Published on November 18, 2011 by နေသွင်
၁၉၉၀  ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးဆိုတာ အခုအချိန်မှာ လက်တွေ့မကျတဲ့  တောင်းဆိုချက် ဖြစ်သွားပြီလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အဖွဲ့ချုပ်ရုံးမှာ  ကျင်းပတဲ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀  ရွေးကောက်ပွဲရလဒ်ဟာ တရားဝင်ပြီသား၊ ဘယ်သူမှ ဖျောက်ဖျက်ပစ်လို့ မရပေမယ့်  ရွေးကောက်ပွဲရလဒ် လွှတ်တော် ပေါ်ပေါက်ရေး တောင်းဆိုချက်က လက်တွေ့  မကျတော့ဘူးလို့ ပြောပါတယ်။“အသိအမှတ်  ပြုတယ်ဆိုတာ တချို့က ဘယ်လို အသိအမှတ်ပြုတာကို ပြောတာလဲတော့ မသိဘူး။  ဘယ်သူ့မှလဲ ပယ်ဖျက်လို့ မရဘူး။ ဒီလိုဟာ အဖြစ်တိုင်း ဖြစ်ခဲ့ပါတယ်ဆိုတာကို  အခုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တယောက်က  ဒီလိုပြောလိုက်တယ်ဆိုတာ လက်ခံနိုင်တဲ့အကြောင်း ရှိတယ်လို့ ကျမ  ပြောချင်ပါတယ်။ ဒါကို တချို့က ၁၉၉၀ ရွေးကောက်ပွဲအရ လွှတ်တော်  ခေါ်ပေးရမယ်ဆိုပြီး ခုထက်ထိ အော်နေတုန်းပါ။ ဒါကတော့ လက်တွေ့ကျတဲ့ ကိစ္စ  မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ တောင်းဆိုချက် မဟုတ်ပါဘူး။”
မကြာခင်က  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်  ပြုတယ်လို့ ပြည်တွင်းဂျာနယ် ရန်ကုန်တိုမ်း ဂျာနယ်ကို ပြောခဲ့တာကို  ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။
၁၉၉၀ အနိုင်ရ  မဟာမိတ်အဖွဲ့ချုပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ  အတွင်းရေးမှူး ဦးအေးသာအောင်က စီအာပီပီ အနာဂတ်နဲ့ ပတ်သက်လို့  မကြာခင်မှာ  ဆွေးနွေးရမယ်လို့  ပြောပါတယ်။
“စီအာပီပီမှာ  ပြီးခဲ့တဲ့လ ၇ ရက်နေ့ကတည်းက ဆွေးနွေးပြီးတော့ သဘောထား ရထားပြီး ဖြစ်ပါတယ်။  ဒါပေမယ့် ကျနော်တို့ မီဒီယာကို ထုတ်ဖော် မပြောတာက အခု ဒီနေ့ ဆွေးနွေးတဲ့  စီအီးစီ အစည်းအဝေးကို လွှမ်းမိုးရာကျမှာ စိုးလို့ မပြောခဲ့တာပါ။ အခုလို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံတင်ဖို့ရယ်၊  ရွေးကောက်ပွဲဝင်ဖို့ရယ် ဆုံးဖြတ်လိုက်ပြီဆိုတော့ လာမယ့် အစည်းအဝေးမှာ  ဒီကိစ္စကို ဆွေးနွေးဖို့ ရှိပါတယ်။”
စီအာပီပီကို  ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရှမ်း၊  ရခိုင်၊ ဇိုမီး၊ မွန်ပါတီတို့က ခေါင်းဆောင်တွေနဲ့  ရွေးကောက်ပွဲရလဒ် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးအတွက် ၁၉၉၈ ခုနှစ်မှာ  ဖွဲ့စည်းခဲ့တာပါ။
၁၉၉၀  ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၀ ရာခိုင်နှုန်းကျော်  အနိုင်ရခဲ့တာဖြစ်ပြီး စစ်အစိုးရက ရလဒ်ကို အသိအမှတ် မပြုခဲ့ပါဘူး။
၂၀၁၀  ရွေးကောက်ပွဲ အကြိုကာလမှာ ၁၉၉၀ ရလဒ်ကို ဖျက်သိမ်းကြောင်း အဲဒီတုန်းက  စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုးထားတဲ့  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတရပ် ထုတ်ပြန်ခဲ့ပါတယ်။ (DVB)
No comments:
Post a Comment