ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားပဲ့တင်သံ ကြေညာချက်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှထုတ်ပြန် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူညီမျခြင်းတို့ကို အာမခံချက်ရှိသည့် ပြည်ထောင်စုဖြစ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်


ဧရာဝတီမြစ်ဆုံအနီးရှိ တန်ဖဲရွာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့သော မြစ်ဆုံ၏ကျေးဇူးပဲ့တင်သံ မိတ်ဆုံစားပွဲကိုတွေ့ရစဉ်


Wednesday, 29 February 2012 09:36(Eleven news)
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားပဲ့တင်သံ ကြေညာချက်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါကြေညာချက်တွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူညီမျခြင်းတို့ကို အာမခံချက်ရှိသည့် ပြည်ထောင်စုဖြစ်ရန် ဆန္ဒရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက
ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
''ဒီကြေညာချက်က ကချင်ပြည် နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်မက်တွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်တွင်းက နိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊
 လူမှုရေးလှုပ်ရှားသူတွေနဲ့ဆွေးနွေးပြီး ထုတ်ပြန်ခဲ့တာပါ။ ကချင်ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်မယ့် ကြေညာချက်ဖြစ်အောင် ရေးသားခဲ့သလို အားလုံးနားလည်နိုင်မယ့်
စကားလုံးဝေါဟာရတွေကိုပဲ သုံးစွဲခဲ့ပါတယ်''ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
တစ်ဦးဖြစ်သည့် ကိုမြအေးက ပြောကြားခဲ့သည်။
  ကြေညာချက်၌ အချက်လေး ချက်ပါဝင်ခဲ့ပြီး အဆိုပါအချက်များ မှာ . . .
(၁) ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသည်တိုင်းရင်းသားလူမျိုး ပေါင်းစုံနေ
ထိုင်သောနိုင်ငံဖြစ်သည်။
(၂) စစ်ဘေးဒဏ်သင့်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် လိုအပ်သော
 ထောက်ပံ့ကူညီမှုများ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်စေရန် သက်ဆိုင်ရာအဖွဲ့အစည်း
အသီးသီးမှ ပူးပေါင်းကူညီဆောင်ရွက်ပေးရေးကို ကျွန်ုပ်တို့မှ လိုလားသည်။
(၃) ယခုဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏
အနာဂတ်လူမှုဘ၀ လုံခြုံရေး၊ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ကျွန်ုပ်တို့တိုင်းပြည်တွင် လက်ငင်းဆောင်ရွက်ရမည့်ပြဿနာများ ဖြစ်သည်။
(၄) ထို့ကြောင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့ကို အာမခံချက်ရှိသည့် ပြည်ထောင်စုဖြစ်ရန်နှင့် နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပွားနေသော
 ပြည်တွင်းစစ်ကို ရပ်စဲနိုင်ရန် စစ်မှန်သောငြိမ်းချမ်းရေးကိုရှေးရှုသည့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုများ အမြန်ဆုံး ဖော်ဆောင်သွားရန် အလေးအနက် ဆန္ဒပြုပါသည်'' ဟူ၍ ဖြစ်ပါသည်။
၈၈ မျိုးဆက် ကျောင်းသားများသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံအနီးရှိ
တန်ဖဲရွာ၌ကျင်းပသော  ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီလ
၂၅ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုလှမျိုး နောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ စမ်းချောင်းကိုကိုကြီး၊ မနီလာသိန်း၊ မမာမာဦး အစရှိသူတို့ပါဝင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ကိုမြအေး၊ ကိုပြုံးချို၊
ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ ကိုမြတ်သူ၊ မစန်းစန်းမော်၊ မမီမီလွင် အစရှိသူတို့ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်းသားများက ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခြင်း၊ အလှူငွေပေးအပ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့ကို အာမခံချက်ရှိသည့် ပြည်ထောင်စုဖြစ်ရန်နှင့် နိုင်ငံရေးပဋိပက္ခများကြောင့် ဖြစ်ပွားနေသော
 ပြည်တွင်းစစ်ကိုရပ်စဲနိုင်ရန် စစ်မှန်သောငြိမ်းချမ်းရေးကို ရှေးရှုသည့် နိုင်ငံရေး
ညှိနှိုင်းဆွေးနွေးမှုများ အမြန်ဆုံး ဖော်ဆောင်သွားရန် အလေးအနက်ဆန္ဒပြုပါသည် . . .

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့သို့ လွတ်မြောက်လာ ခဲ့ပြီးနောက် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ပထမဆုံးပြု လုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌
၈၈ မျိုးဆက် ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။
ထိုသဘောထား ထုတ်ပြန်ချက်တွင် အချက်ကိုးချက် ပါဝင်ခဲ့ပြီး အချက်အမှတ်(၈)၌ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော် သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးရှိ
 ပြုပြင်ပြောင်းလဲရေးအင်အားစုများနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။

No comments: