အခွန်ထမ်းပြည်သူများအား အတင်းအဓမ္မ ဖယ်ရှားခြင်း

 
ဒဂုံမြို့သစ်မြောက်ပိုင်း
ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ခြင်း
၁၃၇၄ ခုနှစ် ပထမဝါဆိုလဆန်း(၇) ရက်
၂၀၁၂ ခုနှစ် ဇွန်လ(၂၅) ရက်
အခွန်ထမ်းပြည်သူများအား အတင်းအဓမ္မ ဖယ်ရှားခြင်း
        ဒဂုံမြို့သစ်မြောက်ပိုင်း ၅၀ ရပ်ကွက် ကျန်စစ်သားပတ်လမ်း ဘေးနားတွင်တည်ရှိသော ထားဝယ်ချောင် သချိုင်္င်းကုန်း အနီးတွင်မှီတင်းနေထိုင်ကြသော မိသားစုဦးရေမှာ ၆၂ ဦးရှိပြီး အိမ်ထောင်စု ၁၁ နေထိုင်လျှက်ရှိပါသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ် ကာလက ယခုနေရာသည် လှည်းကူးအပိုင်ဖြစ်ခဲ့ပြီး ၁၉၈၈ အာဏာသိမ်းအစိုးရတက်လာပြီးနောက် ယင်းလှည်းကူး အပိုင်သည် ဒဂုံမြို့သစ်မြောက်ပိုင်း အပိုင် ဖြစ်သွားခဲ့သည် ။ ထိုနေရာကို ယနေ့မနက် ( ၂၅.၆.၂၀၁၂) ငါးနာရီလောက်တွင် လုံထိန်း ၊ ရဲတပ်ဖွဲ့ နှင့် စည်ပင်အင်အား ၄၀၀ ကျော် ၊ SB ၂၀ ကျော်တို့ဖြင့် ၎င်းနေရာတွင် နေထိုင်လျှက်ရှိသောပြည်သူများ၏ နေအိမ်များကို ဖျက်ဆီး ဖယ်ရှားကာ ၎င်းတို့နေထိုင်လျှက်ရှိသောနေရာကို ဝါးခြံစည်းရိုးများ ခတ်ကာ ကာရံသွားခဲ့ပါသည်။ ထိုနေရာတွင် နေထိုင်လျှက်ရှိသော လူဦးရေမှာ ၆၂ ဦးရှိပြီး အိမ်ထောင်စု ၁၁ စုရှိကြောင်းသိရှိရသည်။ ထိုသူများသည် နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ထိုနေရာတွင် အစိုးရအား အခွန်ပေးဆောင်ကာ နေထိုင်လျှက်ရှိပြီးမှ ယခုအခါ ဖယ်ရှားခြင်းခံရသဖြင့် နေစရာ အိုးမဲ့အိမ်မဲ့ဖြစ်နေရပါသည်။ အစိုးရအား အခွန်ပေးဆောင်ထားသည့် ပြေစာများလည်း ရှိကြပါသည် ။ ထိုနေရာတွင်နေထိုင်သော မိသားစုများအား ဖျက်သိမ်းဖို့ကြိုတင် အကြောင်း ကြားသော်လည်း ထိုနေရာတွင်နေထိုင်လျှက်ရှိသော လူဦးရေ ၆၂ ဦးအတွက် အစိုးရမှ နေရာအစားထိုး ပြန်လည်ချထားပေးခြင်း (သို့) အခွန်ထမ်းဆောင်ထားသော ပြည်သူများအား ပြန်လှန်နားလည်တုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိပဲ ယခုကဲ့သို့ အခွန်ထမ်း ပြည်သူများအား အတင်းအဓမ္မဖယ်ရှားခြင်းသည် ပြည်သူလူထု၏ ဆန္ဒမဲများဖြင့်တက်လာသည်ဟု ဆိုသောအရပ်သားအစိုးရလက်ထက်မျိုးတွင် မပြုလုပ်သင့်ပေ။ ထိုနေရာတွင်နေထိုင်လျှက်ရှိသော ပြည်သူများမှ ၎င်းတို့အတွက် ထိုနေရာကိုဖယ်ရှားပါက နေထိုင်ရန်အတွက် အခက်ခဲရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်သို့ သုံးကြိမ်သုံးခါတိုင်တိုင် အသနားခံစာတင်ခဲ့ပါသည်။ သူတို့သည် သက်ဆိုင်ရာမှ အခွန်ပေးဆောင်ပါဟုဆိုသောကြောင့် အခွန်ပေးဆောင်ပြီးနေထိုင်ခဲ့သော်လည်း ယခုလိုမျိုး ဖယ်ရှားခြင်းသည် ၎င်းတို့ဘဝအတွက်များစွာ နစ်နာကြောင်း ပြောဆိုခဲ့ပါသည်။ ၎င်းတို့အား ဖယ်ရှားပြီး နောက် ထိုမိသားစုများကိုအစားထိုးနေရာပြန်လည်ချထားပေးခြင်းမရှိပဲ ပြီးစလွယ် စွန့်ပစ်ထားခဲ့ ပါသည်။ ထိုမိသားစုများသည် ၎င်း အနီးနားတွင် အမိုးအကာတစ်စုံတစ်ရာမရှိပဲ ပြန်လည်နေထိုင် နေကြပါသည်။ စားသောက်ဖို့အတွက်ပင် ၎င်းတို့မှာယခုအခါ အခက်ခဲများဖြင့်ရင်ဆိုင်နေရပါသည် ။ ထိုအိမ်ထောင်စုများ နေထိုင်ရာ နေရာများကို ဝါးခြံစည်းရိုးများဖြင့် ပတ်ပတ်လည် ကာရံသွားပါသည်။ အစိုးရအနေဖြင့် ထိုကဲ့သို့ အတိဒုက္ခရောက်နေသောပြည်သူများကို လူသားချင်းစာနာထောက်ထားသော အားဖြင့် ၎င်းမိသားစုများ အဆင်ပြေသွားစေရန်အတွက် ကူညီဆောင်ရွက် ပေးပါရန်တိုက်တွန်းလိုက်ပါသည်။ ယခုအခါ ၎င်းကိစ္စအား ပြည်သူ့အကျိုးဆောင်ကွန်ယက်များနှင့် ကျောင်းသား ကွန်ယက်များဖြစ်ကြသော နိုင်ငံရေးအကျဉ်းသား မိသားစုများအကျိုးဆောင်ကွန်ယက် ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး အကျိုးဆောင်ကွန်ယက်          (ဒေါ်နော်အုံးလှ နှင့်အဖွဲ့) ၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများ ကွန်ယက် နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့အကျိုးဆောင်ကွန်ယက် တို့မှ အတိဒုက္ခရောက်နေသော ပြည်သူများဘက်မှ ရပ်တည်ကာ ဝိုင်းရံအားပေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ကမ္ဘာအဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများ သိရှိကူညီပေးပါရန် ယခုလို ဖော်ထုတ်တင်ပြလိုက်ခြင်းဖြစ်ပါသည်။
ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂၅.၆.၂၀၁၂)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: