုတော့ ကျနော် မထင်မှတ်သော စကားတစ်ခွန်း ထွက်လာသည်။ စကားက နှစ်လုံးတည်း။ အတော်ထိရောက်သော စကားပါပေ။
`ချစ်တယ်´တဲ့။ နောက် ဘာမှဆက်မပြောတော့ပဲ ကြည်နူးသော မျက်ဝန်းများဖြင့် ဆက်ကြည့်နေလေ၏။
မိမိရင်သွေးတစ်ယောက်အား ကြည့်နေသလို မေတ္တာလွှမ်းသောအကြည့်များဟု ကျနော်ခံစားရပါသည်။ အမေစုသည်ကား ကျနော်တို့လို ငယ်ရွယ်သူများအတွက် အမေသဖွယ် ခံစားရသလို အဘွားအရွယ် အဖိုးအရွယ်များအတွက်တော့ သမီးသဖွယ်ခံစားမှုကို ပေးစွမ်းနိုင်သူ။ မြန်မာတည်းဟူသော မိသားစုအတွင်းမှ အတောက်ပဆုံး မိသားစုဝင်တစ်ဦး ဖြစ်ပါချေသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ခြံတံခါးဝတွင် စက္ကူပြားကလေးကိုင်ကာရိုက်ထားခဲ့သောပုံ။ `ကျမကလဲ ပြည်သူတွေကို ချစ်ပါတယ်´ ဆိုသော စာတမ်းပါ ဓာတ်ပုံကို တော်တော်များများ မြင်ဘူးကြပေလိမ့်မည်။ ပြည်သူတွေမှာလဲ ထောင်မပြဖြစ်သော စာတမ်းတွေ ကိုယ်စီရှိပါလိမ့်မည်။ ပြည်သူတွေကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်ဟု ရေးထွင်းထားသော စာတမ်းများပင်။
ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ချစ်ကြသလဲ? အမြင်အမျိုးမျိုး ရှိပါလိမ့်မည်။ ကျနော်ကတော့ မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းဖြစ်၏။ တခြား သူ့လုပ်ဆောင်ချက်များအပေါ် အလေးအနက် ကျေးဇူးတင်မိသော်လည်း မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းက ပိုပါလိမ့်မည်။
စကားစပ်၍ ပြောရမည်ဆိုလျှင် ဗိုလ်ချုပ်သွေးဖြစ်သော်လည်း ဦးအောင်ဆန်းဦးကိုတော့ ကျနော်တို့ မချစ်ပါ။ ဦးအောင်ဆန်းဦး အင်တာဗျူးပါသော ဂျာနယ်ကိုလည်း မဖတ်ပါ။ စိတ်ထဲ နာနေသည်ဟုပင် ပြောရမည်လား။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ပြီ အဖရေဟု ဗိုလ်ချုပ်အား တိုင်တည်သော စာပိုဒ်ကို သူ့အား ကြည့်ကာ ရင်ကွဲမတတ်ရည်ညွှန်း သီဆိုနေသူများအား လျစ်လျူရှုခဲ့ရက်သူဟု မြင်ပါသည်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေးနေလို့ ရပါလျက် ဒုက္ခတွင်းသို့ ဆင်းလာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးကို ကျနော်တို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါ။
တစ်ခါတစ်လေ သူ့လုပ်ဆောင်ပုံနှင့် ပတ်သက်၍ သဘောမတူသည်များ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ထိုအခါမျိုးတွင် ငါ ဥာဏ်မမီလို့ပဲ နေမှာလေဟု ကိုယ့်ကိုယ်ကို ဖြေလျှော့မိ၏။ ကမ္ဘာက လက်ခံသော လုပ်ကိုင်ဆောင်ရွက်ပုံကို သူသာ တတ်သိ နားလည်ပါသည်။ ကျနော်တို့ကား သူ နောက်လိုက်များ။ သူ့ကို သစ္စာရှိစွာ ၀န်းရံကြရုံသာ ရှိ၏။
ကိုမင်းကိုနိုင်မွေးနေ့အထိမ်းအမှတ်ပွဲသို့ရောက်သွားစဉ်ကရောက်လာသူပရိသတ်များအားဒေါ်အောင်ဆန်းစုကြည် ပြတင်းပေါက်မှ မျက်နှာ ထွက်ပြခဲ့သည်ကို မြင်တွေ့ရသည်။ တကယ်ကို နေတစ်စင်း ထွက်ပြူလိုက် သလိုပါပဲ။ လူတွေကို ကြည့်၍ သိမ်မွေ့စွာ ပြုံး၍ သူ လက်ပြခဲ့သည်။ တည်ငြိမ်သော ဟန်ပန်နှင့်အတူ အဟုန်ပြင်းသော အားအင်တစ်ခုကို ခံစားလိုက်ရသည်။
ကျနော့်စိတ်ထဲတွင် ပုံပြင်တစ်ပိုင်းတစ်စကို သွားသတိရလိုက်မိ၏။ `လေ´ နဲ့ `တောင်´ ဘယ်သူ အစွမ်းထက်သလဲဆိုသည်က ထိုပုံပြင်ပါ မေးခွန်း။ ရုတ်တရက်ကြည့်လျှင်တော့ တောင်ဆိုသည်က ထုထည်ကြီးသည်။ အင်အားရှိသည်။ အခြေတောင့်သည်။ တောင်က ခိုင်မာတယ် အစွမ်းထက်တယ်လို့ ထင်ရမလိုပါပဲ။ သို့သော် ညင်သာစွာ အဆက်မပြတ်တိုက်ခတ်နေသော လေက နောက်ဆုံး အင်အားကြီး ကျောက်တောင်ကြီးကိုပင် အစွမ်းမဲ့သော ကျောက်မုန့်အစအနကလေးများဖြစ်အောင် ခြေမွပစ်နိုင်ကြောင်း ပုံပြင်မှာ အဖြေပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်တွင်လည်း လေကဲ့သို့ တည်ငြိမ်ညင်သာမှုရှိ၏။ ပြီးတော့ အဆက်မပြတ်သော ၀ိရိယရှိသည်။ အမိုက်မှောင်သည် ကျောက်တောင်ကဲ့သို့ ရှိပါစေ။ ဒေါ်အောင်ဆန်းစုကြည်က ခြေလွှင့်ပစ်နိုင်လိမ့်မည်ဟု ကျနော်မျှော်လင့်ထားပါ၏။
ထို့အပြင် ...
မြန်မာပြည် ဂုဏ်သိက္ခာမဲ့စေမည့်ကိစ္စများအား တားဆီးနိုင်မည့်သူအဖြစ်လည်း ခံယူမိပါသည်။ မြန်မာပြည်သည်အာရှတွင်ထွန်းတောက်ခဲ့ရာမှပြည်တွင်းရေးပြဿနာများကြောင့်နောက်တန်းရောက်ခဲ့ရသည်။ သံထည်ကောင်းပါလျက် ထုတ်မသုံးနိုင်လို့မို့ သံချေးတွေတက်ကာ တုံးသလို ဖြစ်နေရသော ဓားတစ်စင်းလို ခံစားမိသည်။ ထိုဓား၏ ထက်မြက်မှုကို အသစ်ပြန်ဖြစ်စေရန်တော့ ကျနော်တို့အားလုံး ကြိုးစားကြရပါမည်။ ယင်းသို့ ကြိုးစားရာတွင် ဒေါ်ဆောင်ဆန်းစုကြည်မှာ ဦးဆောင်သူနေရာက ပါဝင်နိုင်လိမ့်မည်။ ကမ္ဘာတွင် ၀င်ဆန့်သော သူ့အရည်အသွေးများဖြင့် မြန်မာတည်းဟူသော ဓားတစ်စင်း ပိုမိုတောက်ပအောင် ထည့်ဝင်သယ်ပိုးမှုများစွာ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ထိုသို့ ယုံကြည်သောကြောင့်လည်း မြန်မာ့ ကျက်သရေဆောင်ဟု ကျနော် တင်စားမိခဲ့ခြင်း ဖြစ်ပါလေ တော့သည်။
သွန်းနေစိုး Thorn Nay Soe
No comments:
Post a Comment