နိုဗယ်ဆုက မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန် လှုပ်ရှားနေရသည်ကို ကမ္ဘာကသိရန် ပြောနိုင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



Sunday, 17 June 2012 01:18
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခန်းမ၌ ဇွန်လ ၁၆ ရက်နေ့တွင် နိုဗယ်လ်လက်ချာ ပေးနေစဉ် ဓာတ်ပုံ (AFP)

နိုဗယ်ဆုက မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည်ကို ကမ္ဘာကသိရန် ပြောနိုင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နော်ဝေနိုင်ငံ အော်စလိုမြို့ မြို့တော်ခန်းမ၌ ဇွန်လ ၁၆ ရက်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည်  ငြိမ်းချမ်းရေးနိုဗယ်ဆုကို ၁၉၉၁ ခုနှစ်တွင် ရရှိပြီး နှစ်ပေါင်း ၂၁ နှစ်အကြာတွင် နော်ဝေနိုင်ငံ အော်စလို မြို့၌ ဇွန်လ ၁၆ ရက်က နိုဗယ်မိန့်ခွန်း ပြောကြားရာတွင်

ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဆုကို ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့ခြင်းမရှိဘဲ ခင်ပွန်းနှင့် သားနှစ်ဦးတို့က သူ့ကိုယ်စား ဆုလက်ခံရယူခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးနိုဗဲယ်ဆုသည် သူ့နှလုံးသားတံခါးကို ဖွင့်လိုက်သည်ဟုလည်း ၎င်းက ပြောကြား

ခဲ့သည်။
ငြိမ်းချမ်းမှုဆိုသည့် အဓိပ္ပါယ်သည် အတူတကွ လက်တွဲနေထိုင်နိုင်မှုများကို ပျက်စီးစေသည့် အရာ
အားလုံး ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိသည့်ဘ၀ဟူ၍ မြန်မာနိုင်ငံသားများအနေဖြင့် ခံယူထားကြောင်း၊ 'ငြိမ်းချမ်း'ဆိုသည့် မြန်မာစကား၏ အဓိပ္ပါယ်သည်လည်း အပူမီးများ ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိသည့် အဓိပ္ပါယ်ဆောင်ကြောင်း၊ လူသားများ၏ ခံစားမှုများသည်လည်း ကမ္ဘာတစ်ဝန်းတွင် အပူမီးကဲ့သို့ တောက်လောင်နေပါကြောင်း၊ သူ၏ တိုင်းပြည် မြောက်ပိုင်းတွင်ဆိုရင်လည်း ပဋိပက္ခများ မချုပ်ငြိမ်းသေးသလို  ယခုခရီးစဉ် မထွက်လာသေးခင် ရက် ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံ အနောက်ပိုင်း၌ အကြမ်းဖက် ပဋိပက္ခများကြောင့် မီးလောင်မှု၊ သေဆုံးမှုများ ဖြစ်ခဲ့ကြောင်း၊ လူသတ် ရက်စက်သည့် သတင်းများသည်လည်း ကမ္ဘာ့ အခြားနေရာများတွင် များပြားနေပါကြောင်း၊ အငတ်ဘေး၊ ရောဂါဘယ၊ နေရာရွှေ့ပြောင်းခံရမှု၊ အ  လုပ်လက်မဲ့၊ ဆင်းရဲမွဲတေမှု၊ မတရားမှု၊ ခွဲခြားဆက်ဆံခြင်း၊ မလိုမုန်းထားခြင်း စသည့်သတင်းများသည် မိမိတို့ နေ့စဉ်စားသုံးနေရသည့် အစားအစာများဖြစ်ပါကြောင်း၊ နေရာတိုင်းတွင် ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်များကို အဖျက်စွမ်း
အားများက တဖြည်းဖြည်း ပျက်ပြုန်းစေပါကြောင်း၊ ကျွန်မတို့ ကမ္ဘာကြီး၏ ပျော်ရွှင်မှုနှင့် သဟဇာ
တဖြစ်မှုကို ထိန်းသိမ်းရန် မရှိမဖြစ် လိုအပ်သည့် လူသားအရင်းအမြစ်နှင့် ရုပ်ဝတ္ထုများကို အဆင်ခြင်မဲ့ ဖြုန်းတီးပစ်နေသည်ကို နေရာတိုင်းတွင် တွေ့နိုင်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က
 ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သူ့အနေဖြင့် ဘာကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရအောင် ကြိုးစားနေသလဲဟု မေးလာပါက အဖြေမှာ ဒီမိုကရေစီထွန်းကားသည့် လူ့ဘောင်မှသာ လူ့အခွင့်
အရေးများကို အာမခံနိုင်မှာ ဖြစ်လို့ပါပဲဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ယုံကြည်

ချက်ကြောင့် အကျဉ်းကျနေသူများ ရှိနေသေးကြောင်း၊ ယခုဒီနေရာကနေ သူပြောရခြင်းသည်လည်း သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ရတာကြောင့်ဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်း
ကျသူ တစ်ယောက်ဆိုရင်ပဲ တစ်ယောက်ဆိုသလောက် များနေပြီဖြစ်ကြောင်း၊ မလွတ်သေးသူများ 
အမြန်ဆုံး လွတ်မြောက်လာရန်လည်း တတ်နိုင်သမျှ လုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။
''ကျွန်မနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ ဘယ်အခန်းကဏ္ဍကမဆို ပါဝင်ဆောင်ရွက်ဖို့ အသင့်ပဲဖြစ်သလို ဆောင်ရွက်ချင်ပါတယ်''ဟုလည်း  ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် ပြည်တွင်းအင်အားစုများဖြစ်
ကြသည့် တပ်မတော်၊ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ မီဒီယာ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေး အသိုင်းအ၀ိုင်းနှင့် ၎င်းတို့ထဲတွင် အရေးကြီးဆုံးမှာ ပြည်သူဖြစ်ပြီး ၎င်းတို့ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရေရှည်ထိန်းထားနိုင်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော
ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုဗယ်မိန့်ခွန်းထဲတွင် နေအိမ်အကျယ်ချုပ်ကျစဉ်ကာလနှင့် ဘာသာရေးအရ ဒုက္ခအပေါ် ရှုမြင်ချက်များ၊ ထိုင်းနိုင်ငံကို သွားရောက်ခဲ့စဉ် တွေ့ဆုံခဲ့သည့် ဒုက္ခသည်များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများကိစ္စကို ထိုင်းနိုင်ငံ အပါအ၀င် နိုင်ငံတကာက ၀ိုင်းဝန်းကူညီရန်လည်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ နော်ဝေနိုဗယ် ဆုချီးမြှင့်ရေးကော်မတီ၊ နော်ဝေ ဘုရင်၊ ဘုရင်မ အပါအ၀င် မင်းဧည့်ပရိသတ် ၆၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်ငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သည့် ပန်းချီပြပွဲကိုလည်း တက်ရောက်ဖွင့်လှစ်ကာ ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် လူထုတွေ့ဆုံပွဲတွင်လည်း မိန့်ခွန်းပြောကြားခဲ့ကာ  အဆိုပါ လူထုတွေ့ဆုံပွဲသို့ ဥရောပရောက် မြန်မာများနှင့် နော်ဝေနိုင်ငံသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံသို့ ဇွန်လ ၁၈ ရက်နေ့တွင် သွားရောက်ကာ U2 တေးဂီတအဖွဲ့၏ ဖျော်ဖြေပွဲသို့ သွားရောက်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)မှ ချီးမြှင့်သော Ambassador of Conscience ဆုကို လက်ခံ ရယူမည်ဖြစ်သည်။ 
ထို့နောက် ဇွန်လ ၁၈ ရက်နေ့ ညပိုင်းတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့အထိ နေထိုင်မည်ဖြစ်ကာ ဗြိတိန် အထက်လွှတ်တော်၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

ထို့အပြင် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့်မွေးနေ့ကိုလည်း ဗြိတိန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ဇွန်လ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
 ELeven Media Group



ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: