Published on February 22, 2012 by အေးနိုင် (DVB)
နာမည်ကြီးတေးရေးဆရာ  အဆိုတော် ဆောင်းဦးလှိုင်က တကိုယ်တော် စတိတ်ရှိုးကနေရရှိတဲ့  အနုပညာလုပ်အားခကို ၈၈ မျိုးဆက်ကျောင်းသားများနဲ့ နာရေးကူညီမှုအသင်း  (ရန်ကုန်) ကို ၄၂ သိန်းဆီ လှူဒါန်းလိုက်ပါတယ်။
ရရှိငွေ  ၁၂၆ သိန်းကို ၃ ပုံ ပုံပြီး ၁ ပုံကို MRTV- 4 ရုပ်သံလိုင်းက ပရဟိတအဖွဲ့ကို  လှူဒါန်းပေမယ့် အဲဒီအဖွဲ့က သူတို့ ဘဏ္ဍာငွေရှိတဲ့အတွက် လက်မခံဘူးလို့  ဆိုပါတယ်။ကိုဆောင်းဦးလှိုင်က  “အနုပညာဝင်ငွေကို ကျနော် သုံးပုံ ပုံပါတယ်။ တပုံက  နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလှူပါတယ်။ တပုံက ၈၈ ကျောင်းသားများ လူမှုရေး  ဆောင်ရွက်နိုင်ရန် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လှူပါတယ်။ နောက်တပုံက MRTV- 4 က  လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် လှူဖို့ရည်ရွယ်ထားတာပါ။ ဒါပေမယ့်  သူတို့က ရန်ပုံငွေတောင့်ပါတယ်။ တခြားလိုအပ်တဲ့နေရာတွေမှာ သုံးပါဆိုလို့  ကျန်တပုံကိုတော့ နောင်နောက် ဂီတရန်ပုံငွေပွဲတွေ လုပ်တဲ့အခါ အရင်းအဖြစ်  မတည်နိုင်အောင် ဒီနေ့အလှူပွဲလေးမှာ အားလုံးရဲ့ ဆန္ဒသဘောနဲ့ မတည်ငွေအဖြစ်  ထားထားလိုက်တယ်။”
နာရေးကူညီမှုအသင်း  (ရန်ကုန်) ကလည်း ကချင်ဒေသကို လူမှုကူညီရေး သွားရောက်လုပ်ဆောင်မယ့် ၈၈  မျိုးဆက်ကျောင်းသားအဖွဲ့ကို ကျပ်ငွေ သိန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။  နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့  ရာသက်ပန် အဖွဲ့ဝင်လည်းဖြစ်တဲ့  ကိုဆောင်းဦးလှိုင်က ခုလို ဆိုပါတယ်။
“မှန်ပါတယ်။  ကျနော်တို့ အသင်းက အတွင်းရေးမှူးဖြစ်တဲ့ မရွှေဇီးကွက်ရဲ့ မေတ္တာ ရပ်ခံချက်၊  ဆွေးနွေးညှိနှိုင်းချက်အရ ကချင်ပြည်နယ်ဘက်ကို သွားပြီး လူမှုရေး လုပ်ငန်းတွေ  ဆောင်ရွက်မယ့် ၈၈ မျိုးဆက်ကျောင်းသားများအတွက် သိန်း ၁၀၀ ထပ် လှူလိုက်ပါတယ်။  သူတို့က ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပဲ။ ကျနော်တို့ကလည်း  ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပံ့ပိုးတာပါ။”
နာရေးကူညီမှုအသင်း  (ရန်ကုန်) အသင်းရုံးမှာ ကျင်းပတဲ့ လှူဒါန်းပွဲကို ၈၈ မျိုးဆက်  ကျောင်းသားတွေရယ်၊ နိုင်ငံရေးလောကနဲ့ ဂီတလောကက ပုဂ္ဂိုလ်တွေအပါအ၀င် လူ ၁၀၀  ကျော် တက်ပါတယ်။ 
No comments:
Post a Comment