ဝန်ထမ်းကောင်မလေးက ကွန်ပြူတာကြည့်ရင်း “What’s his name?” ဟုဆိုတော့ ကျနော်က မောင်မောင့်ကို “ခင်ဗျားနံ မည်မေးတာ” ဟု ဘာသာပြန်ပေး၏။ သူက “မောင်မောင်ပါ” ဆိုတော့ “Maung Maung” ဖြစ် ကြောင်း ကျနော် ပြန်ဖြေ လိုက်၏။ တခါထပ်ပြီး “How to spell?”ဆိုတော့ မောင်မောင့်ကို မေးမနေတော့ဘဲ “Maung” ဟု ကျနော်ကပဲ ဖြေလိုက် ၏။ “Last Name?” ဟုထပ်မေးတော့ ကျနော်က “Maung” ဟုဆိုပြီး “First name?” ဟုဆို တော့လည်း ကျနော်က “Maung” ဟုသာ ထပ်ပြော၏။ ဤတွင် သည်အဖြူမက မျက် လုံးလှန်ပြီး ကျနော်တို့ကို တလှည့်စီကြည့်၏။ ဘာမှတော့ မပြော။ သူ့မျက်လုံးတွင်ထင်လာသည့် ဘယ်နှယ်ပါ လိမ့်ဆိုသည့်အရိပ်ကလေးကို ဖျတ်ကနဲမြင်လိုက်ရ၏။ ကျနော် သိ လိုက်ပြီ။ သူ ဒီ အေဂျင်စီမှာ ခုမှ အလုပ်ဝင် လာသည့် လူသစ်မှန်း။ သူ ဤသို့ဖြစ်ရ ခြင်းမှာ သူ့အဖို့ဆန်းသော်လည်း ကျနော့်အဖို့မဆန်း။ သို့သော် ရှင်းပြနေစရာ ဘာအကြောင်းမှမရှိ။ နောက်တော့ “Date of Birth?” ဟုမေးပြန်၏၏ မောင်မောင်က (၁)ရက် (၁)လ ၁၉၈၀ ဆိုတော့ ဒီတကြိမ်မျက်လုံးပြူးရတာက အဖြူမ မဟုတ်။ ကျနော်ဖြစ်၏။ (၁)ရက် (၁)လကြောင့်မဟုတ်။ (၁၉၈၀)ကြောင့်။ မျက်နှာကြည့်လိုက်ရုံနှင့် သူ့အသက် (၃၂) မဟုတ်မှန်း မြန်မာပြည်သားတိုင်း ခန့်မှန်းနိုင်၏။ အမေရိကန်တွေကတော့ မြန်မာပြည်သား ဒီအရွယ်တွေကို မျက်နှာကြည့်ရုံဖြင့် အသက်မမှန်းတတ်ကြ။
ကျနော့်သံသယစိတ်ကို ချက်ခြင်းဖျောက်ပြီး “Junuary first, 1980″ ဟုဆိုတော့ အဖြူမမျက်လုံးက လှန်လာပြန်၏။ ဒီ တခေါက် လှန်လာသည့်သူ့မျက်လုံးက (၁)ရက် (၁)လ ကိစ္စကြောင့်ပဲဖြစ်ရမည်။ သေချာပြီ။ ဒီမိန်းကလေး သည်အေဂျင်စီ ၏ ဝန်ထမ်းအသစ်ကျပ်ချွတ်ဖြစ်မှန်း ကျနော် အတတ်ပြောလို့ရပြီ။ မောင်မောင်ကတော့ ဘာမှမသိ။ ဘယ်သူ့ကိုမှ ဘာမှ ရှင်းပြနေစရာမလိုသော်လည်း ကျနော်က အဖြူမကို ဒီလိုပါပဲဆိုသည့်သဘော မျက်ရိပ်ပြမိလိုက်၏။ ကျနော်မှားသွားပြီ။ အမှန်က ဘာမှ လုပ်ပြစရာမလို။ မေးတာကို ပြန်ဖြေပြီးခတ်တည်တည် နေလိုက်ရုံသာ။ ခုတော့ သူ့မှာ အရစ်ရှည်စရာ ရ သွားပြီ။ သည်တွင် သူက “Are you Burmese?” ဟု မေး၏။ “Yes” ဆိုတော့ ဒီမနက်လာတဲ့ ဒုက္ခသည် ၁၂ ယောက်မှာ ၅ ယောက်က ဇန်နဝါရီ (၁) ရက်မွေးတွေ ချည်းပါလား၊ တိုက်တိုက်ဆိုင်ဆိုင်နော်ဟု မေးပြောပြောလာ၏။ ကျနော်က အင်း..အဲ..Well ..Umm တွေနှင့် စပါးရောဖွဲရောလုပ်ပစ်လိုက်၏။ သူလည်း ဘာမှဆက်မမေးတော့။ ကျနော်လည်း ဘာ မှဆက်မပြောတော့။ မောင်မောင်ကတော့ ဘာမှမသိ။ မသိသဖြင့်လည်း ဘာမှမမေး။ မမေးတာပဲခတ်ကောင်းကောင်း။
ဖို့ဝိန်းမြို့ကလေးတွင် ဒုက္ခသည်အဆင့်အနေဖြင့် ရောက်ရှိမြန်မာပြည်သားအတော်များ၏။ ရောက်လာသူတွေအတွက် လိုအပ်မည့်အကူအညီတွေ ဖြည့်ဆည်းပေးသည့် အေဂျင်စီတွေလည်းများ၏။ ထိုအေဂျင်စီများတွင် စေတနာ့ ဝန်ထမ်း လုပ်အားပေးသူတွေလည်းရှိ၏။ ကျနော်လည်း ထိုသူများထဲမှ တဦးဖြစ်၏။ ထို့ကြောင့် မြန်မာပြည်သားဒုက္ခသည်တွေကို ရော အေဂျင်စီတွေကသူတွေကိုပါ အထိုက်အလျှောက် သိကျွမ်းနေ၏။ သူတို့ကိုကူရင်း သူတို့နှင့်အတူ ရုံးပေါင်းစုံ၊ ဋ္ဌာန ပေါင်းစုံ၊ ဆေးရုံဆေးခန်း၊ တရားရုံးတွေလည်း အကြိမ်ကြိမ်သွားရ၏။ သို့ဖြင့် ၂ ဘက်စလုံး၏ အခက်အခဲများကိုလည်း ထိုက်သလောက်သိ၏။ ရောက်ခါစသူများ ကြုံရသည့်အခက်ပေါင်းစုံတွင် ဘာသာစကားပြဿနာက အကြီးဆုံးကိစ္စ။ အ များစုကြီးက အင်္ဂလိပ်စာ/စကားလုံးလုံးမတတ်။ တချို့က ဗမာစာ/စကားပင်မတတ်။ ဆိုတော့ စကားပြန်တွေက ၂ ဆင့် ပြန် ပြန်ရတာတွေလည်းရှိ၏။ ဘာသာပြန်/စကားပြန်တွေထဲမှာလည်း ဗမာစကားသာတတ်ပြီး ဗမာစာမတတ်သူတွေရှိ ပြန်၏။ ဗမာစကားပင် ပုံကျပန်းကျမတတ်သူတွေလည်း ရှိသေး၏။ စကားပြန်မှားသဖြင့် ကြုံရသည့်အခက်တွေလည်း တခါတခါထွက်ထွက်လာတတ်ပြန်၏။ အေဂျင်စီတွေက အစကတော့မသိ။ သူတို့ထင်တာက ဗမာပြည်သားစကားပြန်ဆို လျှင် စာရောစကားပါ ကျွမ်းကျွမ်းကျင်ကျင်တတ်သည်ဟုမှတ်ပြီး ငှားရမ်းကြ၏။ နောက်တော့ တဖြည်းဖြည်းသဘော ပေါက်လာကြပြီး စကားသာတတ်ပြီး စာမတတ်သူတို့ကို အလုပ်မခန့်တော့။
ဒုက္ခသည်အဖြစ်ရောက်လာပြီး အင်္ဂလိပ်စကားမတတ်သည့် မြန်မာပြည်သားလူကြီးတွေအတွက် အင်္ဂလိပ်စာကို ဒုတိယ ဘာသာစကားအဖြစ် အိမ်တိုင်ယာရောက် ဒါမှမဟုတ် နေထိုင်ရာရပ်ကွက်တွေအထိလိုက်ပြီး သင်ပေးဖွင့်ပေးသည့် ကျောင်းလေးတွေတော့ နေရာတကာလိုလိုရှိ၏။ ထိုကျောင်းလေးတွေမှာ ကျောင်းကြီးတွေမှာသင်သလို Academic Teaching မဟုတ်။ Survival English (ထမင်းစားရေသောက်အင်္ဂလိပ်စကား)။ ခက်သည်က တချို့ လူကြီးတွေက မ တက်ချင်ကြ။ ရှက်နေတာလည်းပါသလို သင်လည်းတတ်မှာမဟုတ်တော့ပါဘူးဆိုကာ လုံ့လနှင့် ကိုယ့်ကိုယ်ကို ယုံကြည် မှုကို လျှော့ချတာလည်းပါ၏။ တချို့ကျတော့ ဒီမြို့မှာ ဗမာပြည်သားတွေလည်း အများကြီး၊ ရုံးတိုင်းလိုလိုမှာလည်း ဗမာ စကားပြန်တွေရှိနေတာပဲ၊ မတတ်လည်းဘာမှမဖြစ်ဆိုကာ နေသာသလိုနေလိုက်ကြ၏။ နောက်ပိုင်းကျတော့ ထိုသူတွေ ပိုအခက်တွေ့ရ၏။ ဒုက္ခသည်အဖြစ်ရောက်လာကြသူ အများစုကြီး ဗမာစာ/အင်္ဂလိပ်စာ မတတ်ကြ။ မတတ်တာ သူတို့ အပြစ်မဟုတ်။ ဘဝတလျှောက်လုံး စာသင်ဖို့နေနေသာသာ ထမင်းပင် ဖြောင့်ဖြောင့် မစားခဲ့ကြရသူများ။ ဘယ်အချိန် ဘာဖြစ်မလဲဆိုကာ ရင်တမမ၊ အထုတ်တပြင်ပြင်နှင့် တောထဲဝင်ပုန်းခိုရန် စိတ်စော နေခဲ့ကြရရှာသူများ။ တဘဝစာလုံး စစ်မက်ဖြင့်ကြီးပြင်းလာခဲ့ကြရရှာသူများ။ ကျောင်းမရှိ။ ဆေးခန်းဆေးရုံမရှိ။ မွေးစာရင်းမရှိ။ မွေးသက္ကရာဇ်မသိခဲ့ကြသည့် ဘဝများ။ ထားတော့။ ပြောစရာတွေလည်းများလှ၏။
သူတို့တွေ ဒီရောက်မလာခင် ဆိုင်ရာဒုက္ခသည်စခန်းတွေတွင် ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းတွေဖြည့်ချိန်မှာ အမည် စာရင်းသွင်းတာကစ၍ ပြဿနာရှိလာ၏။ ဒီမှာက First name, Last name တွေနှင့်အမည်မှည့်သည့်လူ့ အဝန်းအဝိုင်း ကျနော်တို့ဆီမှာက အဲသလိုမဟုတ်ခဲ့။ နေ့နံနှင့်တွက်ချက်ပြီးမှည့်တာရှိသလို အဆင်ပြေသလိုမှည့်တာ တွေလည်းရှိ၏။ ဗမာ့ဓလေ့အမည်မှည့်ပုံများမှာ ချစ်စရာကောင်းသလောက် စိတ်ဝင်စားစရာလည်းဖြစ်၏။ သို့သော် အစနံမည်နှင့် အဆုံးနံ မည်ဟူ၍ မရှိ။ မျိုးရိုးနံမည်ဆိုတာလည်း မရှိတတ်ကြ။ တတိယနိုင်ငံတွေသွားဖို့ စာရင်းသွင်းတော့ အမည်တွေပြောင်းပြန် သွင်းသည်ကိုကြည့်ပြီး ဟိုကျရင် ငါတို့နံမည်ကို ပြောင်းပြန်ခေါ်တော့မှာပဲဟုထင်ကာ အမည်မေးလျှင် ပြောင်းပြန်ပြောသူ တွေလည်း ရှိကြပြန်၏။ မောင်မောင်လို ကျော်ကျော်လိုအမည်မျိုးတွေနှင့်တိုးတော့ အမေရိကန်တွေမျက်စေ့လည်ကြ၏။ ရယ်စရာပြုံးစရာလိုလည်း ဖြစ်ရပြန်၏။ ဒုက္ခသည်တွေနှင့် ဆက်ဆံရေးအပါးဝပြီး အတွေ့အကြုံရှိသည့် အေဂျင်စီဝန်ထမ်း ဟောင်း အမေရိကန်တွေက နားလည်၏။ ကိစ္စမရှိ။ ကိစ္စရှိတာက လူသစ်တွေ။ နားမလည်သဖြင့် အူလည်လည်။ နား မလည်လို့မေးလာရင် ပြန်ဖြေရတာကောင်းသေး၏။ သူတို့ဘဝတွေအပေါ် ပိုစာနာနားလည် လာဖို့ အထောက်အကူပင် ဖြစ်သေး၏။ တချို့ကြတော့ ထိုသို့မဟုတ်။
နောက်တခုက အမေရိကန်၏ ရက်စွဲတပ်စနစ်။ ဒီမှာက ရက်စွဲရေးလျှင် လ၊ ရက်၊ ခုနှစ်ဟု စဉ်၏။ နယ်စပ်က ဖြည့်ပေး လိုက်တာတွေက ရက်၊ လ၊ ခုနှစ်အလိုက်ဖြစ်၏။ ဖြည့်ပေးလိုက်သည့် ဖေါင်တွေကိုပြန်ပြင်လို့မဖြစ်သဖြင့် မွေးနေ့ သက္က ရာဇ် မေးတိုင်း သတိထားပြီး ရှေ့နောက်ပြန်ပြင်ပြောမှဖြစ်၏။ I-94 ဟုဆိုသည့် လူဝင်မှုပုံစံကဒ်ပြားလေး တွေမှာပါသည့် မွေးနေ့ရက်စွဲစဉ်ထားတာက ဒီကနှင့်ပြောင်းပြန်။ မွေးနေ့သက္ကရာဇ်တွေကြည့်ပြန်တော့လည်း ခုန ကျနော်ပြောခဲ့သလို (၁)ရက် (၁)လတွေ အတော်တော်များများထပ်နေကြပြန်၏။ တချို့ကျတော့ ဤ (၁)ရက် (၁)ကိုတော့ မှတ်မိပြီး ခုနှစ်ကို တော့ မမှတ်မိတတ်ကြပြန်။ ဤတွင်လည်း ပြုံးစရာလေးတခုဖြစ်ဖူး၏။ တရက် အသက် (၇၀)ကျော် တိုင်းရင်းသူအဖွားအို တယောက်အား ကျနော် ဆေးရုံစကားပြန်လိုက်လုပ်ပေး၏။ ဟိုက မွေးနေ့မေးတော့ အဖွားက I-94 ကဒ်ကလေးကို သူ့ အိပ်ထဲစမ်း၏။ အိပ်ထဲတွင်လည်း အခြားစာရွက်တွေကတထပ်ကြီး။ တော်တော်နှင့် ရှာမတွေ့။ ကျနော်လည်း “အချိန်တွေ ပုတ်လိုက်တာ” ဟုတွေးမိသလို မေးသူကလည်းစိတ်မရှည်ဟန်ပြ၏။ ဤတွင် ကျနော်က “အဖွားမွေးနေ့ မမှတ်မိဘူးလား” ဟုမေးမိ၏။ အဖွားက “ငါဘယ့်နှယ်လို့သိနိုင်မှာလဲ၊ ငါ့အမေပဲသိမှာပေါ့၊ သူ ငါ့ကို မွေးတာလေ၊ ငါက ငယ်ငယ်လေးပဲဟာ၊ ဘယ်လိုလုပ်မှတ်မိပါ့မလဲ”ဟုပြန်ဖြေ၏။ ထိုအဖွားလည်း (၁)ရက် (၁)လ ဖွားပင်ဖြစ်၏။
နယ်စပ်ကဒုက္ခသည်စခန်းမှာ ဖေါင်တွေဖြည့်တော့ မွေးသက္ကရာဇ်ပေးရ၏။ ကိုယ့်မွေးရက်၊ မွေးလကို မသိကြသဖြင့် အ ခက်ကြုံရ၏။ တချို့ဆိုလျှင် ခုနှစ်လောက်ပင်မသိကြ။ ဤတွင် သက်ဆိုင်ရာစာရေးများက အမှတ်ရလွယ်အောင်ဆိုကာ (၁)ရက် (၁)လကို ထည့်ပေးလိုက်ကြ၏။ (၁)ရက် (၁)လဖွား ဖြစ်ကြောင်းလည်း သင်ပေးလိုက်ရ သေး၏။ ခုနှစ်ကျတော့ ရုပ်ကိုကြည့်၊ အသက်ခန့်မှန်းပြီး မွေးနှစ်ကိုဖြည့်ပေးလိုက်၏။ သည်တွင် ရှိရင်းစွဲအသက် ထက်ကြီးသူတွေကြီးသွားပြီး ငယ်သူတွေလည်းငယ်ကုန်ကြတော့၏။ သို့ဖြင့် မောင်မောင်တယောက် ၃၂ နှစ်သားဖြစ် သွားဟန်ရှိ၏။ သူရုပ်က ရှိလှမှ ၂၅ နှစ်ခန့်။ ခုတော့ ၃၂ နှစ်။ (၁၉၈၇) ထက်စာလျှင် (၁၉၈၀) က မှတ်ရပိုလွယ်မယ် တွေးကာ စာရေးက (၁၉၈၀) ဟု ထည့်လိုက်တာလည်း ဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ် ရုပ်ကြည့်ပြီး မွေးနှစ်မှန်းတာမှာ မကျွမ်းသူနှင့်တိုးလာခဲ့လို့လည်း ဖြစ် ချင်ဖြစ်မည်။ မပြောတတ်။
ထိုသို့ဖြစ်နေသည်က ဗမာပြည်သားတွေကြားထဲတွင်မဟုတ်သေး။ ကွန်ဂိုတို့ ဆိုမာလီတို့ကလို တိုင်းပြည်တွေက ရောက် လာကြသည့် ဒုက္ခသည်တွေထဲမှာလည်း တပုံတခေါင်း။ ထိုသူတွေနှင့် ကျနော်တို့ဗမာပြည်သား ဒုက္ခသည်တွေ ဘဝ နောက်ခံဇာတ်ကြောင်းတွေက မနီးရိုးစွဲ။
ကိုယ့်မွေးနေ့ခုနှစ်သက္ကလေးတောင် အမှန်အတိုင်း မသိရကောင်းလားဟု သူတို့ကို ငြိုငြင်လို့မရ။ အပြစ်ပြောလို့လည်း မဖြစ်။ သူတို့ဘဝတွေကို စာနာတတ်မှ သူတို့ဒုက္ခတွေကို နားလည်ခံစားလို့ဖြစ်မည်ထင်၏။ ဖြတ်သန်းမှုမတူ သည့်ဘဝ တွေက ပြဋ္ဌာန်းပေးလိုက်သည့် အသိတွေလည်း ဘယ်လိုမှမတူကြတာက သဘာဝဖြစ်။ ထိုသို့ဖြစ်ရသည်မှာလည်း သ ဘာဝကြသည့် ကိစ္စပင်ဖြစ်မည်တွေးမိ၏။
ဤတွင် မြေနု (မြစ်ဝကျွန်းပေါ်) ၏ “ဗေဒါရောင်တမ်းခြင်း” ကဗျာထဲက
… ယုံကြည်ပါ ဆရာ
လိုရာကိုဖြည့်စွမ်းမယ်
ကျနော်တို့တတွေဟာ
မင်္ဂလသုတ်တဝက်တပျက်
စစ်မက်နဲ့ကြီးပြင်း
ပြေးလွှားရင်းစာငတ် ဘာတတ်လို့လဲ ဆရာရယ်..
ဆိုသည့် အပိုဒ်ကလေးအား ခတ်ဖွဖွရွတ်မိတော့၏။ ရင်ထဲတွင် ကျင်ကနဲ။ စိတ်တွင် နင့်ကနဲ။ အတွေးတို့ ကစဥ့်ကရဲ။
မျိုးမြင့်ချိုဖေဖေါ်ဝါရီ၊ ၁၀။ ၂၀၁၂
No comments:
Post a Comment