လွှတ်တော်ထဲက မူးယစ်ရာဇာ အမည်ရ အစီရင်ခံစာထုတ်ပြန်
Published on November 16, 2011 by webteam
ရှမ်း ပြည်မူးယစ်ဆေးဝါး စောင့်ကြည့်အဖွဲ့ကနေ လွှတ်တော်ထဲက မူးယစ်ရာဇာ  (Druglords in Parliament) လို့ အမည်ရတဲ့ အစီရင်ခံစာတစ်စောင် ဒီကနေ့  နေ့စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ဒီတခေါက်ထုတ် ဝေတဲ့ စတုတ္ထမြောက် အစီရင်ခံစာမှာတော့ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်  ၇ ဦး ဘိန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ မဲဆွယ်မှုရှိခဲ့တဲ့  အကြောင်းတွေကို ဦးစားပေး ဖော်ပြခဲ့တယ်လို့  မူးယစ်ဆေးဝါးစောင့်ကြည့် လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်းဆိုင်က  ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်မှာ ရွေးကောက်ပွဲ ဖြစ်တဲ့အခါကျတော့ မဲဆွယ်မှုတွေ ရှိတယ်။  ဒီမဲဆွယ်မှုတွေထဲမှာ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီးတော့မှ  အခွင့်အရေးပေးဖို့ မဲဆွယ်တာတွေ ရှိခဲ့တယ်။ မဲဆွယ်ပြီးတော့မှ  နောက်ပိုင်း တကယ်တမ်း ရွေးကောက်ပွဲဖြစ်ပြီးတော့  အနိုင်ရတဲ့အခါကျတော့ ဘိန်းစိုက်ပျိုးမှုက  ပိုပြီးတော့တိုးတက်လာတယ်ဆိုတာကို တင်ပြထားပါတယ်။”
ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊  မိုင်းပေါ့နဲ့ လောက်ကိုင်ဒေသ ကိုးကန့်ဒေသက အမျိုးသားလွှတ်တော်အမတ်  ၁ ဦး၊ ပြည်သူ့လွှတ်တော်အမတ် ၂ ဦး၊ ပြည်နယ်လွှတ်တော်အမတ် ၄ ဦးတို့ဟာ  ၂၀၁ဝရွေးကောက်ပွဲ ကာလတွေတုန်းက  ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ အမတ်နေရာရဖို့အတွက်  ဒေသခံပြည်သူတွေကို ဘိန်းစိုက်ပျိုးခွင့် ပေးမယ်လို့ပြောပြီး  မဲဆွယ်ခဲ့ပါတယ်။
အာဏာရပြီးတဲ့ အခါမှာလည်း ဘိန်းစိုက်ပျိုးတဲ့သူတွေဆီကနေ အခွန်ငွေတွေယူသလို  ကိုယ်တိုင်လည်း လုပ်ငန်းတွေမှာ သွယ်ဝိုက်ပြီး ပတ်သက်နေပါတယ်။  ဒါကြောင့် ဒေသထဲမှာ အရင်နှစ်ထက် ဘိန်းအထွက်တိုးနှုန်းမြင့်မားပြီး  လူငယ်လူရွယ်တွေ ကြားမှာလည်း မူးယစ်ဆေးဝါးသုံးစွဲမှုတွေ  များပြားလာတယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဦးခွန်း ဆိုင်က ရှမ်းပြည်နယ်ထဲက “မူးယစ်ဆေးဝါး တိုးပွားမှုပြသနာဟာ  တိုင်းပြည်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြသနာတွေ  အပေါ်မှာမူတည်ပြီးဖြစ်လာရတယ်၊ နိုင်ငံရေး မတည်ငြိမ်တော့  တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲတွေဖြစ်တယ်။ ဒါတွေနဲ့ ဆက်နွှယ်ပြီး  မူးယစ်ဆေးဝါးနဲ့ မပတ်သက်ချင်လည်း ပတ်သက်နေရတာ ရှိတယ်။  မူးယစ်ဆေးဝါးလုံးဝ ပပျောက်ဖို့အတွက် အကြမ်းဖက်နှိမ်နင်း  နည်းမသုံးဘဲ နိုင်ငံရေးတည်ငြိမ် ငြိမ်းချမ်းမှုရှိအောင် အစိုးရက  ကြိုးစားသင့်တယ်လို့ ဆက်ပြောပါတယ်။
လွှတ်တော်ထဲက  မူးယစ်ရာဇာလို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့  သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့  မနက် ၁ဝနာရီကနေ မွန်းတည့် ၁၂ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။
ရှမ်းပြည်မူး ယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ဟာ ၂၀၀၃ ခုနှစ်ကစပြီး  မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ အလျဉ်းသင့်သလို  စုဆောင်းတင်ပြခဲ့တာမှာ အစိုးရကကြေညာထားတဲ့  မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းပေါ် အခြေခံပြီး  ရှမ်းပြည်ထဲက ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အခြေအနေတွေကို တင်ပြခဲ့တာ  ဖြစ်ပါတယ်။(DVB)
No comments:
Post a Comment