ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)မှ သမိုင်းမှတ်တမ်းမှားယွင်းချက်များအား တင်ပြ ဆွေးနွေးတောင်းဆိုခြင်း

သို့
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ရက်စွဲ ။  ။၂၀၁၂ ခုနှစ်၊ မေလ (၃၀)ရက်
အကြောင်းအရာ။   ၂၀၁၂ ခုနှစ်၊ မေလ (၂၁)ရက်ထုတ် ဒီလှိုင်းဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၁၈)တွင် ပါရှိသော
    “ NLD ရက်စွဲမှတ်တမ်း =  တစ်ကိုးဆယ်၊ ငါးကိုးဆယ်နှင့် ပတ္တနိက္ကုဇန” ဆောင်းပါးကိစ္စ။               
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့၊ လေးပြင်လေးရပ်သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်      (အထက်ဗမာပြည်)နှင့် ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)မှ သမိုင်းမှတ်တမ်းမှားယွင်းချက်များအား တင်ပြ ဆွေးနွေးတောင်းဆိုခြင်းဖြစ်ပါသည်။
ယင်းဆောင်းပါးကော်လံ(၄)၊ အပိုဒ်(၄)တွင် ရေးသားထားချက်များမှာ သမိုင်းအဖြစ်မှန်နှင့် လုံးဝကွဲလွဲ နေပါသည်။
ဆောင်းပါးတွင်ရေးသားထားသည့် “ သံဃသမဂ္ဂီဆရာတော် ဦးရေ၀တ၏ ရှစ်လေးလုံးအရေးတော်ပုံ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်းလောင်းပွဲတွင် အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေး အစီအစဉ်အား မန္တလေးအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် (အောင်ဝင့်)နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပတ္တနိက္ကုဇန ကံဆောင်ပွဲအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည် ” ဟူသော ရေးသားချက်တွင်-
၁။ ရှစ်လေးလုံးအရေးတော်ပုံနှစ်နှစ်မြောက်နှစ်ပတ်လည်နေ့တွင် ဆွမ်းလောင်းရန် စည်းဝေးဆုံးဖြတ်ခဲ့သော ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)၏ အစီအစဉ်အား သံဃာတော်များမှ ဆွမ်းခံကြွကြခြင်းသာဖြစ်ပါသည်။ အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေးအစီအစဉ်မဟုတ်ပါ။
၂။ ပတ္တနိက္ကုဇနကံဆောင်ပွဲဖြစ်ပေါ်လာရခြင်းမှာ အထက်ပါ ဆွမ်းလောင်းပွဲတွင် လုံခြုံရေးတာဝန်ကျသူ များမှ ဆွမ်းခံကြွသံဃာတော်များနှင့် ဆွမ်းလောင်းသူကျောင်းသား၊ကျောင်းသူများကို ဖမ်းဆီး ရိုက်နှက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြေးလွှားကြစဉ် မြေပေါ်ပြန့်ကျဲနေသောသပိတ်များကို ခြေထောက်ဖြင့် ကန်ကျောက်ခြင်းတို့ ဖြစ်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ မစိုးရိမ်နှစ်တိုက်မှ သံဃာ့သာမဂ္ဂီသံဃာတော် များက မစိုးရိမ်တိုက်ဟောင်းမှ နာယကစာချဆရာတော်ဦးကောဝိဒါဘိဝံသထံ သြ၀ါဒခံယူရာ ဆရာတော်က ၀ိနည်း ဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ္တနိက္ကုဇနကံဆောင်သင့်ကြောင်း မိန့်ကြားခဲ့ပါသည်။
၃။ ဤကံဆောင်ပွဲတွင် ဦးစီးဆောင်ရွက်ခဲ့ကြသော မန္တလေး၊ မစိုးရိမ်တိုက်ဟောင်းမှ ဆရာတော် ဦးကောဝိဒါဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးရာဇဓမ္မာဘိဝံသ၊ ရန်ကုန်မှ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ တိပိဋကဆရာတော်ဦးသုမင်္ဂလာလင်္ကာရ၊ မေဒိနီဆရာတော်၊ မဂ္ဂင်ကျောင်းဆရာတော် အစရှိသော စာချအကျော်ဆရာတော်ကြီးများနှင့် သံဃာတော်များရာချီပြီး အဖမ်းခံ၊ အနှိပ်စက်ခံ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အကျခံရပြီး အချို့သံဃာတော်များ ရဲဘက်စခန်းတွင် အသက်ပေးသွားခဲ့ရသည့် ဦးညွတ်ဦးခိုက်ရမည့် ဖြစ်စဉ်ကြီးကို လျစ်လျစ်ရှုကာ “ မန္တလေးအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် (အောင်ဝင့်)နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပတ္တနိက္ကုဇန ကံဆောင်ပွဲအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည် ” ဟူသောရေးသားချက်သည် အဖြစ်မှန်နှင့်လုံးဝကွဲလွဲနေပါသဖြင့် ကန့်ကွက်လိုက်ပါသည်။
၎။ ဤသို့ မှားယွင်းစွာ သမိုင်းမှတ်တမ်းတင်မှုအား ပြန်လည်ပြင်ဆင်ပေးနိုင်ပါရန် ဒီလှိုင်းဂျာနယ် အတိုင်ပင်ခံအယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာဦးအုန်းကြိုင်၊ မန္တလေးတိုင်းရုံးမှပုဂ္ဂိုလ်များအား ဆက်သွယ်တင်ပြ ဆောင်ရွက်ခဲ့ပါသော်လည်း ပြေလည်မှုမရရှိခဲ့ပါ။
၅။ သို့ပါ၍ သမိုင်းအမှန်ကို မှတ်တမ်းတင်နိုင်ရန်အတွက် ဇွန်လနောက်ဆုံးပတ်အတွင်း စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။
မန္တလေးမြို့၊ လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီ အဖွဲ့ချုပ်(အထက်ဗမာပြည်)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်)
မိတ္တူကို-
၁။ လက်ခံ
၂။ ဦးတင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၃။ ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်။
၎။ ဦးမိုးသူ၊ အကြံပေး၊ ဒီလှိုင်းစာစောင်။
၅။ ဦးအုန်းကြိုင်၊ ဒီလှိုင်းတာဝန်ခံ။
၆။ ဦးဥာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၇။ ဦးဟံသာမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၈။ ဦးစိုးဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၉။ ဦးသိန်းဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၁၀။ ဒေါ်မေ၀င်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၁၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မန္တလေးတိုင်း။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: