ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူလူထုအား ပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ချက်များ


Wednesday, 07 March 2012 02:53
“ကျွန်မနားလည်သလောက်က ပေါ့နော် ဒီဘက်မှာဆိုလို့ရှိရင် ဒက္ခိဏ သီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀မှာ ရုန်းကန်ရပါတယ်။ အဲတော့ ကျွန်မတို့တွေက ဘ၀တူတွေ ပဲ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဟာ ဘယ်လောက်ရုန်းကန် ရသလဲဆိုတာ အများသိပြီး ဖြစ်ပါတယ်။ ရုန်းကန်ရတဲ့သူခြင်း အတူတူဆိုတော့ နားလည်မှုရှိတယ်။ ဘ၀မှာဘယ်လို ရုန်းကန်ရသလဲ။ ဘ၀မှာ ဘယ်လို အခက်အခဲတွေနဲ့ တွေ့ရသလဲ။ ကျွန်မတို့ အဖွဲ့ချုပ်ဆိုလို့ရှိရင် ဆင်းဆင်းရဲရဲ နဲ့ ပင်ပင်ပန်းပန်းနဲ့ ရပ်တည်ခဲ့တာနှစ် ၂၀ ကျော်ပါပြီ။ ဒါကြောင့်မို့ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပြရစေ။ လက်တွေ့နားလည်တဲ့ အဖွဲ့မို့ ကျွန်မတို့ဟာ လက်တွေ့အဖြေတွေကို ရှာရမယ်။ ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ အဓိက အကြောင်းအရင်းဟာ ဘာလဲဆိုတာ ကျွန်မတို့ သုံးသပ်ရမယ်။ အဲဒါ သေချာသုံးသပ်လို့ရှိရင်တော့ အုပ်ချုပ်မှုစနစ်က မပီပြင်လို့ပဲလို့ ပြောရမှာဘဲ။” “ ကျွန်မတို့ဒီလို့ပြောရခြင်း အကြောင်းက ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံဟာ သယံဇာတပစ္စည်း အားဖြင့် အင်မတန်ချမ်းသာတဲ့ နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံလို့ ပြောရင်တောင်မှ  မှားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့လည်း တစ်ချိန်တည်းမှာ ကျွန်မတို့ ပြည်သူတွေဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး ပြည်သူတွေဘဲလို့ ပြောရင်လည်း မှန်မှာပဲဖြစ်ပါတယ်။ ဒီတော့ကျွန်မတို့ဟာ ဘ၀တူချင်း အတူတူ လက်တွဲပြီးတော့ ရုန်းကန်ရမယ်။ ဒီဒေသမှာ ပြည်သူတွေဘယ်လို ဒုက္ခခံစားနေရသလဲ ဆိုတာ ကျွန်မတို့အဖွဲ့ချုပ်ဝင်တွေ မသိတဲ့သူ တစ်ယောက်မှရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ အကြာကြီး ဒီလိုပဲ ရုန်းကန်ခဲ့ရတာကို။ ပြည်သူတွေရဲ့ ဘ၀တွေမြှင့်တင်ပေးဖို့ ကျွန်မတို့ နိုင်ငံကို လမ်းသစ်ပေါ်ကိုတင်ဖို့ ကြိုးစားနေတာပါ။ အဲဒီလမ်းသစ်ဆိုတာ ဒီမိုကရေစီလမ်းကြီးကို ပြောတာပါ။ ကျွန်မတို့လာတဲ့ ဟိုင်းဝေးကို ပြောတာ မဟုတ်ပါဘူး။”
“ဒီမိုကရေစီလမ်းကြီးပေါ်ကို ကျွန်မတို့နိုင်ငံကို တင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အဲဒီ့လမ်း ပေါ်ရောက်ပြီးလား ဆိုတော့ မရောက် သေးပါဘူး။ ကျွန်မတို့ ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုကြိုးစားနိုင်တဲ့ အခွင့်အရေး ဖြစ်ပေါ်လာအောင် လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးကိုလည်း ကျွန်မတို့က ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တစ်ကယ်တော့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရမှာ။ ကာယံကံရှင်က ကိုယ်တိုင်ရုန်းကန်မှ ဖြစ်မြောက်လာမှာ ဆိုတာ ကျွန်မတို့ပြည်သူလူထု အားလုံးကို  နားလည်စေချင်တယ်။ တခြားလူကို အားကိုးနေလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်။ ဒီတော့ ပြည်သူတွေကထင်မယ်။ ဒို့ကဒီလောက်တောင် အားနည်းနေတာ၊ ဒီလောက်တောင် ဆင်းရဲနေတာ၊ ဒို့မှာ ရှိစုမဲ့စု လယ်တွေယာတွေတောင် ပျောက်သွားတဲ့ သူတွေက ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်မှာလဲလို့။ အဲဒီ့လို တစ်ချို့ကစိတ်ထဲမှာ ထင်လိမ့်မယ်။”
“ ဒါပေမဲ့ပြည်သူတွေမှာ ဘာရှိလဲဆိုတာ စဉ်းစားလို့ရှိရင် ပြည်သူတွေရဲ့အင်အားဆိုတာ နည်းတာမဟုတ်ဘူး။ ပြည်သူမရှိရင်နိုင်ငံ ဆိုတာမရှိနိုင်ဘူး။ အဲဒါအမြဲမှတ် ထားပါ။ နိုင်ငံတစ်နိုင်ငံဆိုတာပြည် သူရှိမှတည်နိုင်မယ်ဆိုတာ အမြဲမှတ် ထားပါ။ အဲတော့အဓိကကပြည်သူ တွေဘဲ။ တစ်နည်းအားဖြင့်ဆိုလို့ရှိ ရင် ပြောရမယ်ဆိုလို့ရှိရင် စားပွဲတစ်ခုကို ကြည့်လိုက်တာပေါ့နော်။ စားပွဲမှာဆိုလို့ရှိရင် အပေါ်ကအပြားရှိ တယ်။ အောက်မှာခြေထောက်တွေ ရှိမယ်။ အပေါ်က အပြားကတော့သူကို သူ သိပ်အထင်ကြီးရင်ကြီးမယ်။ ငါကမြောက်နေတာပဲဆိုတော့၊ ခြေချောင်းတွေဖြုတ်လိုက်ရင် ဘာမှမရှိ တော့ဘူး။ ဗြုပ်ဆိုပြီးတော့ ကျသွား မှာဘဲ။ အဲဒီ့လိုပဲ နိုင်ငံဆိုတာထောက်ထားမယ့် ပြည်သူမရှိဘဲနဲ့ ဘယ်တော့မှ မတိုးတက်နိုင်ဘူး။ မမြင့်မားနိုင်ဘူးဆိုတာ သေသေချာချာ စွဲစွဲမြဲမြဲ စိတ်ထဲမှာထားပါ။ “
“ဒါကြောင့်ကျွန်မတို့က ပြည်သူတွေရဲ့သြဇာလွမ်းမိုးနိုင်မဲ့ စနစ်တစ်ခု ဒီနိုင်ငံမှာ အမြစ်တွယ်စေချင်တယ်။ ပြည်သူတွေရဲ့ သြဇာလွမ်းမိုးတဲ့စနစ်ဆိုတာ ဒီမိုကရေစီ။ ဒီမိုကရေစီရဲ့အဓိပ္ပာယ်ဟာ ဒါပါဘဲ။ ဒီမိုဆိုတာပြည်သူ၊ ကရေစီ ဆိုတာ အင်အားသြဇာ။ ပြည်သူရဲ့ အင်အားပြည်သူရဲ့သြဇာ အဲဒီ့စနစ်ကို ပြောတာ။”
“ပြည်သူရဲ့အင်အားပြည် သူရဲ့သြဇာလွှမ်းမိုးတဲ့စနစ်။ ဒီတော့ လက်တွေ့ကြကြပြည်သူတွေက အ ထူးသဖြင့်ပေါ့နော်။ အခုဆိုလို့ရှိရင် ကျွန်မတို့အဖွဲ့ချုပ်ထဲကလို အဖိနှိပ် ခံရတဲ့သူတွေ၊ အခုဒီမြို့နယ်ကလို အဖိနှိပ်ခံရတဲ့တောင်သူလယ်သမား တွေ။ တောင်သူလယ်သမားမဟုတ် တော့ဘူးပေါ့နော်။ အဖိနှိပ်ခံရလို့ တောင်တွေယာတွေလည်း ပျောက်သွားပြီပေါ့နော်။ အဲဒါတွေကိုဒီလိုလူတွေ က ဘယ်လိုလုပ် သြဇာလွှမ်းမိုးနိုင်မလဲ ဆိုရင် လက်တွေ့ကျကျ နည်းတစ်ခုကတော့ ရှိပါတယ်။ အဲဒီ့လက်တွေ့ ကျကျ ကရွေးကောက်ပွဲမှာ မဲပေးခြင်းပါဘဲ။ တစ်ချို့ကတော့ပြောမယ် ရွေးကောက်ပွဲမှာမဲပေးလို့ရှိရင် မသမာမှု တွေကြောင့်မို့လို့ ကိုယ်ပေးတဲ့အတိုင်း မဖြစ်ဘူးလို့ ထင်တဲ့သူတွေကလည်း ထင်လိမ့်မယ်။ ဒါပေမဲ့ဒါတွေကို ကျွန်မတို့ ကာကွယ်နိုင်တယ်။ အခုလာမယ့် ရွေးကောက်ပွဲ မဲမသမာမှုတွေ  မရှိအောင်လို့ ကာကွယ်နိုင်မယ့် နည်းတွေ အမျိုးမျိုးရှိတယ်။ ဒါဟာ ကျွန်မတို့အဖွဲ့ချုပ်တွင်မက ပြည်သူတွေ ကပါ ၀ိုင်းပြီးတော့ လုပ်ပေးရမှာပါ။   ပြည်သူတွေကိုလည်း ဒီရွေးကောက် ပွဲနဲ့ ပတ်သက်လို့ ပညာပေးပါမယ်။  ကျွန်မတို့အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေကလည်း ပညာပေး ပါမယ်။ ဘာဟာ ဘယ်လိုလုပ်ပုံ လုပ်နည်းတွေဟာ မသမာဘူးလဲဆိုတာ ရှင်းပြပြီးတော့၊ ဒီလိုမသမာတဲ့လုပ် နည်းကိုင်နည်းတွေကို တွေ့လို့ရှိရင် ကျွန်မတို့က အသိပေးပါ။ ကျွန်မတို့ က သက်ဆိုင်ရာကို ဒီကိစ္စကိုတင်ပြပြီးတော့ ရှင်းလင်းဖို့လုပ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲစည်းမျည်းဥပဒေတွေ ဆိုတာရှိတယ်။ ဒီဥပဒေတွေနဲ့ မကိုက်ညီပဲ လုပ်တဲ့ကိစ္စတွေဆိုရင် ကျွန်မတို့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ပိုင် ခွင့်ရှိတယ်။ ဥပမာဆိုလို့ရှိရင် ပြည်သူ လူထုကို ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာဟာ ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီဘူးဆိုတာ အားလုံးနားလည်ဖို့ လိုပါတယ်။ ခြိမ်းခြောက်တယ်ဆိုတာ နည်းအမျိုးမျိုးရှိတယ်နော်။”
“ တစ်ချို့ခြိမ်းခြောက်နည်းတွေ က ငါတို့ကိုမဲမပေးလို့ရှိရင် ဘာတော့မပေးဘူးဆိုတာ ခြိမ်းခြောက်တာဘဲ။ ငါတို့ကို မဲမပေးလို့ရှိရင် ဘယ်လို့အခွင့်အရေးတွေကို ရုပ်သိမ်းမယ်လို့ ပြောတာလဲ ခြိမ်းခြောက်တာဘဲ။ ဒါတွေဟာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့လုံးဝမညီဘူးဆိုတာ ပြည်သူတွေနားလည်ပါ။ အဲလို ခြိမ်းခြောက်မှုတွေရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အသိပေးပါ။ ခြိမ်းခြောက်မှုဆိုတာ တရား မ၀င်သလို၊ လာဘ်ပေးတာလည်း တရားမ၀င်ဘူးနော်။ မဲဝယ်တာဆိုတာ လည်းတရားမ၀င်ပါဘူး။ ဒို့အဖွဲ့ချုပ် ကိုမဲပေးလို့ရှိရင် ဒါပေးမယ်။ ဟိုဟာ ပေးမယ်ဆိုတာလည်း တရားမ၀င်ဘူး ဆိုတာ ကျွန်မသတိပေးပါရစေ။”
“ ကျွန်မတို့အဖွဲ့ချုပ်ကတော့ မဲဆွယ်တဲ့ နေရာမှာ ရိုးရိုးပဲဆွယ်မယ်။ ကျွန်မ တို့ကိုမဲထည့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မဲတွေ လိုချင်လို့။ ဘာဖြစ်လို့လိုချင်လဲဆိုတော့ မဲတွေမရလို့ ရှိရင် ကျွန်မတို့ကိုယ်စားလှယ်ဟာ အရွေးခံရမှာ မဟုတ်ဘူး။ အရွေးမခံရလို့ရှိရင် သူ့ကိုဘယ်လိုလုပ် ခိုင်းစားမလဲ။ ရွေးပြီးတော့မှခိုင်းစားလို့ ရမှာ။ အဲဒီ့တော့ ပြည်သူတွေအနေနဲ့ ရွေးလိုက်ပါ။ ရွေးပြီးတော့မှ သူ့ကို ကောင်းကောင်းခိုင်းစားပါ။ အဲဒါ ခိုင်းအစားဖို့အတွက် ဒီကိုလွတ်ထားတာပါ။”
“ ကျွန်မတို့တွေအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲတုန်းက မ၀င်ခဲ့ဘူး။ မ၀င်ခဲ့တဲ့အကြောင်းကိုလည်း ကျွန်မတို့ရှင်းပြပါရစေ။ ကျွန်မတို့ မူအရ၊ ယုံကြည်ချက်အရ မ၀င်ခဲ့တာပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေထဲမှာ  ဘာပါလဲဆိုတော့ ဘယ်ပါတီမဆိုပေါ့နော် အကျဉ်းကျနေတဲ့ ကိုယ့်ရဲ့အဖွဲ့ဝင်တွေကို ထုတ်ပြစ်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း တစ်ခုလည်းပါတယ်။ ကျွန်မတို့က ဒါကိုလက်မခံဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့အဖွဲ့ချုပ်ဝင်တွေဟာ ထောင်ကျ အကျဉ်းကျခံနေရတာဟာ အဖွဲ့ချုပ်ရဲ့တာဝန်တွေကို ထမ်းဆောင်လို့ခံရတာ။ ဒီတော့ကျွန်မတို့ က သစ္စာတရားကို ဘယ်တော့မှ လက်မလွတ်ဘူး။ ကျွန်မတို့အပေါ်မှာ သစ္စာရှိတဲ့ ကိုယ်စားလှယ်တွေကို ကျွန်မတို့က လှစ်လျူရှုပြီး ပစ်မထားဘူး။ အဲဒီ့အကြောင်း တစ်ကြောင်းကြောင့်ကျွန်မတို့ဟာ လက်မခံဘူးလို့ ပြောခဲ့တယ်။ အခုဆိုလို့ရှိရင် နေပြည်တော်မြို့နယ်တွေထဲမှာ အရွေးခံမယ့် ကိုယ်စားလှယ်လောင်း သုံးယောက်ဟာ ဆိုလို့ရှိရင် အကျဉ်းကျ ဘ၀ကနေ ထွက်လာတာ မကြာသေးပါဘူး။”
“ဒီလိုလူတွေကိုဘာဖြစ်လို့အ ကျဉ်းထောင်ထဲမှာ ထည့်ထားရမှာလဲ။ ဒါနိုင်ငံအကျိုးအတွက် အများကြီး သယ်ပိုးနိုင်တဲ့လူငယ်တွေ၊ ဒီလို လူငယ်တွေကို အကျဉ်းချထားတယ် ဆိုတာ ကျွန်မတို့နိုင်ငံအတွက် အများကြီးနစ်နာပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့အဖွဲ့ရဲ့တာဝန်တွေကို ကျေတဲ့သူတွေကို ပစ်ထားပြီးတော့ ရွေးကောက်ပွဲ မ၀င်ဘူးဆိုတဲ့အကြောင်း တစ်ကြောင်းကြောင့်လည်း ရွေးကောက်ပွဲ မ၀င်တာဖြစ်ပါတယ်။ ဒုတိယအကြောင်းကတော့ ကျွန်မတို့ ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်ရှောက်၊ ကာကွယ်ရမယ် ဆိုတဲ့အချက် ကို လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလည်းဆိုတော့ ကျွန်မတို့အမြင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဆိုရင် တိုင်းပြည်အကျိုးအတွက် ပြင်ဆင်ဖို့လိုတဲ့ အချက်တွေရှိနေတယ်။ ဒီလိုပြင်ဆင်ဖို့ အချက်တွေရှိနေလို့ ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့အချက်ကို လက်မခံဘူး။”
“နောက်တစ်ခုကလည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်တယ် ဆိုတာကို ကျွန်မတို့က လက်မခံဘူး။ ဒီရလဒ်ကို ပယ်ဖျက်လိုက်တယ် ဆိုတာဟာ ၁၉၉၀ ခုနှစ် တုန်းက ကျွန်မတို့ အမျိုးသား ဒီကရေစီအဖွဲ့ချုပ်က ၈၀ ရာခိုင်နှုန်းကျော် နိုင်ခဲ့လို့၊ အာဏာလိုချင်လို့ လက်မခံတာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့        ဆန္ဒကိုမထီမဲ့မြင်ပြုလို့ ကျွန်မတို့က လက်မခံတာဖြစ်ပါတယ်။”
“ ဒါပေမဲ့လည်း ဒီအချက်သုံးချက်နဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ အခုလက်ရှိအာဏာ ပိုင်များနဲ့အစိုးရနဲ့ သဘောတူညီမှု ယူနိုင်ခဲ့ပါတယ်။ အဲဒီ့လိုယူနိုင်ခဲ့အောင် လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို လည်း ကျွန်မကကျေးဇူးတင်ပါတယ်။ ဒီလိုသဘောတူညီမှုတွေ ယူနိုင်ခဲ့လို့အခု ကျွန်မတို့ဧပြီလ ၁ ရက် နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေး ကောက်ပွဲတွေမှာ ၀င်ပြီးတော့ပြိုင်မှာ ဖြစ်ပါတယ်။ ဒီကြားဖြတ်ရွေး ကောက်ပွဲဆိုတာ တစ်နိုင်ငံလုံးမှ ၄၈ နေရာပဲ ရှိတယ်။ ကျွန်မတို့အားလုံး နိုင်အုန်းတော့ ၄၈ ယောက်သော ကိုယ်စားလှယ်ဘဲ ရှိမှာပါ။ ဒါပေမဲ့လည်း ကျွန်မတို့က စွန့်စားပြီးလုပ်မယ်။ ၄၈ ယောက်သော ကိုယ်စားလှယ်များဟာ သန်းခြောက်ဆယ်သော ပြည်သူတွေရဲ့အကျိုးကို တက်နိုင်သမျှ လုပ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွန့်စားပြီးတော့ ရွေးကောက်ပွဲဝင်တာ ဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူတွေ ရဲ့အသံကို နိုင်ငံတစ်နိုင်ငံလုံးမက တစ်ကမ္ဘာလုံးက ကြားအောင်လို့ လုပ်ပေးနိုင်တဲ့ အရည်အချင်းတော့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ရှိတယ်ဆိုပြီးတော့ နည်းနည်းလေးတော့ ကြွားကြွားဝါးဝါးလေး ပြောပြပါရစေ။”
“ဒါပေမဲ့ကြွားတယ်ဆိုပေမဲ့ အမှန်အတိုင်း ပြောတာနော်။ ကျွန်မလိမ်ပြောတာ မဟုတ်ဘူးနော်။ တစ်ကယ်ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့အသံဟာ တစ်ကမ္ဘာလုံးက နားထောင်တဲ့ အသံပါ။ တစ်ကမ္ဘာ လုံးကြားလို့ရှိရင် သတိပြုတဲ့အသံပါ။ ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ဟာ ပြည်သူလူထုကို အစဉ်တစ်ကယ် ကိုယ်စားပြုတယ်ဆိုပြီးတော့ ကမ္ဘာက အသိအမှတ်ပြုထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့ချုပ်ဟာ အင်မတန်မှ အဖိအနှိပ်ခံထား ခဲ့ရပေမဲ့လည်း ပြည်သူအကျိုးကို တက်နိုင်တဲ့ဘက်ကနေ ပြီးတော့အနှစ် ၂၀ ကျော် ထမ်းဆောင်ခဲ့ပါတယ်။ အခုဆိုလို့ရှိရင် ဒီလိုပြည်သူ့အကျိုး ထမ်းဆောင်တဲ့နေရာမှာ ချဲ့ထွင်ပြီးတော့ ထမ်းဆောင် ချင်ပါတယ်။ လွှတ်တော်အပြင်ကနေ မဟုတ်ဘူး။ လွှတ်တော်ထဲကိုဝင်ပြီး တော့ ကျွန်မတို့တက်နိုင်သမျှ ထမ်းဆောင်ချင်ပါတယ်။ ဒါကြောင့်မို့လို့ နေပြည်တော်မှာ ကျွန်မတို့ရဲ့ကိုယ်စားလှယ်တွေကို လွှတ်ပြီးတော့ ၀င်ပြိုင်ဖို့စီစဉ်တာပါ။”
“ ကျွန်မတို့ရဲ့အင်မတန်မှ သတ္တိရှိရှိနဲ့ နေပြည်တော်မှာ တက်ပြီး ပြိုင်တဲ့ ကိုယ်စားလှယ်တွေကို အားပေးကြပါ။ ထောက်ခံကြပါ။ မဲပေး ကြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မဒီမလာခင်တုန်းက စိတ်ထဲမှာထင်မိတယ်။ ဒက္ခိဏသီရိ မြို့နယ်က ရွာသူရွာသားတွေကလည်း တော်တော်များတယ်ဆိုတော့၊ ၀န်ထမ်းတွေလည်း ပါလားတော့ မသိဘူးပေါ့နော်။ ကျွန်မကနည်းနည်းများ ကြောက်ကြမလားလို့ ထင်သေးတယ်။ အဲဒီ့တော့ ကြောက်တာမကြောက်တ ထက် အရေးကြီးတာက မဲပေးဖို့ ကျွန်မကပြောပြရစေ။ ကျွန်မတို့က လက်တွေ့ကျတယ်လေ။ လက်တွေ့ကျတယ်ဆိုတော့ ကြောက်တဲ့သူကို မကြောက်နဲ့လို့ အတင်းပြောလို့မရ ဘူး။ ဒါပေမဲ့ ကျွန်မပြောချင်တာက ကြောက်သည်ဖြစ်စေ၊ မကြောက် သည်ဖြစ်စေ ကိုယ်လုပ်သင့်လုပ်ထိုက် တဲ့ကိစ္စကိုတော့ လုပ်နိုင်အောင်လို့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ယူရမယ်။”
“ အဲဒါဟာဘ၀မှာ တိုးတက်ချင်ရင်ဒီလို ပဲလုပ်ရမှာပဲ။ ရိုးရိုးဥပမာတစ်ခုနဲ့ ပြောမယ်။ တစ်ချို့ဆိုလို့ရှိရင် ခြေထောက်ထိခိုက် ဒဏ်ရာရသွားတယ်။ ခြေထောက်ကျိုးသွားတယ်။ ခြေထောက်ပြန်ဆက်ရတယ်။ ဆရာဝန် တွေကခြေထောက်ကိုလေ့ကျင့်ခန်း လုပ်ရမယ်လို့ ညွှန်ကြားတာတွေရှိ တယ်။တစ်ချို့ကအဲဒီ့လေ့ကျင့်ခန်း လုပ်လို့ နာတာကိုမခံနိုင်တော့ သူတို့ ကျိုးသွားတဲ့ ခြေထောက်က နောက်ကျတော့ ကောင်းကောင်းပြန် မဖြစ်သွားဘူး။ အဲတော့ ခံသင့်တဲ့နေရာမှာ အံကြိတ်ပြီးတော့ခံလိုက်ရတယ်။ ဒါမှ ရေရှည်မှာစံရမှာ ဖြစ်တယ်ဆိုတာ ကျွန်မတို့ပြည်သူလူထု အားလုံး နားလည်စေချင်တယ်။ အရင်တုန်းက ဘာအခွင့်အရေးမှ မရှိတဲ့အချိန်အခါ မှာကျွန်မတို့ဟာ ကျွန်မတို့ရဲ့လူငယ်တွေ တော်တော်များများကို ပညာတွေ ပေးနိုင်တယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုရတယ်။ HIV/ AIDS  စခန်း ဖြစ်တဲ့ ဒေါ်ဖြူဖြူသင်းရဲ့ စခန်းလိုဟာမျိုးကို လုပ်နိုင်ခဲ့တယ်။ ကျွန်မတို့ဘာမှမရှိပဲနဲ့ ဆင်းဆင်းရဲရဲနဲ့ ပြည်သူရဲ့ ထောက်ခံမှုကို ယူပြီးတော့ လုပ်ခဲ့တာပါ။ ဒီတော့ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေ ရှိလို့ရှိရင် ပြည်သူတွေအများစု အတွက် ပိုပြီးလုပ်နိုင်မယ်လို့ ပြည်သူ တွေက ယုံကြည်နိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။”
“ ဒါပေမဲ့လည်း ပြည်သူတွေမှာလည်း တာဝန်ရှိမယ် ဆိုတာကို ပြောပြပါရစေ။ သတိတစ်ခုတော့ပေးပါရစေ။ တို့ကိုသာမဲ ထည့်ပေးရင် အားလုံးကောင်းစေရမယ်ဆို တဲ့လူမျိုးတွေကို မယုံမိစေနဲ့။ ဒီလူကို မဲထည့်တာနဲ့ ဒီလူကဖြစ်စေလို့ လုပ်ပေးနိုင်တဲ့ဆိုလို့ရှိရင် သူကနည်းနည်းကြောင်ရင်ကြောင်၊ မကြောင် ရင်အာဏာရှင်ဘဲ။ ပြည်သူ တွေရဲ့ ဘ၀ဖူလုံရေးအတွက် အလုပ်တွေ ဖန်တီးရေးဟာ ကျွန်မတို့အဖွဲ့ချုပ်ရဲ့ ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီမို ကရေစီစနစ်မှာ အစိုးရနဲ့ ပြည်သူ ဆိုတာ အပြန်အလှန်ရှိရမယ်။ ကျွန်မတို့ဟာ အစိုးရမဖြစ်သေးသော်လည်း ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေဖြစ်ဖို့ ကြိုးစားနေတာ။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကြားမှာဆိုရင် အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ ကူညီမှု၊ အကူအညီတောင်းမှု ဆိုတာရှိရမယ်။”
“ ပြည်သူတွေကလည်း ကျွန်မတို့ကို အကူအညီတွေ တောင်းပိုင်ခွင့်ရှိရမယ်။ ပြည်သူတွေကလည်း ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ထည့်ပေးလိုက်လို့ရှိရင် ကိုယ်စားလှယ်ကြီး ဟိုဟာကိုဖြစ်အောင် လုပ်ပေးပါ။ ဒီဟာကိုဖြစ်အောင် လုပ်ပေးပါဆိုပြီး ပြောလို့ရတယ်။ ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဖြစ်ရင်ဖြစ်တယ်။ မဖြစ်ရင်မဖြစ်ဘူးဆိုတာကို ပြောရမယ်။ ငါလုပ်ပေးချင်ရင်လုပ် ပေးမယ်၊ မလုပ်ပေးချင်ရင် မလုပ်ပေးဘူးဆိုပြီး နေလို့မရဘူး။ ကျွန်မတို့ ပြည်သူတွေဟာ ညီညီညွှတ်ညွှတ်၊ စည်းစည်းကမ်းကမ်းရှိရှိ ကိုယ့်အင်အားတွေကို မှန်မှန်ကန်ကန်သုံးသွားမယ် ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တစ်ချိန်တစ်ခါတုန်းကလို အရှေ့ တောင် အာရှမှာ ထွန်းထွန်းတောက် ထိပ်တန်း က နိုင်ငံဖြစ်နိုင်တယ် ပြောချင်ပါတယ်။ ကျွန်မတင် မဟုတ်ပါဘူး အခြား အရှေ့တောင်အာရှက ချမ်းသာနေတဲ့ နိုင်ငံတွေ ဒီစကားပြောလာပါတယ်။

No comments: