စိတ်မကြည်မလင်ခံစားရမှုကို လျော့ပါးစေမည့် ကုထုံးများ

၁။ အလင်းကုထုံး

တချို့လူတွေမှာ နေရောင်ခြည်မရရှိတာကြောင့် လေးလံထိုင်းမှိုင်းခြင်းကို ပိုဆိုးစေပါတယ်။
သက်သေပြချက်
လေ့လာမှုတွေအရ နေအလင်းရောင်မရရှိခြင်းဟာ ခန္ဓာကိုယ်ကနေ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင် ထုတ်လုပ်အားလျော့ကျစေပြီး အိပ်ငိုက်စေတဲ့ မယ်လတိုနင် ပမာဏတိုးစေကြောင်း သိရပါတယ်။ ဒါကြောင့် နေအလင်းရောင်နဲ့ ထိတွေ့မှုနည်းတဲ့အခါ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။
ဘယ်လိုအသုံးပြုမလဲ
အိမ်အပြင်မှာ အချိန်အနည်းငယ်နေပါ။ ပြတင်းပေါက်ဖွင့်ပြီး မကြာခဏ အလင်းရောင်ခံယူပါ။ သတိပြုသင့်တာက နေရောင်ခြည်ဟာ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တစ်ချက်ဖြစ်တာကြောင့် နေရောင်ထဲ မထွက်ခင် နေရောင်ကာခရင်မ်လိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။
၂။ အားကစားကုထုံး
မိမိဘာသာ လုပ်လို့ရတဲ့ ကိရိယာလွတ် အားကစားတွေဟာ ငွေကုန်ကြေးကျမများဘဲ စိတ်ပူပင်သောက၊ စိတ်ဓာတ်ကျခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှု လျော့နည်းခြင်းစတာတွေအတွက် ထိရောက်တဲ့ ကုထုံး တစ်ခုပါ။
သက်သေပြချက်
အေရိုးဗစ်အားကစားဟာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ Endorphin အထွက်များစေတာကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စိတ်ဓာတ်ကျတဲ့လူနာတွေဟာ တစ်ပတ်မှာ သုံးကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၃၀ ကြာ ရွရွပြေးခြင်း ဒါမှမဟုတ် ခပ်သွက်သွက် လမ်းလျှောက်ခြင်းတွေ ပြုလုပ်တဲ့အခါ စိတ်ဓာတ်ကျ ကုသဆေးဝါး မှီဝဲသူတွေထက် ပိုမိုတိုးတက်တဲ့ ရလဒ်ရကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
ဘယ်လိုအသုံးပြုမလဲ
တစ်နေ့ မိနစ် ၂၀-၆၀၊ တစ်ပတ်မှာ သုံးကြိမ်လောက် အပြင်ထွက်ကာ ကိုယ်လက်လှုပ်ရှားပေးပါ။
၃။ လူမှုရေးကုထုံး
တခြားသူတွေကို ကူညီတာဟာ အထီးကျန်ဖြစ်စေတဲ့ စိတ်ခံစားချက် လျော့ပါးပြီး စိတ်ကျေနပ်ကာ ပီတိဖြစ်မှုကို ခံစားရစေပါတယ်။
သက်သေပြချက်
စေတနာ့ဝန်ထမ်းလုပ်ခြင်းအကြောင်း လေ့လာမှု ၃၇ခုအရ တစ်ပါးသူကို အချိန်ပေးပြီး ကူညီဖြည့်ဆည်းပေး သူတွေဟာ ဘဝမှာ ပိုမိုပျော်ရွှင်ကြည်နူးပြီး ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းနဲ့ စိတ်ပူပင်ရခြင်းတွေ လျော့ပါး စေကြောင်း သိရပါတယ်။
ဘယ်လိုအသုံးပြုမလဲ
စိတ်ဓာတ်မြင့်တက်ဖို့အတွက် စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ဆက်သွယ်နေဖို့ မလိုပါဘူး။ သင့်ဘေးနားမှာ လိုအပ် နေတဲ့ မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်၊ အိမ်နီးချင်းစတဲ့သူတွေကို အကူအညီပေးတာဟာ ကျေနပ်ပီတိဖြစ်မှုကို တိုးပွားစေလောက်အောင် ထိရောက်မှု ရှိကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ (မြန်မာသတင်းရပ်ဝန်းမှ ယူတယ်)

No comments: