မြန်မာနိုင်ငံရှိအလုပ်သမားများ၏ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ


မြန်မာနိုင်ငံ
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
 

သတင်းထုတ်ပြန်ချက်
၁၃၇၄ ခုနှစ် နယုန်လဆုတ်(၈) ရက်
၂၀၁၂ ခုနှစ် ဇွန်လ(၁၂) ရက်
မြန်မာနိုင်ငံရှိအလုပ်သမားများ၏ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ

၂၀၁၂ခုနှစ် မေလဆန်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံ(၅၇)ရုံမှ အလုပ်သမား (၃၆၈၁၀)ဦး နှင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားထုကြီးသည် နှစ်ကာလရှည်ကြာစွာခံစားခဲ့ရသော လူမှုဒုက္ခများမှလွတ်မြောက်လိုသော ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ၊ ဆန္ဒပြ မှုများ ဖြစ်ပွားနေခဲ့သည်။ ယနေ့ဆိုလျှင် အလုပ်ရုံ၊ စက်ရုံများတွင်  အလုပ်ရှင်နှင့်အလုပ်သမားကြား ညှိနှိုင်း မှုများပြုလုပ်ခဲ့ကြရာ အချို့စက်ရုံများမှာ လက်တလောတွင်နားလည်မှု ရရှိထားပြီးဖြစ်သော်လည်း အချို့စက်ရုံ အလုပ်ရုံများမှာ နားလည်မှုတစ်စုံတစ်ရာ အထမမြောက်သေး သဖြင့် ဆက်လက်၍ ဆန္ဒဖော်ထုတ်ပြသနေဆဲ ဖြစ်ပါသည်။
အလုပ်ရှင်များနှင့် အလုပ်သမားများအကြား သဘောတူညီချက်များရရှိပြီး နောက်ပိုင်း ဆန္ဒပြအလုပ် သမားများအားလုံးအား နဂိုမှုလအတိုင်း လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်နိုင်ရန် အာမခံချက်သည် အရေးကြီးသော ကတိက၀တ် တစ်ခုဖြစ်သည်။

ဤအခြေအနေတွင်  နိုင်ရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် အနေဖြင့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် ၏ အပြုသဘောဆောင်အကြံပြုတိုက်တွန်းချက် များသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်နေသော အစိုးရတစ်ခုအတွက် တန်ဘိုးရှိသော တိုက်တွန်းချက်များ ဖြစ်ကြောင်း အလေးအနက်အသိအမှတ်ပြုပါသည်။
မြန်မာနိုင်ငံရှိအလုပ်သမားထုကြီး၏ ဆန္ဒဖော်ထုတ်တောင်းဆိုမှုများကို ပြန်လည်ဆန်းစစ်ပါက ယေဘူယျ အားဖြင့် အောက်ပါအချက်များကို တွေ့ရှိရပါသည်။

·         မြန်မာနိုင်ငံ အလုပ်သမားထုကြီးသည် တရှိန်ထိုးမြင့်မားလာခဲ့သော ကုန်ဈေးနှုန်းနှင့်အညီ လုံလောက် မျှတသည့် ၀င်ငွေမရရှိကြခြင်း။ `
·         တရားဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေးများ၊ ရပိုင်ခွင့်များ မရရှိခြင်း။
·         လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုများအတွက် နစ်နာကြေး၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် တရားဝင်ဆေးခွင့်မရရှိခြင်း။
·         လုပ်ငန်းခွင်အတွင်း အသုံးပြုသော ပစ္စည်းကိရိယာများကို လုံလောက်စွာ ထုတ်ပေးခြင်းမရှိဘဲ မတော်တဆ ကျိုးပျက်သွားပါက အလုပ်သမားများ၏ ကိုယ်ပိုင်ပိုက်ဆံဖြင့် ၀ယ်ယူသုံးစွဲနေကြရခြင်း။
·         လုပ်ငန်းခွင်အတွင်း အလုပ်သမားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက် အကြမ်းဖက်မှုများရှိနေခြင်း။
·         အချို့စက်ရုံများသည် လူမှုဖူလုံရေးအတွက် လုပ်ခလစာများမှ လစဉ်ဖြတ်တောက်မှုရှိသော်လည်း လူမှုဖူလုံရေးဝန်ဆောင်မှုမရရှိခြင်း။
·         ပုံမှန်အလုပ်ပိတ်ရက်ကို အစိုးရရုံးပိတ်ရက်များ နှင့် အပတ်စဉ် တနင်္ဂနွေနေ့ အဖြစ်သတ်မှတ်ထား သော်လည်း အများအားဖြင့် တနင်္ဂနွေနေ့တွင် အလုပ်ဆင်းရပြီး နေ့တွက်လုပ်အားခမှာ ကျပ် ၂၀၀၀/- ၀န်းကျင်သာရရှိ၍ အလုပ်မဆင်းပါက အဆမတန် (အခြေခံလစာအားလုံးနီးပါး) ဖြတ်တောက်လေ့ ရှိခြင်း။
·         ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့အတွက် တရားဝင်ခွင့်ရက်ခံစားခွင့်မပေးခြင်း။
·         လုပ်ငန်းရှင်များက တာဝန်ပေးထားသော/ခန့်ထားသော အုပ်ချုပ်သူ ခေါင်းဆောင်များသည် စီမံခန့်ခွဲမှု အရည်အသွေးမပြည့်ဝခြင်း။
·         လုပ်ငန်းရှင်များသည် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးတို့အပေါ်လေးစားလိုက်နာမှု ပျက်ကွက်နေခြင်း။
·         ဆင့်ကဲဆင့်ကဲသောတာဝန်ရှိသူများ၏ ခွဲခြားဆက်ဆံမှုများ(Discrimination)ရှိနေခြင်း။
·         မြန်မာနိုင်ငံရှိအလုပ်သမားထုကြီးအားအကာအကွယ်ပေးသော ဥပဒေများမရှိခြင်း။
မြန်မာနိုင်ငံသည် စစ်အစိုးရ၏ နှစ်ပေါင်း(၅၀)ကျော်ကြာအုပ်ချုပ်မှုအတွင်း ပြည်သူလူထုသည် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်းရှားပါးမှု အစရှိသော အကြပ်အတည်းများကြောင့် ဆင်းရဲမွဲတေမှုပြဿနာကို အကြီးအကျယ်ရင်ဆိုင်လာခဲ့ရသဖြင့် ယနေ့ကာလတွင် အိမ်ရှိလူကုန်အလုပ်လုပ်မှ မိသားစု ထမင်းနှပ်မှန်သည့် အခြေအနေတွင်ရှိနေသည်။ ထိုအခြေအနေကြောင့် ကလေးအလုပ်သမား ပြဿနာများ ပေါ်ထွက်လာခြင်းဖြစ်သည်။ ကလေးအလုပ်သမားပြဿနာအားတိုက်ဖျက်ရာတွင် ၄င်းကလေး အလုပ်သမားများ၏ မိသားစုစားဝတ်နေရေး နှင့် လုပ်ခလစာ မလုံလောက်မှုအားလည်းကောင်း၊ လူကြီးများ အလုပ်အကိုင်ရှားပါးမှုအားလည်းကောင်း ချန်လှပ်ထား၍မရဘဲ ထည့်သွင်းစဉ်းစားရမည့်ပြဿနာ များဖြစ်ပါ သည်။ ကလေးအလုပ်သမားများသည် မိသားစုစားဝတ်ရေးအတွက် လက်ရှိလုပ်ငန်းခွင်အား စွန့်ခွာလိုခြင်း မရှိသည်ကိုလည်းတွေ့ရှိရသည်။ ကျွန်ုပ်တို့အနေဖြင့် ကလေးအလုပ်သမားလျော့ချရေး ဆောင်ရွက်ရာတွင် ပထမခြေလှမ်းအဖြစ် ကာလအတိုင်း အတာတစ်ခုအတွင်း လုပ်ငန်းခွင်အတွင်းရှိနေသော ကလေး အလုပ်သမားများအား အကာအကွယ်ပေးရေးလုပ်ငန်းကို ဦးစွာစတင်ရမည်ဖြစ်သည်။ ယနေ့ကာလတွင် လုပ်ငန်းခွင်တွင် ရောက်ရှိနေသော ကလေးလုပ်သမားများအား ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့် ရှောက်ခံပိုင်ခွင့်၊ အနားယူခွင့်၊ မိသားစုများနှင့်အတူနေထိုင်ခွင့်၊ အသင်းအဖွဲ့များ တွင်လွတ်လပ်စွာပါဝင်ခွင့် အစရှိသော၊ ကလေး သူငယ်ဆိုင်ရာအခွင့်အရေးများ ရရှိခံစားနိုင်စေရန် တိုက်တွန်းတောင်း ဆိုမှုများသည်သာ ကလေးအလုပ်သမားပပျောက်ရေးစီမံချက်၏ ပိုမိုလက်တွေ့ကျသော ရှေ့ပြေးဆောင်ရွက်မှု ဖြစ်သည်ဟု သုံး သပ်မိပါသည်။ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကို လေးစားသဘောတူအကောင် အထည်ဖော် နေသော အစိုးရအနေဖြင့်လည်း ထိုရှေ့ပြေးလုပ်ငန်းစဉ်အား စိတ်ပါဝင်စားစွာပံ့ပိုး ကူညီမည်ဟု မျှော်လင့်မိပါသည်။ လုပ်ငန်းရှင်များကလည်း ကလေးသူငယ်အခွင့်အရေးများကို လေးစားအသိအမှတ် ပြုခြင်းသည် ဆင်းရဲမွဲ တေမှုကို လျော့ချရာတွင် ထိရောက်သော နည်းလမ်းဖြင့် ကူညီပံ့ပိုးရာရောက် သည်ဟု မြန်မာပြည်သူများ အနေဖြင့် ယုံကြည်ပါသည်။
ထို့အပြင် မျိုးဆက်သစ်လူငယ်မျာအတွက် ပညာရေးသည် အဓိကကျသော လူမှုအရင်းအမြစ် တစ်ခုဖြစ် သည့်အားလျော်စွာ အလုပ်လုပ်ရင်း ပညာသင်ယူနိုင်ရန်အတွက် သင့်တင့်လျောက်ပတ်သော လုပ်ခလစာနှင့် ပညာရေးအတွက်အခွင့်အလမ်းများကို တရားဝင်သတ်မှတ်ပြဌာန်းပေးခြင်းသည်လည်း အလုပ်သမားပြဿနာ များပြေလည်ရေးမှသည် ပြဿနာများလျော့နည်းကျဆင်းရေးဆီထိ ဦးတည်ကြောင်း အပြုသဘောဆောင်၍ အကြံပြုထောက်ပြလိုပါသည်။
နိုင်ငံအတွင်းရှိ တန်ဘိုးရှိလှသော လူသားအရင်းအမြစ်များအား ဥပဒေဘောင်အတွင်းမှ အကာအကွယ်မပေး ပါက နိုင်ငံအတွင်း၌ပင် ကျွန်ပြုခံနေရသော အခြေအနေကိုပေါ်လွင်ထင်ရှားစေမည်ဖြစ်ပြီး ဥပဒေများ၊ အလုပ်သမားရပိုင်ခွင့်များဖြင့် တရားမျှတစွာ အကာအကွယ်ပေးပါက ဖွံဖြိုးတိုးတက်နေသော အရင်းအမြစ်များ ဖြစ်လာရေးအထိဦးတည်နေပါသည်။
ယခင်က စီးပွားရေးပိတ်ဆို့မှုနှင့် ဌာနဆိုင်ရာတို့၏ လာဘ်ပေးလာဘ်ယူ ခြစားမှုတို့ကြောင့် လုပ်ငန်းရှင်ကြီးများ ၏ စီးပွားကုန်သွယ်မှုတွင် သယ်ယူပို့ဆောင်ရေးအခက်အခဲများ၊ ကုန်ကျစရိတ်များ၊ တရားမ၀င်ပေးဆောင်ရ သော အခွန်ငွေများကြောင့် ကုန်သွယ်မှုလုပ်ငန်းများတွင် အခက်အခဲများရှိခဲ့သည်ကို နားလည်သဘော ပေါက်ပါသည်။
သို့သော်ယနေ့ကာလသည် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ဦးတည်နေသော ကာလဖြစ်သဖြင့် အဆိုပါ အခက် အခဲများအား လူမှုတရားမျှတမှုကိုရှေ့ရှု၍ ပြည်သူနှင့်အတူ ရပ်တည်ဖြေရှင်းမှ ပြေလည်မည်ဖြစ်သည်ဟု အပြုသဘောဆောင်၍ အကြံပြုတိုက်တွန်းလိုသည်။ လုပ်ငန်းရှင်များ၏ အထွေထွေအခက်အခဲသည် အခြေခံလူတန်းစားများ၏ အသက်၊ သွေး၊ ချွေး တို့နှင့်အတူ မိသားစုဘ၀များစွာမှ နှိုက်ယူဖြေရှင်းခြင်းသည် မှန်ကန်မျှတသော စီးပွားရေးနည်းလမ်းမဟုတ်သည်ကို ထောက်ပြလိုပါသည်။
သို့ပါ၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားထုကြီး က မိမိတို့အခက်အခဲများကို ရဲရဲဝံ့ဝံ့ မှန်ကန်သောနည်းလမ်းများဖြင့် ဆန္ဒဖော်ထုတ်တောင်းဆိုလှုပ်ရှားမှုများအား နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်  မှ လေးလေးနက်နက်ထောက်ခံကြောင်း၊ ပါဝင်လှုပ်ရှားခဲ့ကြသော အလုပ်သမားထုကြီးအား လည်းကောင်း၊  ဆက်လက်ဆန္ဒဖော်ထုတ်တောင်းဆိုနေကြသော အလုပ်သမားထု ကြီးအားလည်း ကောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများ၊ နစ်နာမှုများ အတွက်လည်းကောင်း၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အတွက် မြန်မာနိုင်ငံရှိ အလုပ်သမားထုကြီးနှင့်အတူ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် သည် အတူတကွရပ် တည်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုကြီးထံသို့ အသိပေးအကြောင်းကြားလိုက်ရပါသည်။


နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
 (၁၂..၂၀၁၂)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: