ထိပ်တန်းကျသော အစိုးရ

Monday, November 21, 2011





အခုတလော စာရေးပျက်တာတွေ များနေတယ်။ နိုဝင်ဘာလလယ် ရောက်နေတာတောင် ရန်ကုန်မှာ ဆောင်းမ၀င်သေးဘဲ ပူမြဲပူနေသေးတာကြောင့် နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ခေါင်းပူစရာတွေကလည်း များတယ်။

လွတ်ပြီဆိုနဲ့ ၀င်မယ်ဆို

တိုင်းရေးပြည်ရေး လှုပ်လှုပ်ရှား ရှားဖြစ်လာတဲ့အခါမျိုးတွေဆိုရင် ဧည့်များသလို ဖုန်းခေါ်သံတွေလည်း များတယ်။ မျက်စိကြီး နားကြီး ရပ်ကွက်ထဲက လူတစ်ယောက်လို့ အများက ထင်မှတ်မှားနေကြလေတော့ တစ်ခုခု အသံကြားတိုင်း လှမ်းမေးတတ်ကြတယ်။ ဒီရက်ပိုင်းမှာတော့ 'လွတ်ပြီဆို' နဲ့ '၀င်မယ်ဆို' မေးခွန်း နှစ်ခုကို မောလောက်အောင်ကို ဖြေနေရတယ်။ မသိပါဘူး၊ မကြားပါဘူး၊ မသိပါဘူး။ မကြားပါဘူးပေါ့။ ဟုတ်တယ်လေ နိုင်ငံ့အရေး ပေါက်နဲ့ကျေးဆိုတာ အင်မတန်ခန့်မှန်းရ ခက်တာကလား။ မိုးလေ၀သခန့်မှန်းသလို ရာသီဥတုသာသာယာယာရှိ မယ် ခန့်မှန်းထားပေမယ့် တ၀ုန်းဝုန်း တဒိုင်းဒိုင်းထစ်ချုန်းပြီး မိုးတွေသည်း ကြီးမဲကြီး ရွာချင်ရွာချတတ်တာ။

ဒီမိုကရေစီကြာတောမိုး

မျက်စိကြီးနားကြီး ရပ်ကွက်သားဆိုပေမယ့် မျက်စိကမှုန်သီပြီး နားကလည်း ထိုင်းနေပြီဆိုတော့ တည့်တည့်ပြောမှ ရိပ်မိတယ်ဆိုရုံလောက် ရှိတော့တာ။ အဲဒီတော့ မသိပါဘူး။ မကြားပါဘူးဆိုတာထက် ဘာမှပိုမပြောနိုင် တော့ဘူး။ ဒီမိုကရေစီဆိုတာကလည်း ကြာတောမှာရွာတဲ့ ပေါက္ခရ ၀သမိုးလို စိုချင်တဲ့နေရာမှာစိုပြီး ခြောက်ချင်တဲ့နေရာမှာ ခြောက်တဲ့ သဘောရှိတယ်ထင်ပါရဲ့။ အများအားဖြင့်တော့ ရုပ်မြင်သံကြားမှာ ထုတ်ပြန်ကြေညာ တော့မှ သိရတာချည်းပါပဲ။ ကိုယ်တိုင်က သတင်းသမားဖြစ်တော့ အချက်အလက် မရှိရင် မပြောတတ်ဘူး။ ရော်ရမ်းမှန်းဆလည်း မလုပ်တတ်ဘူး။ ခုအချိန်မှာ သတင်းစာထုတ်မလားလို့မေးရင် ခေါင်းခါမိမှာပဲ။ ဘယ်လိုမှ လုပ်တတ်မှာ မဟုတ်တာ သေချာတယ်။

ငါးကြင်းဆီနဲ့ ငါးကြင်းကြော်

စာတွေအများကြီးရေးနေတော့ ဓာတ်မသိသူတွေကတော့ မျက်စိကြီး နားကြီးလို့ ထင်ကြရှာတာပေါ့။ အဲဒီ အထင်နဲ့ပဲ တစ်ခုခုလှုပ်လှုပ်ရွရွ ကြားရမြင်ရတာနဲ့ ဖုန်းလှမ်းဆက်ကြတယ်။ တက္ကသိုလ်ရိပ်သာလမ်းက ခြံထဲကို ဘယ်အချိန်က ကားဘယ်နှစင်း ၀င်သွားတယ်ဆိုတာမျိုး၊ အင်းစိန်ထောင် ဗူးဝမှာ သတင်းထောက်တွေ အများကြီး လာစောင့်နေတယ်ဆိုတာမျိုး သတင်းတွေ လှမ်းပြောကြတယ်။ ဒီလိုနဲ့ပဲ ငါးကြင်းဆီနဲ့ငါးကြင်းကြော်သလို လူထုဆီကရတဲ့သတင်းတွေကို လူထုဆီပြန်ပို့ပေးရတယ်။ နည်းနည်းလေးဝါယမစိုက်ထုတ်ပြီး သေချာ အောင် ထပ်ဆင့်မေးမြန်းရတာမျိုးတော့ ရှိတာပေါ့လေ။ ဒါလောက်ကလေးမှ မလုပ်ရင်လည်း သတင်းသမားလို့ အခေါ်မခံထိုက်တော့ပါဘူး။

စောင့်ကြည့်မယ်ဆိုတဲ့ ကိစ္စ

သမ္မတဦးသိန်းစိန်အစိုးရကို မထောက်ခံသေးဘူး။ ထောင်ထဲက လူတွေလွှတ်၊ မလွှတ်ဆိုတဲ့စံနဲ့ ပြည်တွင်းစစ် ရပ်စဲရေး လုပ် မလုပ်ဆိုတဲ့ စံနှစ်ခုနဲ့ ချိန်ထိုးပြီး စောင့်ကြည့်ဦးမယ်လို့ ဂျာနယ်တွေအတော်တော်များများမှာ ရေးခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းကြသူ တော်တော်များတယ်။ တချို့က ဖုန်းဆက်တယ်။ တချို့က စာရေးတယ်။ တချို့က လူကိုယ်တိုင် လာပြီးမေးတယ်။ အင်တာနက်ကတစ်ဆင့် မေးတာတွေလည်းရှိတယ်။ တချို့က စောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲ တွေပဲမဟုတ်ဘူးလားလို့ စောဒက တက်ကြတယ်။ တက်ပါစေ။ဒီလို ကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်လုပ်တဲ့ အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး။

ဖြည့်စွက်ချက်


စောင့်ကြည့်တာကို သဘောတူသူနဲ့ မတူသူပဲ ရှိတာမဟုတ်ဘူး။ ဖြည့်စွက်ဆွေးနွေးသူလည်း ရှိပါတယ်။ သူ့ဆွေးနွေးချက်ကလည်း မှန်နေတာကြောင့် ထည့်မစဉ်းစားလို့မဖြစ်ဘူး ယူဆတယ်။ သူက စံနှစ်ခုနဲ့ ချိန်ထိုးကြည့်ရုံ နဲ့တင် မလုံလောက်ဘူးလို့ ထောက်ပြတယ်။ တိုင်းသူ ပြည်သားအများစုကြီးရဲ့ကျောပေါ်မှာပိနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို လျော့ချမပစ်သရွေ့ ကာလပတ်လုံး ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်ပြီလို့ မဆိုနိုင်ဘူးလို့ ဆိုပါတယ်။ ဆွေးနွေးသူ မိတ်ဆွေက မန္တလေးက လုပ်ငန်းရှင်တစ်ယောက်ပါ။ တိုင်းသူပြည်သားများအနေနဲ့ မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်စတဲ့ တရားဝင် အခွန်အတုတ်များကို မှန်မှန်ကန်ကန် ပေးသွင်းထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ ရှောင်ရှားပျက်ကွယ်ရင် အရေးယူသင့်တယ်လို့ သူက လက်ခံပါတယ်။

တချို့ကစောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲတွေပဲ မဟုတ်ဘူးလားလို့ စောဒကတက်ကြတယ်။ တက်ပါစေ။ ဒီလိုကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင်ခေါင်းညိတ် လုပ်တဲ့အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး . . .


ခါးစည်းခံခဲ့ရ


တရားဝင်ဥပဒေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ အခွန်အတုတ်များအပြင် မလိုလားအပ်တဲ့ ဥပဒေနဲ့လည်း မကိုက်ညီတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ ကောက်ခံမှုတွေက တရားဝင် အခွန်အခတွေထက် အမျိုးပိုစုံပြီး ကောက်ခံ မှုပမာဏကလည်း မတန်တဆ ကြီးမားများပြားလွန်းတဲ့ဒဏ် ကို တောရောမြို့ပါမကျန် နှစ်ငါးဆယ်လုံးလုံး ခါးစည်းခံခဲ့ရတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး နာလန်မထူနိုင်အောင်ဖြစ်နေတာလို့ သူကဆိုပါတယ်။ မြို့ပေါ်က လုပ်ငန်းရှင်တွေဆိုရင် ဥပဒေအရ ကောက်ခံတဲ့အခွန်တွေအပြင် တော်တော်ကြာ လမ်းခင်းဖို့ဆိုပြီး အနည်းဆုံး ငါးသိန်းက ဆယ်သိန်း၊ ဆယ့်ငါးသိန်းထိ ကောက်လိုက်၊ တော်တော်ကြာ ထရန်စဖော်မာထိုင်ဖို့ဆိုပြီး ငါးသိန်း၊ ဆယ်သိန်းကောက်လိုက်၊ ရေပိုက်သွယ်ဖို့၊ ဖုန်းလိုင်းသွယ်ဖို့ဆို ကောက်လိုက်နဲ့ တစ်နှစ်ပတ်လုံးကောက်လို့ မပြီးနိုင်တော့ဘူး။

ပြာတာတောင် ဆရာခေါ်ရ


ဒီကောက်ခံမှုတွေလုပ်ပြီး လုပ်ငန်းတွေပြီးအောင် လုပ် မလုပ်ဆိုတာ မသိရသလို စာရင်းအင်းရှင်းတမ်းလည်း ဘယ်တော့မှမမြင်ရဘူး။ တောက တောင်သူလယ်သမားတွေဆို ပိုဆိုးတယ်။ ရုံးက စာလာပိုတဲ့ပြာတာကိုတောင် ကြောက်ပြီး ဆရာခေါ်နေကြရတာဆိုတော့ ဘာလာကောက် ကောက် မေးရဲ မြန်းရဲကြတာမဟုတ်ဘူး။ ထည့်လိုက်ကြရတာပဲ။ အမတော်ကြေးထုတ်ချေးတဲ့အခါများ ဟိုဟာဒီဟာတွေ ဖြတ်ယူထားလည်း မပြောရဲဘူး။ ငြိမ်နေကြရတယ်။ အဆိုးဆုံးကတော့ ဈေးလာရောင်းတဲ့သူတွေ ဖြစ်တယ်။ အမတော်ကြေး ထုတ်ပေးတဲ့နေရာနားမှာ ကားတွေ ထိုးဆိုက်ပြီး ဌာနဆိုင်ရာလိုလို ဘာလိုလိုနဲ့ ရောင်တော်ပြန်ရောလွှတ်ပြီး မြေဆီတွေနဲ့ ပိုးသတ်ဆေးတွေ မ၀ယ်မနေရ ဇွတ်ရောင်းကြတယ်။ သူတို့ ရောင်းတဲ့တံဆိပ်တွေက မကောင်းလို့ မ၀ယ်ချင်ပေမယ့်လည်း လယ်သမားတွေက ပြန်ပြောရဲတာ မဟုတ်ဘူး။

အမတော်ကြေးစနစ်ပြင်ဖို့လို


အမတော်ကြေးပေးတဲ့စနစ်ကို လည်းပြုပြင်ဖို့ စဉ်းစားသင့်တာကြာပြီ။ အမတော်ကြေးပေးရုံနဲ့ လယ်သမားတွေရဲ့ အခက်အခဲ ပြေလည်သွားတာမဟုတ်ဘူး။ ပေးတုန်းက ဟိုနှုတ် ဒီနှုတ်နဲ့ အပြည့်မရပေမယ့် ပြန်ဆပ်ချိန် ရောက်တော့ အပြည့်ဆပ်ကြရတာ။ လယ်သမားတွေရဲ့ဘ၀ အမှန် တကယ်တိုးတက်ဖို့ဆိုရင် မျိုးကောင်းမျိုးသန့် သီးနှံတွေ ဖြန့်ဖြူးပေးပြီး နည်းပညာအကူအညီတွေ လုံလုံလောက်လောက် ပံ့ပိုးပေးကြရမှာဖြစ်တယ်။ အဓိကကတော့ လယ်သမားတွေရဲ့ ကျောပေါ်က ၀န်ထုပ်ဝန်ပိုးတွေဖြစ်တဲ့ တရားမ၀င်ငွေကောက်ခံမှုမျိုးစုံကို အမြန်ဆုံး ရပ်စဲပစ်ဖို့ဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်မယ်ပြောဆိုနေခြင်းဟာ အိတ်ပေါက်နဲ့ဖားကောက်သလိုသာ ရှိလိမ့်မယ်လို့လည်း မိတ်ဆွေက ထောက်ပြပါတယ်။

ထိပ်တန်းကျသော အစိုးရ


နောက်ဆုံးတော့ မိတ်ဆွေက လူထုဦးလှရဲ့ 'ထောင်နဲ့လူသား' စာအုပ် အဖွင့်စာမျက်နှာမှာပါတဲ့ စာပိုဒ်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စမ်းပါလို့ ညွှန်းလိုက်တဲ့အတွက် ရှာပြီးဖတ်ကြည့်လိုက်တော့ ဒီလိုတွေ့ရပါတယ်။

"အစိုးရ"

''ဆင်းရဲသားများပျော်ရွှင်၍ ပညာမတတ်သူ၊ ဒုက္ခရောက်သူများ မရှိဘဲ အကျဉ်းသားမဲ့သော ထောင်၊ သူတောင်းစားကင်းသော လမ်း၊ လူအိုများချမ်းသာ၍ အခွန်အတုတ်နည်းပါပေသည်ဟု ပြောနိုင်သော အစိုးရမျိုးမှ လောကတွင် ထိပ်တန်းကျသော အစိုးရဟု ကြွားနိုင်သည်"


သောမတ်စ်ပိန်း


by လူထုစိန်ဝင်း

No comments: