နိုင်ငံသားစိစစ်ရေးကတ်အတုဖြင့် ပတ်စ်ပို့လာလျှောက်သူ ဖမ်းမိ


ဘင်္ဂလီလူမျိုးတစ်ဦး နိုင်ငံသားစိစစ်ရေးကတ်ပြား အတုဖြင့် ပတ်စ်ပို့လာလျှောက်ရာမှ ဗဟန်း မြို့နယ်နိုင်ငံကူးလက်မှတ်ရုံးတွင် ဖမ်းဆီးရမိခဲ့သည့်ဖြစ်ရပ်တစ်ခု ဇွန် ၁၂ ရက်က ဖြစ်ပွားခဲ့သည်။

ယင်းနေ့ ၃ နာရီခွဲခန့်တွင် လ၀ကဦးစီးအရာရှိ ဦးဝင်းလှိုင်သည် ပတ်စ်ပို့ရုံးရှိ မှတ်ပုံတင်ရေးဌာန တွင် တာဝန်ဆောင်ရွက်နေစဉ် ကျော်ခင်(ခ) အဒူဟာရှင်(၃၀) နှစ် ဘင်္ဂလီလူမျိုး၊ ၁၂၃ လမ်း၊ သပြေကုန်းရပ် ကွက်၊ မင်္ဂလာတောင်ညွှန့်နေသူသည် နိုင်ငံသား စိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်ပြီး နိုင်ငံကူးလက်မှတ်လာ ရောက်ပြုလုပ်ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“အခုဒီကိစ္စကို ဗဟန်းရဲစခန်းက တာဝန်ယူစစ်ဆေးနေတယ်။ နိုင်ငံကူးလက်မှတ်ကို လိမ်လည် လျှောက်ထားတာပဲ။ မှတ်ပုံတင်အတုကို ဘယ်ကလုပ်တာလဲ။ ဘယ်သူပြုလုပ်ပေးတာလဲစတဲ့အချက်တွေ စနစ် တကျစစ်ဆေးပြီး စုံစမ်းဖော်ထုတ်သွားမယ်။ ထိထိရောက်ရောက် ဥပဒေအရ အရေးယူသွားမှာပါ” ဟု မြန်မာနိုင် ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန များ၌ နိုင်ငံကူးလက်မှတ်ကို မမှန်မကန်မပြုလုပ်ရေး၊ တိုင်းတစ်ပါးသားများကို နိုင်ငံကူးလက်မှတ်ပြုလုပ်မပေး ရေး၊ အချက်အလက်မှန်မှန်ကန်ကန်ဖြစ်စေရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းစေရေးစသည့် အချက်များကို သက်ဆိုင်ရာရုံးများတွင် အသီးသီးဖော်ပြထားကြောင်း သိရသည်။

“ခုလိုအချိန်မှာ ဘင်္ဂလီလူမျိုးတစ်ဦးနိုင်ငံသား စိစစ်ရေးကတ်ပြားအတုကိုင် ပတ်စ်ပို့လျှောက် တာဟာ စိတ်ဝင်စားစရာကိစ္စပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာမှမှတ်ချက်မပေးလိုဘူး” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအမှုကို ဗဟန်းရဲစခန်းမှ (ပ) ၂၈၉/၁၂၊ ပုဒ်မ-၄၂၀/၄၆၈ ဖြင့် စုံစမ်းစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
Source: The article first appeared on Flower News Journal(ပန်းသတင်းဂျာနယ်) - အတွဲ ၈၊ အမှတ် ၂၃

No comments: