အပစ်အခတ်ရပ်စဲတယ်၊ ငြိမ်းချမ်းရေးလိုလားတယ် ဆိုတဲ့  ခေါင်းမြီးခြုံစစ်အာဏာရှင်တွေဟာ ပါးစပ်က ငြိမ်းချမ်းရေး အော်ပြီး လက်ကတော့  ပုဆိုးခြုံထဲမှာ သေနတ်ပြောင်းတိုက်နေပါတယ်။
တကယ်တော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့စစ်တပ်က သမတ  (ဗိုလ်ချုပ်ကြီးဟောင်း)သိန်းစိန်ရဲ့ အပစ်ရပ်ဖို့ အမိန့်ကို မလိုက်နာတာ  မဟုတ်ပါဘူး။ ဒါတွေက ကြိုတင်ဇာတ်ညွှန်းဆွဲ စီစဉ်ပြီးသားဖြစ်ပါတယ်။ ၁၉၆၂  ခုကတည်းက မုသာဝါဒ ကံ၊ ပါဏာတိပါတာကံ၊ အဒိန္နဒါနာကံ သီလတွေတခုမှမမြဲခဲ့တဲ့  မြန်မာစစ်ခေါင်းဆောင်တွေဟာ ဘယ်အချိန် ဘယ်သူက ဘယ်လိုလိမ်၊ ဘယ်သူက ဘယ်လိုသတ်၊  ဘယ်သူက ဘယ်လိုခိုးဆိုတာ စီမံချက်ဆွဲပြီးသား ဖြစ်ပါတယ်။
(၁)
၂၀၁၁ ခု ဒီဇင်ဘာ ၁၀ ရက်မှာ ကချင်ပြည်နယ် စစ်ဆင်ရေးတွေ  ရပ်ဆိုင်းခိုင်းလိုက်တယ်လို့ ကြော်ငြာပြီး ငြိမ်းချမ်းရေး  ဝါဒဖြန့်ထိုးစစ်တွေ စလာခဲ့ပါတယ်။ ဇန်နဝါရီလလယ်လောက်မှာ ကချင်ပြည်နယ်  မန့်ဝိန်းကြီးနဲ့ ရှမ်းမြောက်ပိုင်း နမ့်ခမ်း ဂွင်တွေထဲက မြန်မာတပ်တွေ  လူမြင်သူမြင် ရုပ်သိမ်းခဲ့လို့ ဒေသခံပြည်သူတွေ ပျော်ခဲ့ကြပါတယ်။ သမတကြီး  အမိန့်အ တိုင်း တကယ်စစ်ရပ်စဲပြီ ထင်ခဲ့ကြပါတယ်။ တပ်မ ၉၉ လက်အောက်ခံ ၉၉၃  ဗျူဟာနဲ့ ခလရ ၁၄၊ ခမရ ၃၁၅၊ ခမရ ၄၂၀ တို့ဟာ နမ့်ခမ်း-မူဆယ်-လားရှိုး-မန္တလေး  လမ်းကြောင်းအတိုင်း သီချင်းတွေအော်ဆို မြူးပျော်ပြီး နောက်တန်းကို ပြန်သွား  ကြပါတယ်။
ဒါပေမဲ့ ခေါင်းမြီးခြုံစစ်အာဏာရှင်တွေဟာ တပတ်လောက်အကြာမှာ  ၉၉၁ ဗျူဟာနဲ့ ခလရ ၇၉၊ ခမရ ၁၁၃၊ ခမရ ၄၁၇၊ ခမရ ၄၁၈ တို့ကို  မန္တလေး-မိုးမိတ်လမ်းကနေ ခိုးကြောင်ခိုးဝှက်နဲ့ ရှမ်း-ကချင်နယ်စပ်ကို  သွင်းလာပါတယ်။ ဒီ ၄ ရင်းအပြင် သိန္နီအခြေစိုက် ခလရ ၆၉ ကိုပါ ၉၉၃  အပြန်မှာခေါ်ချသွားပြီး ၉၉၁ နဲ့ ပြန်ထည့်လိုက်ပါတယ်။ ဒီလိုနဲ့ ၉၉၁ နဲ့ ၅  ရင်း ဟာ မန့်ဝိန်းကြီးဂွင်မှာ ပြန်ရောက်နေပြီး ကေအိုင်အေ တပ်မဟာ ၃ နဲ့ ၄  ကိုဖြတ်တောက်တိုက်ခိုက်နေပါ တယ်။
အလားတူဘဲ ဗိုလ်ချုပ်မင်းအောင်လှိုင် တပ်မမှူးလုပ်ခဲ့တဲ့ တပ်မ  ၄၄ ကိုလဲ အကျအဆုံးများလာရင် တပ်မမှူးဟောင်း အ ပေါ် ရှိစုမဲ့စုထောက်ခံမှုလေး  ပျောက်မစိုးလို့ သထုံပြန်ပို့ပေးပြီး မြောက်ပိုင်းတိုင်း(မပခ) နဲ့ကပ်ရက်  အနောက်မြောက် တိုင်း (နမခ) လက်အောက်ခံ ဗျူဟာတခုနဲ့တပ်ရင်း ၃ ရင်းကို  ဖားကန့်-ကာမိုင်း-ဆင်ဘိုဂွင်ထဲ သွင်းလာပါတယ်။ အခု ဆိုရင် နမခ က နောက်ထပ် ၂  ရင်း ထပ်ထည့်လိုက်လို့ ၅ ရင်း ဖြစ်သွားပြီး ကေအိုင်အေ တပ်မဟာ ၂ နဲ့  ကေအိုင်အေ ဗဟိုကို ဖြတ်တောက်ဖို့ (ဧရာဝတီမြစ် အနောက်ခြမ်းနဲ့အရှေ့ခြမ်း  အဆက်ဖြတ်ဖို့) ကြိုးစားနေပါတယ်။ တပ်မတပ်တွေ ထပ်သွင်းရင် သိသာလို့  တခြားတိုင်းကတပ်တွေ ခိုးသွင်းတဲ့သဘောပါ။
မကွေးကလာတဲ့ တပ်မ ၈၈ က ၁၀ ရင်း၊ ဗန်းမော်အခြေစိုက် စကခ-၂၁  ၁၀ ရင်း၊ မိုးကောင်းအခြေစိုက် စကခ-၃ ၁၀ ရင်းတို့ကလဲ ကေအိုင်အေဗဟို  လိုင်ဇာကို ဝိုင်းပတ် တိုက်ခိုက်နေဆဲဖြစ်သလို မပခ တိုင်းတပ် ၂၀  ရင်းလောက်ကလဲ ဗျုဟာ ၃ ခုခွဲပြီး အင်ဂျန်းယန်ဂွင်၊ ဖားကန့်ဂွင်၊  မြစ်ကြီးနား-ဝိုင်းမော်ဂွင်တွေမှာ ကေအိုင်အေ တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၅  တို့ကို တိုက်နေပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာတော့ အရှေ့မြောက်တိုင်း (ရမခ) က  ဗျူဟာတခုနဲ့ ၆ ရင်းက နမ့်ခမ်းမှာ တရုတ်ပိုက်လိုင်း နဲ့  ရွှေလီဓာတ်အားလိုင်းတွေကို ကာကွယ်ပေးနေပြီး စကခ-၁၆ ကတဗျူဟာနဲ့ ၃ ရင်းက  မုံးဝီးဂွင်၊ စကခ-၁ က တဗျူဟာ နဲ့ ၆ ရင်းက နမ္မတူဘော်တွင်းဂွင်၊ ရမခ က ဗျူဟာ ၁  ခုနဲ့ ၄ ရင်းက နမ္မတူနဲ့လားရှိုးကြားမှာ လှုပ်ရှားနေကြပါတယ်။ ဒီ တပ်တွေက  မန္တလေး-လားရှိုးလမ်းမြောက်ဖက်-အနောက်ဖက် ရှမ်း-ကချင်နယ်စပ်မှာ ကေအိုင်အေ  တပ်မဟာ ၄ နဲ့ ၃ ကို အဆက်ဖြတ် တိုက်ခိုက်ဖို့ဖြစ်သလို အဲဒီဂွင်ထဲမှာရှိတဲ့  ဗိုလ်ချုပ်ပန်ဖရဲ့ အက်စ်အက်စ်အေတပ်၊ ဗိုလ်ချုပ်ရွက်စစ်ရဲ့  အက်စ်အက်စ်အေ(တောင်ပိုင်း)တပ်၊ တကျော့ပြန်ပလောင်တော်လှန်ရေးတပ်တို့ကိုပါ  ချေမှုန်းဖို့ လှုပ်ရှားနေတာ ဖြစ်ပါ တယ်။
ကြံ့ဖွတ်တပ်တွေကို ထောက်ကူဖို့ လွှတ်တော်ကိုယ်စားလှယ်  ဘိန်းဘုရင်ကျော်မြင့်ရဲ့ ပန်ဆေးပြည်သူ့စစ် နဲ့ ဘိန်း ဘုရင်မြင့်လွင်ရဲ့  မုံးဝီးပြည်သူ့စစ်တွေကိုလဲ သုံးနေပါတယ်။
လားရှိုး-မူဆယ်ကားလမ်း အရှေ့ခြမ်းမှာတော့ သိန္နီအခြေစိုက်  စကခ-၁၆ က ၂ ဗျူဟာနဲ့ ၆ ရင်း၊ ကျောက်မဲအခြေစိုက် စကခ-၁ က တဗျူဟာ နဲ့ ၂  ရင်းတို့က ကချင်တပ်မဟာ ၄ ကို ဦးတည်တိုက်နေပြီး ရမခတပ်တွေကတော့ ကွတ်ခိုင်ဗျူ  ဟာနဲ့ ကွမ်းလုံဗျူဟာတို့က ၁၂ ရင်းလောက်နဲ့ နယ်မြေထိန်းလှုပ်ရှားနေပါတယ်။
ဗိုလ်ချုပ်ပန်ဖရဲ့  အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီတပ်တွေကိုတော့ တန့်ယန်းမှာ တဗျူဟာနဲ့ ၅ ရင်း၊  သီပေါ တောင် ခြမ်းမှာ တဗျူဟာနဲ့ ၄ ရင်းက ဦးတည်တိုက်နေပါတယ်။  ငြိမ်းချမ်းတည်ငြိမ်သွားပြီဆိုတဲ့ ကိုးကန့်ဒေသမှာ တပ်မ ၃၃ က နောက်တန်း  စစ်ကိုင်းကိုပြန်သွားပြီး ကလေးအခြေစိုက် စကခ ၁၀ လက်အောက်ခံ ၂ ဗျူဟာနဲ့ ၇  ရင်း က လောက်ကိုင် ဒေသခံ ၂ ရင်းနဲ့ပေါင်းပြီး ဖုန်ကြားရှင်းရဲ့  ကိုးကန့်ပြောက်ကျားတွေကို ရင်ဆိုင်နေပါတယ်။
ခြုံကြည့်လိုက်ရင် ဗမာစစ်တပ်တပ်ရင်းပေါင်း ၅၂၅ ရင်းမှာ  တပ်ရင်း ၁၀၀ လောက် သို့မဟုတ် ၂၀% လောက်ကို ကချင်နဲ့ တိုက်ခိုင်းနေတာ  တွေ့ရပါတယ်။
(၂)
အက်စ်အက်စ်အေ (မြောက်ပိုင်း) ကို ရမခ၊ စကခ-၁၊ စကခ-၁၆ တို့က  တပ်ရင်း ၂၈ ရင်းနဲ့ တိုက်နေသလို စကခ-၂ က ဗျူဟာ ၃ ခုနဲ့ ၁၀ ရင်းကလဲ  တိုက်နေပါတယ်။
အက်စ်အက်စ်အေ (တောင်ပိုင်း) တပ်တွေကိုတော့  သံလွင်အနောက်ဖက်မှာ ကွန်ဟိန်း၊ လင်းခေး၊ မိုင်းကိုင်တို့မှာ အခြေ ပြုထားတဲ့  အရှေ့အလယ်ပိုင်းတိုင်း (ရလခ) ရဲ့ ဗျူဟာ ၃ ခုနဲ့ တပ်ရင်း ၁၃ ရင်းက  ထိန်းချုပ်ရှင်းလင်းနေပြီး သံလွင်အ ရှေ့ဖက်မှာတော့ ဟိုမိန်းဗျူဟာ နဲ့ ၄  ရင်း၊ မိုင်းဆတ်အခြေစိုက် စကခ-၁၄ နဲ့ ၁၀ ရင်း၊ မိုင်ဖြတ်အခြေစိုက် စကခ-၁၈  နဲ့ ၄ ရင်း၊ တြိဂံတိုင်းက ၁၅ ရင်းလောက်က ကန့်သတ်ထိန်းချုပ်တာတွေ  လုပ်နေပါတယ်။
(၃)
အပစ်ရပ်ပါပြီဆိုတဲ့ ကေအဲန်ယူ-ဒီကေဘီအေ နယ်မြေမှာလဲ  ဗမာတပ်တွေ နေရာဝင်ယူလှုပ်ရှားနေတာကို ခုလိုတွေ့ရပါ တယ်။ ကေအဲန်ယူတပ်မဟာ ၁  သထုံနယ်မြေမှာ ရန်ကုန်-အင်းတိုင်အခြေစိုက် တပ်မ ၁၁ နဲ့ ၄ ရင်း၊ တပ်မဟာ ၂  တောင် ငူအရှေ့ခြမ်းမှာ ပြည်အခြေစိုက် တပ်မ ၆၆ နဲ့ ၇ ရင်း၊ ရခိုင်ကလာတဲ့  စကခ-၉ နဲ့ ၇ ရင်း၊ တပ်မဟာ ၃ နယ်မြေ ညောင် လေးပင်အရှေ့ခြမ်းမှာ ရန်ကုန်  ဖူးကြီးအခြေစိုက် စကခ-၄ နဲ့ ၇ ရင်း၊ တပ်မဟာ ၄ နယ်မြေ ဘိတ်-ထားဝယ်ဘက်မှာ  ဘုတ်ပြင်းအခြေစိုက် စကခ-၁၃ နဲ့ ၁၀ ရင်း၊ တပ်မဟာ ၅ နယ်မြေ ဖာပွန်ဂွင်မှာ  ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နဲ့ ၇ ရင်း၊ တပ်မ ၁၁ နဲ့ ၃ ရင်း၊ တပ်မဟာ ၆  မော်လမြိုင်အရှေ့ခြမ်းမှာ တပ်မ ၂၂ က ၃ ရင်း၊ ရေးအခြေစိုက် စကခ-၁၉ က ၁၀  ရင်း၊ တပ်မဟာ ၇ ဖားအံခရိုင်မှာ တပ်မ ၂၂ က ၄ ရင်းနဲ့ ကော့ကရိတ်အခြေ စိုက်  စကခ-၁၂ က ၁၀ ရင်း လှုပ်ရှားနေပါတယ်။
တိုင်းတပ်တွေအနေနဲ့ တောင်ပိုင်းတိုင်း (တပခ) က ဗျူဟာ ၃ ခု  ရွှေကျင်၊ သံဘို နဲ့ လိပ်သိုမှာ ထိုင်ပြီး တပ်ရင်း ၁၂ ခု၊ အရှေ့တောင်တိုင်း  (ရတခ) ဗျူဟာ ၄ ခုက လှိုင်းဘွဲ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ သင်္ဃန်းညီနောင်  တို့မှာ တပ်ရင်း ၁၀ ခု၊ ကမ်းရိုးတန်းတိုင်း (ကရခ) ဗျူဟာ ၂ ခုက  ကော့သောင်းနဲ့ မေတ္တာမှာ တပ်ရင်း ၁၀ ခုနဲ့ နယ်မြေထိန်းချုပ် နေပါတယ်။  အားလုံးပေါင်းလိုက်ရင် တပ်ရင်းပေါင်း ၁၀၀ ကျော်ရှိပြီး တနိုင်ငံလုံးကတပ်  ၂၀% ကျော်ပါတယ်။
(၄)
တိုက်တိုက် မတိုက်တိုက်၊ အဲဒီတပ်တွေကို  တိုင်းရင်းသားနယ်မြေတွေက မရုပ်သိမ်းသရွေ့ လက်ရှိအစိုးရဟာ တကယ်  တန်းငြိမ်းချမ်းရေးကို လိုလားတယ်လို့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကို  ဘယ်တော့မှမရနိုင်ပါ။ တပ်မတော်သားတွေရဲ့ ထောက်ခံမှုကိုလဲ ဘယ်တော့မှမရနိုင်ပါ။
ဂါမဏိ

No comments:
Post a Comment