မြန်မာပြည်က အနုပညာရှင်များ လွတ်လပ်စွာထုတ်ဖေါ်ပြသခွင့် မရှိကြောင်း The Independent မှာ ဝေဖန်

အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၉၊ ၂၀၁၁

မြန်မာပြည်က အနုပညာရှင်များမှာ လွတ်လပ်စွာထုတ်ဖေါ်ပြသခွင့် မရှိကြောင်း The Independent မှာ ဝေဖန်ထားတာကို ဖတ်ရပါတယ်။ ဥပမာ - ဒါရိုက်တာ ဦးမျိုးဇော်ဆိုရင် ၈၈ ကျောင်းသားတွေအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ အပိတ်ခံရတာ၊ အဆိုတော် ဇေယျာသော်ရဲ့ ထောင်အကြောင်းအင်တာဗျူးမှာ ဆင်ဆာဖြတ်ထားတာ အစရှိသည်။ လောလောဆယ် ဖွင့်ပေးမယောင် အသံထွက်နေတာက ပုံနှိပ်စာများအတွက်သာ ဖြစ်တဲ့အကြောင်း၊ ဒါတောင် စာနယ်ဇင်းသမားအချို့အဆိုအရ လျှို့ဝှက်စွာစောင့်ကြည့်တာကို ခံနေရကြောင်း သိရပါတယ်။

ကျွန်တော့်အမြင်အရ မြန်မာပြည်မှာ အနုပညာရှင်တွေ တော်ရုံတန်ရုံနဲ့ နိုင်ငံရေးလောကထဲ မဝင်ရဲအောင် စစ်အစိုးရက စံနစ်တကျအကွက်ချပြီး စီစဉ်ထားခဲ့တာလို့ ယူဆပါတယ်။ ဥပမာ -ဒီမိုကရစ်တစ်မြန်မာ့အသံက သတင်းထောက် ကိုစည်သူဇေနဲ့ ရွှေသံစဉ်တေးဂီတအဖွဲ့က အဆိုတော်။သီချင်းရေးဆရာ ကိုဝင်းမော်တို့ကို ထောင်ချထားတာတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးလောကထဲကို မဝင်ရဲအောင် လုပ်လာခဲ့တာ မြင်နိုင်ပါတယ်။ မီဒီယာက လူထုအပေါ်လွှမ်းမိုးမှုရှိတယ်ဆိုတာကို စစ်အစိုးရက ဟိုးအရင်ကတည်းက နားလည်ခဲ့ပြီးဖြစ်မှာပါ။ ဒါကြောင့် ဖန်တီးမှုညံ့ဖျင်းအောင်၊ နိုင်ငံရေးနဲ့စီးပွားရေးမှာ စိတ်ဝင်စားမှု လျော့နည်းအောင် စံနစ်တကျနဲ့ဖျက်ဆီးလာခဲ့တာလို့ ကျွန်တော်မြင်ပါတယ်။ သူတို့အလုပ်မှာ စိတ်ဝင်စားမှုမရှိအောင် လမ်းကြောင်းလွှဲတဲ့စံနစ်ကိုသုံး၊ အရည်အသွေးညံ့ဖျင်းစေမယ့် များများထုတ်၊ များများသုံးဝါဒ consumerism ကို ဆင်ဆာက မသိချင်ယောင်ဆောင်ပြီး ဘုန်းဘောလအောလွှတ်ပေး .. ဒီလိုနည်းတွေနဲ့ ဖျက်ဆီးခဲ့တာလို့ မြင်ပါတယ်။ ၂၀ဝ၉ တုန်းက Myanmar National Football League (MNL)တည်ထောင်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ပြည်သူတွေ နိုင်ငံရေးနဲ့စီးပွားရေးမှာ အာရုံစိုက်မှုလျော့နည်းလာအောင် လုပ်ဖို့ဖြစ်တယ်လို့ စွပ်စွဲထားတာကို Wikileaks မှာတွေ့ရပြီး The Guardian မှာလည်း အဲဒီအကြောင်းဖတ်ရပါတယ်။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်လို့လည်း ကြေငြာခဲ့ဖူးကြောင်း ကြားမိပါတယ်။

အချုပ်အားဖြင့်ပြောရလျှင် မီဒီယာကို စစ်အစိုးရကြောက်တယ်၊ မီဒီယာဖန်တီးမှုတွေမှာ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်း ဦးတည်လာမှာကိုစိုးရိမ်တဲ့ သာဓကတွေရှိခဲ့ပါတယ်။ ဒါကြောင့် လုပ်တဲ့သူတွေကိုဖမ်းခဲ့တယ် .. ရှိပြီးသားမီဒီယာကို မပျက်ပျက်အောင် နည်းမျိုးစုံနဲ့ဖျက်ခဲ့တယ်။ အခု ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါပြီလို့ သမ္မတဦးသိန်းစိန်က ဆိုပါတယ်။ မီဒီယာလွတ်လပ်ခွင့်တွေလည်း ပေးတော့မယောင် အသံကြားနေရပါတယ်။ လောလောဆယ် press media ပိုင်းမှာ လွတ်လပ်ခွင့် အနည်းငယ်ရလာသယောင် မြင်ကြရပါတယ် (ဥပမာ - ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖေါ်ပြရေးသားနိုင်ခြင်း)။ ကျန်တဲ့မီဒီယာများကိုလည်း လွတ်လပ်ခွင့်ပေးစေချင်ပါတယ်။ တစ်လောက ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များ တွေ့ဆုံဆွေးနွေးတဲ့သတင်း ဖတ်မိလို့ နည်းနည်းတော့ အားတက်မိပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ အနုပညာ၊ မီဒီယာကဏ္ဍကို လွတ်လပ်ခွင့်ပေးမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း(MMCP)

No comments: