မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်

မိတ္ထီလာမြို့
ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊နယုန်လပြည့်ကျော်(၇)ရက်
( ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၁) ရက် )
မိုးထိမိုးမိဒေသဆန္ဒထုတ်ဖေါ်ပွဲငြိမ်းချမ်းစွာပြေလည်စေရေးသဘောထားထုတ်ပြန်ချက်
ရမည်းသင်းမြို့နယ်အရှေ့ဘက် တူးကုန်းအုပ်စုအတွင်းရှိ မိုးထိမိုးမိတောင်ပေါ်ဒေသ ရွှေလုပ်ကွက် များကို အမျိုးသားကြီးပွား တိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်မှ ၂၀၁၁-ခု စက်တင်ဘာလအတွင်းမှာ ရွှေတူးဖော်လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့ပါတယ်။
          အဆိုပါဒေသတွင် ၎င်းကုမ္ပဏီအပြင် ရွှေမိုးယံကုမ္ပဏီ၊ ကြောင်နက်မင်းကုမ္ပဏီ၊ မြန်မာစန်းသီ အောင်ကုမ္ပဏီ၊ …. အစရှိသဖြင့် အခြားတောင်ကြော အခြားလုပ်ကွက်များတွင် အသီးသီးရှိကြပါသည်။ သို့သော် ဤမိုးထိမိုးမိဒေသ ရွှေလုပ်ကွက်ကသာလျှင် ယခင်က ကနေဒါနိုင်ငံမှ အိုင်ဗင်ဟိုးကုမ္ပဏီက လုပ်ကိုင်ခဲ့သော ရွှေအများဆုံးထွက်ရှိရာ ရွှေလုပ်ကွက်ဖြစ်ပါသည်။
အမျိုးသားကုမ္ပဏီသည် လုပ်ပိုင်ခွင့်ရသည်နှင့် မိတ်ဖက်ကုမ္ပဏီများကိုလက်ခံခဲ့ပြီး မိတ်ဖက်ကုမ္ပဏီများ ၏တာဝန်ခံမှုဖြင့် အင်းပိုင်၊ စက်ပိုင်များကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန် လက်ကမ်းခေါ်ယူခဲ့ပါသည်။ ခံစားပိုင်ခွင့်များ လုပ်ကိုင်ခွင့်ကာလသက်တမ်းများကို နှုတ်ကတိဖြင့် ၎င်းတို့ကုမ္ပဏီနာမည် ခေါင်းစီး ပါလိုင်စင်ကိုလည်း ကုမ္ပဏီအမှတ်တံဆိပ်များ လုပ်ငန်းဦးဆောင်မှုကော်မတီလူကြီးများ၏ လက်မှတ်ဖြင့် ထုတ်ပေးခဲ့ခြင်းလည်းဖြစ်ပါသည်။
အစကနဦးက အမျိုးသားကုမ္ပဏီ၏ လုပ်ကိုင်ခွင့်ရ ၅-နှစ်သက်တမ်းကို အနဲဆုံးလုပ်ရန်ပြောဆိုခဲ့ပြီး လုပ်ကွက်များနှင့် အောင်မြင်သောအင်းများ ပေါ်လာတော့မှ ၇-လတာကာလဖြင့် လုပ်ငန်းများကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ပေးခဲ့ပါသည်။
ဇုံ(၈)မှအင်းပိုင်တစ်ဦးဖြစ်သူ ကိုမိုးကြီး၏ပြောပြချက်အရ ကြောင်နက်မင်းကုမ္ပဏီဆိုလျှင် ရှင်းပါသည်။ လုပ်ပိုင်ခွင့်လိုင်စင်ရသည်နှင့် ၎င်း၏လုပ်ခွင့်ရနယ်မြေတွင် မည်သည့်ရှယ်ယာရှင်မှအ၀င်မခံခဲ့ပါ။ ၀န်ထမ်းအဖြစ် သာ ခန့်ထား လုပ်ကိုင်ခြင်းဖြစ်ပါသည်။ ဤရွှေအများဆုံးထွက်ရှိသည့် မိုးထိမိုးမိဒေသမှ ကန်ထရိုက်ရအမျိုးသား ကုမ္ပဏီကမူ သူ့စည်းဝိုင်းထဲ ၀င်ရောက်လုပ်ကိုင်ရန် အင်းပိုင် စက်ပိုင်တို့ကို ဖိတ်ခေါ်လုပ်ကိုင်စေပြီး ငွေကုန် ကြေးကျခံ ရင်းနှီးမြှပ်နှံပြီး အကျိုးအမြတ်စတင်ရရှိချိန်ကျတော့မှ အသေးစားလုပ်ငန်းမှ အကြီးစားလုပ်ငန်းသို့ ပြောင်းလုပ်မည်ဖြစ်၍ အင်းများအားလုံး “ရပ်” ဆိုသည်မှာ မည်သို့မျှလက်ခံနိုင်စရာမရှိပါဟု ၎င်းကပြောကြား သည်။ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုများ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်ပြီး ၇-၆-၂၀၁၂-ရက်နေ့တွင် ကုမ္ပဏီမှ ညှိနှိုင်းအကြောင်းပြန်ကြားမည်ဟု ကြေငြာခဲ့သည်။
၇-၆-၂၀၁၂-ရက်နေ့တွင် ဇုံအသီးသီးမှထွက်လာသော ဆန္ဒပြသူများသည် ပင်မစခန်းကြီးတွင် လူသောင်းချီ၍ စုရုံးရောက်ရှိလာပြီး ငြိမ်းချမ်းစွာဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ ညှိနှိုင်းဖြေရှင်းပေးမည့် အမျိုးသားကုမ္ပဏီဘက်မှ ဦးဆောင်ဖြေကြားသူမှာ (တပ်မတော်အငြိမ်းစား) စီမံကိန်းညွှန်ကြားရေးမှူး ဒါရိုက်တာ ဦးရွှေမိုး ဆိုသူဖြစ်သည်။
ဦးရွှေမိုးက Win-Win ဖြစ်ရန် ၂ဖက်စလုံးနိုင်ရမည်ဟု ဦးစွာပဏာမ ပြောခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်က ဓါတ်သတ္တုအကြီးစားထုတ်လုပ်ခွင့်ဥပဒေအရ အသေးစားနှင့် လက်လုပ်လက်စားထုတ်ရန် ခွင့်မပြု တော့ကြောင်းနှင့် ယ္ခင်ပြုလုပ်ခဲ့သော လိုင်စင်စာချုပ်များအားလုံး ပျက်ပြယ်ကြောင်းပြောပါသည်။
ရွှေလုပ်သားတို့ဘက်မှ တောင်းဆိုချက် ၆-ချက်ဖြင့်တောင်းဆိုခဲ့ရာ ------
မိုးထိမိုးမိဒေသ အသေးစားရွှေလုပ်ငန်းရှင်များနှင့် မှီခိုလုပ်သားများ၏ တောင်းဆိုချက်များ
၁။ အင်း၊ အယ်တာများကို ယခင်အတိုင်းလုပ်ကိုင်ခွင့်ပေးရန်။
၂။ ဇုန်အသီးသီးရှိ ကျောက်ကြိတ်စက်များ ယခင်အတိုင်းကြိတ်ခွဲခွင့်ပြုရန်။
၃။ ထုံးကြီးတောင်ဒေသရှိ ရွှေလုပ်သားများအား အစုခွဲစားခွင့်ဖြင့် ယခင်အတိုင်းလုပ်ကိုင်ခွင့်ပြုရန်။
၎။ အင်း၊ အယ်တာများ နစ်နာကြေးတောင်းခံထားသူများကို နစ်နာကြေးပေးရန်။
၅။ လုပ်ငန်းများရပ်ဆိုင်းထားသည့်အချိန်ကာလအတွက် အသေးစားရွှေလုပ်ငန်းရှင်များနှင့် မှီခိုလုပ်သားများအား
    နစ်နာကြေးပေးရန်။
၆။တောင်းဆိုချက်များအား နှစ်ဦးနှစ်ဖက်အပြန်အလှန်ညှိနှိုင်းပြီး သဘောတူလက်မှတ်ထိုး၍ စာချုပ်ချုပ်ဆိုထားရှိရန်။

ဦးရွှေမိုးက ပြန်လည်ရှင်းလင်းရာတွင် - လေးပင်အင်းများမှာ အသေးစားလုပ်ငန်းဖြစ်၍ လုံးဝခွင့်မပြု ကြောင်း ၊ အက်တာကိုသာခွင့်ပြုမည်ဖြစ်ကြောင်း ၊ ဗြုံးကျောက်ကြိတ်စက်များကိုလည်း လုံးဝခွင့်မပြုနိုင်၍  ယင်းဗြုံးကြိတ်စက်တန်ဖိုးများကို ပေးလျော်မည်ဟု ဖြေကြားပြီး သူတို့ကတော့ ဖျက်ဆီးပစ်မှာသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဇုံ(၆)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အင်း ၊ အက်တာပိုင် ကိုဋ္ဌေးအောင်ကျော်က အက်တာဖောက်လည်း အင်းကိုလည်းတူးရမှာဖြစ်ကြောင်း အက်တာထဲမှရွှေကြောတွေ့ရာနေရာကို အင်းအဖြစ် မဖြစ်မနေဖောက်ရမှာဖြစ်ကြောင်း ရှင်းပြပြီး၊ ရွှေလုပ်သားတို့ ဖောက်၍ စတင်အောင်မြင်နေပြီဖြစ်သော အင်းများ အကြောင်းပြောတော့မှ ဦးရွှေမိုးက သူကိုယ်တိုင်လိုက်ကြည့်ပါမည်။ လိုက်ကြည့်ပြီးမှ ခွင့်ပြုမည်ဟု ပြောခဲ့ပါသည်။ လိုက်ကြည့်ရမည့်နေရာများ စာရင်းတင်ခိုင်း ပြီး ၂-ရက်အတွင်း လိုက်လံစစ်ဆေးကြည့်ရှုမည်ဟု ကတိပေးခဲ့သော်လည်း ၈-ရက်၊ ၉-ရက်၊ မည်သည့်နေရာကိုမှ ဦးရွှေမိုးသည် လိုက်မကြည့်ခဲ့သည့်အပြင် ၈-ရက်နေ့က ဇုံ(၁)နှင့် ဇုံ(၂) ကြားမှ အက်တာနှင့် အင်းများကို  လမ်းမလွတ်၍ဟုပြောပြီး  ဘူထိုဇာဖြင့်ထိုးချ လိုက်ရာ အားလုံးပျက်စီးသွားပြီး လုပ်စား၍မရတော့ပါ။ တောင်းဆိုချက်တွင်ပါဝင်သော နစ်နာကြေးများပေးရန် ကိစ္စကိုလည်း ဦးရွှေမိုးက စိတ်ချ ပြေလည်အောင်ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သော်လည်း ယနေ့ ၁၀-၆-၂၀၁၂-ရက်နေ့ အထိ ဘာတစ်ခုလုပ်မပေးသည့်အပြင် တောင်ပေါ်တက်သည့် ကားများ၊ လူများ၊ နှင့် ဈေးသည်များကို ကန့်သတ်လာပါသည်။ သား ငါး ဟင်းသီးဟင်းရွက်ဈေးသည်များဆိုလျှင်လည်း ၆-ရက်နေ့မှ စတင်၍ သူတို့ အမျိုးသားကုမ္ပဏီသို့ပေးသွင်းသူများကိုသာ တက်ခွင့်ပြုခဲ့ပြီး ကျန်ရွှေလုပ်သားများကို ရောင်းချသော ဈေးသည်များကို တက်ခွင့်မပြုတော့ပါ။
ဦးရွှေမိုးက ဤမိုင်းကြီးသည် အရှေ့တောင်အာရှမှာ အကြီးမားဆုံးမိုင်းတွင်းဖြစ်မည်ဟု ဆိုပါသည်။ သို့ပါ၍ နိုင်ငံတော်သို့ လစဉ်ပေးဆောင်ရမည့် ရွှေစင် ၇၃-ပိဿာကို ပြည့်မီအောင်ပေးနိုင်ရန် ခေတ်မီစက်များဖြင့် အကြီးစားထုတ်လုပ်မှုပြုရမည်ဟု ဆိုပါသည်။ ဇုံ(၈)မှ ကိုမိုးကြီးဆိုသူ ပြောပြသည်မှာ ၎င်းတို့၏ MD  ကိုယ်တိုင် ပြောပြချက်အရ ဇုံ(၈)မှ နေ့စဉ် ဗြုံးအိပ်(၃၀၀၀) မှ (၅၀၀၀) ထိ ထွက်ကြောင်း၊ ဗြုံးတစ်အိပ်ကို ရွှေအနဲဆုံး ၂ပဲ ထွက်၍ နေ့စဉ်အနဲဆုံး ရွှေ ၃ပိဿာကျော်ကျော်ထွက်ရှိကြောင်း ၊ နိုင်ငံတော်ကိုပေးဆောင်ရန် လစဉ် ရွှေ ၇၃-ပိဿာဆိုသည်မှာ ဇုံ(၈)တစ်ခုထဲမှရရှိသောရွှေဖြင့်ပင် ပေးသွင်းနိုင်ကြောင်း ၊ ကိုမိုးကြီးတို့အနေဖြင့် အစုစား လုပ်ကိုင်သည်ဖြစ်၍ ယ္ခု အမျိုးသား ကုမ္ပဏီဝန်ထမ်းများထက် ပိုလုပ်နိုင်ကြောင်းပြောကြားခဲ့သည်။ ယ္ခုလည်း အကြီးစားထုတ်လုပ်မည်ဟုပြောနေသော်လည်း သာမန်ဝန်ထမ်းများခန့်အပ်ပြီး ထုတ်လုပ်နေသည်မှာ ၀န်ထမ်း ဖြစ်၍ အစုစားလုပ်ကိုင်သူများကဲ့သို့ မတွင်ကျယ်ပါ။ အမျိုးသား ကုမ္ပဏီ ရရှိထားသောလုပ်ကွက်သည် ယ္ခင်က 144  ထုတ်ထားသောနယ်မြေဖြစ်ခဲ့ပါ၍ ၊ ယ္ခုအချိန်တွင်မူ အောက်ခြေ အင်းပိုင်၊ အင်းခေါင်းတို့၏ ကြီးစွာသော ရင်းနှီးမြှပ်နှံမှုအပေါ် မျက်နှာလွှဲဖျက်သိမ်းပြစ်မည့်အစား ၁-နှစ်တန်သည်၊ ၂-နှစ်တန်သည် အချိန်ပေးလိုက်ခြင်း အားဖြင့် မိမိတို့မြန်မာလူမျိုးတိုင်းရင်းသား အသေးစားလုပ်ငန်းရှင်များကိုလည်း အခြေခိုင်အောင်မြေတောင် မြှောက်ပေးရာရောက်မည်။ သမ္မတကြီးဦးသိန်းစိန် ပြောကြားခဲ့သော ဆင်းရဲမွဲတေမှုလျှော့ချရေးကိုလည်း အမှန် တကယ်ဦးတည်ရာရောက်ပါမည်။ နောင် ၁-နှစ် ၂-နှစ်၏ နောက်ပိုင်းတွင် အကြီးစားထုတ်လုပ်မှုသို့ ဖြေးဆေး ညင်သာစွာပြောင်းလဲမှသာ ဦးရွှေမိုးပြောသော Win-Win Policy ဖြစ်ပေမည်။
အမျိုးသား ကုမ္ပဏီသည် ကြောင်နက်မင်းကဲ့သို့ ရှင်းရှင်းလင်းလင်းနဲ့ ရွှေလုပ်သားများကို ပြတ်ပြတ် သားသားဖြင့် ထားခဲ့ခြင်းမဟုတ်။ စည်းဝိုင်းထဲဆွဲသွင်းပြီး ၊ အားလုံးက လခစားမဟုတ်။ ပိုင်ရှင်ကဲ့သို့ အစုစား ရင်းနှီးမြှပ်နှံ၍ အကျိုးအမြတ် စတင်ရခါစမှာ သစ်စိမ်းချိုး ချိုး၍မောင်းထုတ်ခြင်းသည် မခံမရပ်နိုင်သော အောက် ခြေပြည်သူလူထုအတွက် အုံကြွပေါက်ကွဲမှုကိုသာ ဖြစ်ပေါ်စေပါသည်။ ယ္ခုအခါ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အကြောင်းအမျိုးမျိုးဖြင့် ဖိနှိပ်ခံရသူ ၊ နစ်နာသူများက အုံကြွဆန္ဒပြမှုများ နေရာအနှံ့ ဆက်တိုက်ဖြစ်ပေါ် နေပါသည်။လှိုင်သာယာစက်မှုဇုံနှင့် တစ်ခြားသော အလုပ်သမားတောင်းဆိုမှုများကို အစိုးရမှ တတ်နိုင်သမျှတာဝန်ယူ ဖြေရှင်းခဲ့သလိုမျိုး ယ္ခုဖြစ်ပေါ်လျှက်ရှိသော မိုးထိမိုးမိဒေသ တွင်ဖြစ်ပေါ်နေသော ရွှေတွင်းလုပ်သားများနှင့် ကုမ္ပဏီအကြားဖြစ်ပေါ်လျှက်ရှိသော ပြဿနာများကို နိုင်ငံတော်အစိုးရ အနေဖြင့်တာဝန်ယူဖြေရှင်းပေးစေချင်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့တိုင်းပြည်ထွက် သယံဇာတရင်းမြစ်များကို မှန်မှန်ကန်ကန် ထိန်းသိမ်းပေးခြင်းနှင့် မြန်မာပြည်သူလူထု အခြေခံလူတန်းစား များဘ၀ကိုလည်း ကိုယ်ချင်းစာတရား ရှေ့ထား၍ လိုက်လျောပေးသင့်ပါကြောင်း တင်ပြပါသည်။
မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၁၁.၆.၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ
09-2059904
09-43155796
09-444012426
09-444013778
သတင်းဗွီဒီယိုလင့်ခ်များ







ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: