FREE BURMA FEDERATION

ထုတ်ပြန်ကြေညာချက် (ဒီမှာကုတ်ပါ)

ငြိမ်းချမ်းရေး တောင်းဆိုချက်များအား ထောက်ခံကြောင်း ထုတ်ပြန်ကြေငြာချက်
နိုဝင်ဘာလ (၁၆) ရက်၊ ၂၀၁၁ ခုနှစ်
မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီး အတွင်းရှိ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ ဦးဆောင်ကာ
ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုများမှ ပူးပေါင်းပါဝင်၍ ငြိမ်းချမ်းရေး တောင်းဆိုပွဲ ပြုလုပ်ခဲ့မှုအား ကျွန်ုပ်တို့
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ထောက်ခံအားပေးကြောင်း ကြေငြာအပ်ပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု အပါအ၀င် နိုင်ငံတကာနှင့်
မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆိုချက်များကို
လျစ်လျူရှု၍၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်လျက် ရှိသည်။ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ
ဒေသများတွင်လည်း ထိုးစစ်များပြုလုပ်၍ ပြည်တွင်းစစ်အရှိန်အဟုန်ကို မြှင့်တင်နေဆဲဖြစ်သည်။ ထို့အပြင် စစ်မှန်သော
ဒီမိုကရေစီစနစ်၏ အခွင့်အရေးများဖြစ်သော စာနယ်ဇင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊
လွတ်လပ်စွာ ဟောပြောခွင့် များကိုလဲ ပိတ်ပင်တားဆီးခြင်း၊ နှောင့်နှေးကြန့်ကြာစေခြင်း၊ ခွင့်ပြုချက်များ တောင်းခံစေခြင်း
စသည့် ဒီမိုကရေစီ အသွင် မဆောင်သော လုပ်ရပ်များဖြင့် ကန့်သတ်ချုပ်ချယ်လျက်ရှိသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးလိုလားသော သံဃာတော်များမှ ဦးဆောင်၍ ပြည်သူတရပ်လုံးမှ တောင်းဆိုခဲ့သည့်
(၁) ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ တရား မျှတရေးအတွက် မေတ္တာရှေ့ထားကာ ဆောင်ရွက်ကြရေး၊
ဖမ်းဆီးခံခဲ့ရသည့် အကျဉ်းကျနေသော ညီတော်၊ နောင်တော်၊ သံဃာတော်များ နှင့် ကျန်နိုင်ငံရေး အကျဉ်းသားများ
အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊
(၂) တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ချက်ချင်းရပ်စဲပြီး တိုင်းရင်းသား
ကိုယ်စားလှယ်များနှင့် အတိုက်အခံ အင်အားစုများ ပါဝင်သည့် စစ်မှန်သောငြိမ်းချမ်းရေး လုပ်ငန်းကို အမြန်ဆုံး
အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်။
(၃) လောကပါလ တရားနှင့် အသိပညာ ထွန်းကားရေးအတွက် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရဟန်းတော်များနှင့်
စာပေပညာရှင်ကြီးများ ဟောပြောရာတွင် ပိတ်ပင် တားဆီးခြင်း၊ ဟောပြောခွင့် တောင်းခံရခြင်းတို့ကို လုံးဝရပ်စဲပြီး
လွတ်လပ်စွာ ဟောပြော ရေးသားခွင့်ပေးရန်
စသော တောင်းဆိုချက်များသည် တိုင်းပြည်၏ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ကျဉ်းပေးနိုင်ရန် လိုအပ်ချက်များဖြစ်သည့်
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ မြန်မာပြည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသော
တောင်းဆိုချက်များဖြစ်သဖြင့် ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ အပြည့်အ၀ ထောက်ခံ ရပ်တည်
သွားမည်ဖြစ်သည်။ မြန်မာပြည်ကြီး ငြိမ်းချမ်းရေးအတွက် နိုင်ငံအရပ်ရပ်ရှိ ဒီမိုကရေစီ အင်အားစုများ၊ သမဂ္ဂများ၊
ကွန်ယက်များ၊ လူမှုအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလိုလားသော ပြည်သူများမှ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း
နှိုးဆော်အပ်သည်။
ဗဟို နိုင်ငံရေး ဦးဆောင်ကော်မတီ
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

No comments: