Published on February 15, 2012 by အေးနိုင်
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ လယ်သမားတွေက ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကို နိုင်ငံတော် အခွင့်အာဏာ အလွဲသုံးစားမှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
ဇေကမ္ဘာ ကုမ္ပဏီက ရွှေနံ့သာကျေးရွာလယ်သမားတွေရဲ့ မြေတွေပေါ်မှာ စက်မှုဇုန် အကောင်အထည်ဖော်နေတာ ဖြစ်ပြီး လတ်တလောမှာ ရပ်နားထားပါတယ်။
လယ်တွေသိမ်း တုန်းက အစိုးရသိမ်းမှာမို့လို့ ဇေကမ္ဘာကုမ္ပဏီက ကြားဝင် ကရုဏာကြေး ပေးတယ်လို့ ပြောပြီး တဧကကို သုံးသိန်းပေးလို့ ဒီအပြောကို လယ်သမားတွေက ယုံကြည်ပြီး လယ်တွေဆုံးခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဇေကမ္ဘာကုမ္ပဏီရဲ့ လှည့်ဖြားတာခံရတယ်လို့ လယ်သမားတွေက ယူဆပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုင်လို့ စိမံကိန်းကို ရပ်ခိုင်းထားပါတယ်။
အခုတော့ လယ်သမားတွေက မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ကိုယ်စားလှယ်လွှဲပြီး ဦးခင်ရွှေနဲ့ ဦးဘိုကြီးဆိုသူကို တရားစွဲခိုင်းတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။
“အရောင်း အဝယ်လည်း မရှိသလို လယ်သမားတွေကို ငွေပေးတယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် အဲဒီမှာ အမှုအကြောင်းကို ပေါ်ပေါက်အောင် လုပ်ထားတာက တောင်သူလယ်သမားတွေက မိမိတို့လယ်ကို မလုပ်စားချင်တော့လို့ တခြားစီးပွားရေး လုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်ချင်တဲ့အတွက် ကျေးရွာမြေယာကော်မတီကို သွားပြီးတော့ မြေအပ်နှံမယ် ဆိုတဲ့ဟာကို လုပ်ထားတယ်။ တကယ်က အဲဒီမှာ အရင်က ရယက အဖွဲ့ဝင် ဦးဘိုကြီးက ဓမ္မဝိဟာရ ဓမ္မာရုံကို အကြိမ်ကြိမ် ခေါ်တွေ့ပြီးတော့ တောင်သူလယ်သမားတွေကို နိုင်ငံတော်က သိမ်းပြီဆိုတဲ့အကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုနေတာ။ အဲဒါနဲ့ ဦးခင်ရွှေ ကိုယ်တိုင်ကလည်း သူက နိုင်ငံတော်က သိမ်းပြီလို့ လိမ်လည် လှည့်ဖြားပြီး ပြောတာ။ အဲတော့ ဦးဘိုကြီးနဲ့ ဦးခင်ရွှေတို့ကို ကျနော်တို့က တရားစွဲမှာပါ။ နိုင်ငံတော် အခွင့်အာဏာကို အလွဲသုံးစား လုပ်တဲ့အမှုနဲ့ တရားစွဲမယ်။ ရှေ့တပတ်ထဲမှာ ဖြစ်မယ်။ ”
တရားစွဲပြီး တဲ့အခါ ဒေသခံတောင်သူတွေကို သီးစား ပြန်လည်ချထားပေးဖို့ ကျေးရွာ မြေယာကော်မတီမှာ လျှောက်မယ်လို့လည်း ဆိုပါတယ်။
“ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကိုယ်တိုင် စာထုတ်တာ ဇေကမ္ဘာကို လယ်ပဲစိုက်ခိုင်းထားတာ။ ဇေကမ္ဘာကိုပဲ လယ်စိုက်ခိုင်းတာကိုက ရန်ကုန်တိုင်းဒေသကြီး အစိုးရက မှားနေပြီ။ နောက်ပြီး ဒီမှာရှိတဲ့ ဒေသခံတောင်သူတွေကို သီးစားပြန်ချထားပေးရမယ်။ ၁၉၅၃ ခုနှစ် လယ်ယာစိုက်ပျိုးရေး ဥပဒေအရ၊ ၁၉၆၂ ခုနှစ် သီးစားချထားရေး ဥပဒေအရ တောင်သူလယ်သမားတွေက လယ်လုပ်ဖို့ ဥပဒေနဲ့ ညီတယ်။ ဒါကတော့ ကျနော်တို့က ဥပဒေကြောင်းအရ ရင်ဆိုင်ရမှာပဲ။”
လယ် ၁၃ ဧက ပါသွားတဲ့ ဒေါ်တင်စိန်က သူတို့ လှည့်ဖြားခံခဲ့ရတယ်လို့ ပြောပါတယ်။
“လက်မှတ်ထိုး ခိုင်းတာကတော့ သူအတင်းထိုးခိုင်းတာ။ နိုင်ငံတော် သိမ်းတယ်ဆိုပြီး ပြောတယ်။ အမှန်ကတော့ နိုင်ငံတော် မဟုတ်ရင် ရောင်းကို မရောင်းဘူး။ အဲ့မှာ ဦးခင်ရွှေက မရောင်းရင်လည်း တပြားမှ မရဘူး။ နိုင်ငံတော်က သိမ်းတယ်ဆိုပြီးတော့ ပြောတယ်။ မင်းတို့ တင်တဲ့စာလည်း အမှိုက်ခြင်းထဲ ရောက်သွားမယ်ဆိုတော့ လယ်သမားတွေက ကြောက်လန့်ပြီး လက်ခံရတယ်။ ”
လယ်ဧက ၅၀ ပါသွားတဲ့ ဦးကျော်စိန်ကလည်း “အဲဒါဆိုရင် သူဌေး ကျနော်တို့ သားသမီးတွေက လယ်သမားဘဝနဲ့ပဲ ပညာရေး၊ စားဝတ်နေရေး လည်ပတ်နေရတာ။ အခုလို အသိမ်းခံရမယ်ဆိုရင် ကျနော်တို့ စာတင်မယ်လို့ ပြောတော့ ဦးခင်ရွှေက ခင်ဗျားတို့ စာတင်လည်း အမှိုက်ပုံးထဲပဲ ရောက်မယ်လို့ ငြိမ်းခြောက်တဲ့စကား ပြောတယ်”လို့ ဆိုပါတယ်။
အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို တရားစွဲဆိုတဲ့ကိစ္စမှာ တရားရုံး၊ မီဒီယာ စသဖြင့် အချိန်ယူပြင်ဆင် ချိန်ဆနေတယ်လို့ ပြောဆိုပါတယ်။
No comments:
Post a Comment