အဓမ္မလယ်ယာမြေအသိမ်းခံရသော တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆုံးဖြတ်ချက်များ ချမှတ်ခြင်း


မိတ္ထီလာမြို့
ပြည်သူ့အကျိုးဆောင်ကွန်ယက်


သတင်းထုတ်ပြန်ခြင်း
၁၃၇၄-ခုနှစ် ပထမ၀ါဆိုလဆန်း(၁၀)ရက်
၂၀၁၂-ခုနှစ် ဇွန်လ(၂၈)ရက်

အဓမ္မလယ်ယာမြေအသိမ်းခံရသော တောင်သူလယ်သမားများ တွေ့ဆုံဆွေးနွေးခြင်းနှင့်
ညှိနှိုင်းဆုံးဖြတ်ချက်များ ချမှတ်ခြင်း

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ ၊ မလှိုင် ၊ ၀မ်းတွင်း ၊ သာစည် မြို့နယ်များမှ လယ်ယာမြေများကို အတင်းအဓမ္မ ရယူသိမ်းပိုက်ခြင်းခံခဲ့ကြရသော လယ်သ္မားများသည် ယနေ့ ၂၈-၆-၂၀၁၂ ရက်နေ့တွင် မိတ္ထီလာမြို့ ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရုံးခန်း၌ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ကြသည်။

မိတ္ထီလာမြို့နယ် ကံကောင်းကျေးရွာမှ အမြန်လမ်းမကြီး ဖောက်လုပ်စဉ်က ၊ မိတ္ထီလာ အမှတ်-၉၆၇ GE တပ်မှ လုပ်ငန်းလုပ်ကိုင်နေစဉ် ခေတ္တသိမ်းယူခဲ့သောမြေများကို ၊ ယခုလမ်းမကြီး ဖောက်လုပ်ပြီးစီး၍ တောင်သူများ လက်သို့ ပြန်လည်ပေးအပ်ရမည်ကို မပေးအပ်ဘဲ ၀န်ကြီး၏လမ်းညွှန်ချက်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီး ဋ္ဌာနမှ မြို့ပြအငယ်တန်းအင်ဂျင်နီယာ(၁) ဦးစိန်ဝင်းဆိုသူက ပြန်လည်ပေးအပ်ရမည့် တောင်သူများ၏ လယ်မြေ များကို ခြံစည်းရိုးခတ်ကာရံမှုများ ပြုလုပ်နေသည့် ကိစ္စ။

မလှိုင်မြို့နယ် ၊ ဖက်ကုန်းအုပ်စု သရက္ကံကျေးရွာနှင့် ၀မ်းတွင်းမြို့နယ် ပန်းကြိုင်အုပ်စု အိုးပြွန်ကန်ကျေးရွာမှ လယ်ယာမြေများမှာ အမြန်လမ်းမကြီးဖောက်လုပ်စဉ်က လမ်းဧရိယာများအဖြစ် ယာမြေများကို အသိမ်းခံကြရ သည့်အပြင် လမ်းဘေးဝဲယာတလျှောက်လုံး လမ်းအတွက်ဂန့်ဂါးမြေများကို အကုတ်ခံရခြင်း ၊ လမ်းအတွက် မလိုအပ်သော မြေပျော့များကို ယာမြေများပေါ်သို့ လာပုံခံရခြင်းနှင့် လမ်းဖောက်လုပ်နေစဉ်ကာလဖြစ်၍ လမ်းအတွက် လျော်ငွေမရဘဲ အသိမ်းခံရခြင်းမှ ကျန်ရှိသောမြေများကို ၃-နှစ်ခန့်လုပ်စားခွင့်မရရှိဘဲ ၎င်းမြေများ ကို ပလပ်မြေဟုသတ်မှတ်ပြီး ကွင်းအမှတ် ၃၈၁ ၊ ၃၈၂ ကို ဦးခင်မောင်ဌေး+ဒေါ်ခင်မာကြူ ပိုင်ဆိုင်သော ကောင်းကင်ကုမ္ပဏီက မတရားသိမ်းယူပြီး စိုက်ပျိုးလက်စ သီးနှံများကို ဖျက်ဆီးခံရခြင်းကိစ္စ။

သာစည်မြို့နယ် ၊ ကျွဲတပ်ဆုံအုပ်စု ၊ မုံပင်ဆုံကျေးရွာမှ ကိုယ်တိုင်ဓါးမဦးချ ခုတ်ထွင်ရှင်းလင်းပိုင်ဆိုင်ခဲ့သော (ယ္ခုအသက် ၈၀ ကျော်) ဦးအောင်မြ၏ မြေဧက ၄၀ကျော်ကျော်ကို လွန်ခဲ့သောအနှစ် ၂၀-ကာလ ကတည်းက တောကြပ်ဦးအောင်မောင်းကြည်က မတရားသိမ်းယူခဲ့ပြီး ၎င်းဦးအောင်မြပိုင်ဆိုင်ခဲ့သော မြေပေါ်တွင် နေအိမ် ဆိုင်ခန်းများ ဆောက်လုပ်နေထိုင်ခြင်း ၊ ဘောစကိုင်းပင်ထင်းများကို ခုတ်၍ရောင်းချခြင်း ၊ နွား ဆိတ် စားကျက် မြေအဖြစ် အသုံးချခွင့်ကို အခကြေးငွေဖြင့် ငှားရမ်းခြင်း ၊ ၎င်းဦးအောင်မြပိုင်မြေပေါ်မှ ကျောက်များထုတ်၍ ရောင်းချခြင်းနှင့် အစွန်အဖျားမှ ကျန်နေသေးသော မြေကွက်လပ်လေးပေါ်တွင် ဦးအောင်မြ၏သားမက် ကိုရဲတင့်က နှမ်းစိုက်ပျိုးပြီး သီးစားခအဖြစ် ဆီတပုံး ဦးအောင်မောင်းကြည်သို့ ပေးအပ်ခဲ့ရမှုများအပေါ် မကျေနပ်ကြောင်းနှင့် မိမိတို့ပိုင်မြေကို မိမိတို့ပြန်လည်ရယူနိုင်ရေးအတွက် ကိုရဲတင့်က လာရောက်တင်ပြ ဆွေးနွေးပြီး အကူအညီတောင်းခံသည့်ကိစ္စ။

ဆွေးနွေးပွဲကို အထက်ပါကျေးရွာအသီးသီးမှ တောင်သူကိုယ်စားလှယ်များ ၂၅ဦး တက်ရောက်ခဲ့ကြပြီး မိမိတို့၏ အတွေ့အကြုံ အသိအမြင်များ ဖလှယ်ကြပါသည်။ ယနေ့ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် ၂-ချက်ချမှတ်ခဲ့ကြသည်။
ဆုံးဖြတ်ချက်(၁) = တရားဥပဒေမဲ့ အဓမ္မသိမ်းယူခြင်းခံရသော လယ်ယာမြေကိစ္စများနှင့် ပါတ်သက်၍  
                        သမ္မတကြီး ဦးသိန်းစိန်ထံ အမြန်ဆုံးဖြေရှင်းပေးရန် တင်ပြတိုင်ကြားသွားမည်ဖြစ်ကြောင်း
                        ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက်(၂) = မိတ္ထီလာခရိုင်အတွင်းရှိ မတရားသိမ်းယူခြင်းခံနေကြရသော လယ်ယာမြေများပြန်လည်ရရှိ
                         ရေးလှုပ်ရှားမှုများကို ခရိုင်တစ်ခုလုံးအနေဖြင့် တညီတညွတ်တည်း စုပေါင်းလုပ်ဆောင်သွား
                         မည်ဖြစ်ကြောင်း ဆုံးဖြတ်သည်။

အထက်ပါ တောင်သူလယ်သမားတွေ့ဆုံဆွေးနွေးပွဲသို့ ဇွန်လ ၁၁-ရက်နေ့က နေပြည်တော်သို့ ခရီးရှည်ချီတက် ဆန္ဒပြခဲ့ကြသော ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ရွှေလုပ်ကွက်မှ အဖွဲ့ခေါင်းဆောင် ဦးသက်လွင် နှင့် ဇုန်ခေါင်းဆောင် ၄-ဦးတို့ကလည်း တက်ရောက်လာကြပြီး ယင်းတို့၏အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ တောင်သူများကို အားပေးစကားများ ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ ၊ ပြည်သူ့အကျိုးဆောင် ကွန်ယက်အနေဖြင့် မိမိတို့၏ တိုင်းရင်းသားလုပ်ငန်းရှင်များ ၊ မြေယာပိုင်ရှင် တောင်သူလယ်သ္မားဦးကြီးများကို ဓမ္မစစ်ပိုင်ဆိုင်မှုများ အမှန်အကန်ရရှိရေး ၊ လယ်သ္မားထု အလုပ်သ္မားထု တရပ်လုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေး ၊ မိမိအခွင့်အရေးကို မိမိရယူနိုင်ရေး ၊ အခြေခံလူနေမှု အဆင့်အတန်းများ မြင့်မားတိုးတက်လာအောင် လုပ်ဆောင်နိုင်ရေးတို့အတွက် ပြည်သူလူထုကြီးဘက်မှရပ်ကာ ၀န်းရံအားပေး ကူညီဆောင်ရွက်အားပေးသွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတော်သမ္မတကြီးနှင့်တကွ ကမ္ဘာ့အဖွဲ့ အစည်းအသီးသီးနှင့် ပြည်သူအများသိရှိကြရန် တင်ပြလိုက်ခြင်းဖြစ်ပါသည်။

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၂၈.၆.၂၀၁၂)
ဆက်သွယ်ရန်လိပ်စာ





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: