ဦးသိန်းစိန် အစိုးရရဲ့ အခက်အခဲများ

ဦးသိန်းစိန် အမွေခံလိုက်ရတာ အခက်အခဲပေါင်းစုံ ဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပြည်ပရေးတွေမှာ ရှိနေတဲ့ အခက်အခဲတွေပဲ။
အခက်အခဲတိုင်းဟာလည်း မြန်မြန် ဖြေရှင်းရမယ့် ကိစ္စချည်းပဲ။ အချိန်ဆွဲနေလို့ မရဘူး။ အချိန်ဆွဲလေ ပြဿနာက ကြီးလေဖြစ်မယ်။ ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲကုန်မှာ ဖြစ်တယ်။
လမ်းပြမြေပုံ (RM) (၇) ချက် လုပ်ရတာနဲ့ မတူတဲ့ ကိစ္စတွေကို ဖြေရှင်းရမှာဖြစ်လို့ အကျပ်ကိုင် အကြမ်းကိုင်တဲ့နည်း လုပ် မရဘူး။ အဲဒီလို လုပ်ရင် ပိုဆိုးသွားမယ်။ မြန်မြန်ဆန်ဆန် ပေါက်ကွဲကုန်မယ်။
ဒါကြောင့် အပျော့ဆွဲနည်းကိုပဲ သုံးနေရတယ်။
 အပျော့ဆွဲနည်းကို သုံးပေမယ့် စစ်အာဏာရှင်စနစ်ကိုတော့ နည်း နည်းမှ အထိပါး မခံနိုင်ဘူး။ ဒါကြောင့် တန်ပြန်တော် လှန်ရေး (၂) ခွ ပရိယာယ်ကို သုံးနေတယ်။ တဖက်က အပျော့ဆွဲလုပ်ရင်း တ ဖက်က အကြမ်းကိုင်ဖို့ ပြင်ထားတယ်။ မြစ်ဆုံကိစ္စနဲ့ နိုင်ငံရေးအ ကျဉ်းသား လွှတ်ရေးကိစ္စမှာ လုပ်ကိုင်ပုံက အထင်အရှား ပြနေ တယ်။
မြစ်ဆုံကိစ္စ သူ့လက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ပဲ ပြောတယ်။ နောက်တက်လာမယ့် အစိုးရအတွက် အာမမခံဘူး ဆိုတဲ့သဘော။ ဗိုလ်စောမောင်လို ဦးသိန်းစိန် မဖြစ်ဘူးလို့ အာမမခံနိုင်ဘူး။ “အိမ်ရှေ့စံ” ဒု သမ္မတ တယောက်က အဆင် သင့်ရှိနေတယ်။
“မြစ်ဆုံကိစ္စ” ကိုင်လိုက်လို့ ဝါရှင်တန်သို့ လမ်းပေါက်သွားပေမယ့် ဝါရှင်တန်က ခပ်တင်းတင်းပဲ ဆက်ဆံတယ်။ ဦးဝဏ္ဏ မောင်လွင်ကို ဟီလာရီကလင်တန်က မတွေ့ဘူး။ (ဟိုတုန်းက မယ်ဒလင်းအော ဘရိုက်က ဗမာပြည်လာပြီး စစ်အစိုးရနဲ့ တွေ့ခဲ့တာနဲ့ ယှဉ်ကြည့်ပါ)
ဝါရှင်တန်ကို ရောက်လာတာတောင် ဟီလာရီကလင်တန်က မတွေ့ဘဲ နေတာဟာ တင်းနိုင်တဲ့ အခြေအနေရှိလို့ပဲ။ “စိုင်ရှင်” ရုပ်သိမ်းရေးကိစ္စ၊ သံတမန်ဆက်ဆံရေး အဆင့်မြှင့်ရေးကိစ္စကိုတော့ လေသံတောင် မဟဘူး။
နိုင်ငံရေးအကျဉ်းသားလွှတ်ရေးကိစ္စ .. “လွတ်ငြိမ်းချမ်းသာခွင့်” ပေးတဲ့နေရာမှာ အထက်စီးနဲ့ရေးထားတာကို ကြည့်ရင် ရှင်းတယ်။ “လိမ္မာရေးခြား ရှိလာလို့ လွှတ်လိုက်တယ်” ဆိုတဲ့သဘော ရေးထားတယ်။
ဒီကိစ္စမှာက “အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” (‘အကလ’(၁၁) ဦး စစ်အုပ်စု) ရဲ့ အဆုံးအဖြတ်က အခရာပဲ။ “အိမ်ရှေ့စံ” ဒု သမ္မတရဲ့ သဘောတူညီချက်နဲ့ပဲ လုပ်ရတာ ဖြစ်လိမ့်မယ်။ ဒါကြောင့် အဓိက နိုင်ငံရေးအကျဉ်းသားတွေကို
မလွှတ်ဘဲ ထားတယ်။ အာပတ်လွတ်အောင် ဦးသူရ(ဇာဂနာ) ကိုပဲလွှတ်တယ်။ ဘယ်တော့ ဘာအမှုနဲ့ ပြန်ဖမ်းဦးမလဲ မသိဘူး။ ဦးသူရက တပြည်လုံး ထောင်တကာ လှည့်ပြီး ထောင်ဝင်စာတွေ့မယ်လို့ ဆိုထားတယ်။ စောင့်ကြည့်ရမှာပဲ။
အမေရိကန်နဲ့ ပြန်လည်ရင်ကြားစေ့ရေး ပထမ
စစ်အာဏာရှင်စနစ်က နှစ်ပေါင်း (၅ဝ) ဖျက်ဆီးထားလို့ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျနေပြီ။ ဦးသိန်းစိန် ကိုယ့် ဝမ်းနာ ကိုယ်သိတယ်။ အမေရိကန်နဲ့ မြန်မြန် ရင်ကြားစေ့မှ အာဆီယံဥက္ကဋ္ဌ (၂ဝ၁၄) မှာ လုပ်ခွင့်ရမှာပဲ။ ဒီကိစ္စမှာ တရုတ်က မကယ်နိုင်ဘူး။ အမေရိကန် ခေါင်းညိတ်မှပဲ “ဥက္ကဋ္ဌ” တနှစ် လုပ်ခွင့်ရမှာပါ။ အမေရိကန်ကလည်း “စိုင်ရှင်” လုပ်ထားတဲ့ တိုင်းပြည်ကို သမ္မတက ထိပ်သီးစည်းဝေးပွဲ သွားတက်ဖို့ဆိုတာ အတော် ဂွ(ခွ) ကျတဲ့ အနေအထားပဲ။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်တော့ ဟန်ပြပဲ လုပ်တယ်။ ဒေါ်စု (ဒီ/ချုပ်နဲ့မဟုတ်)နဲ့ စကားပြောတာကိုက အမေရိကန်နဲ့ ပြန်လည် ရင်ကြားစေ့ချင်လို့ပါ။ အမျိုးသား ပြန်လည်ရင်ကြားစေ့ချင်လို့ မဟုတ်ပါဘူး။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အမှန်တကယ် လုပ်ချင်ရင် ဒီ/ချုပ်နဲ့သာမက အားလုံးနဲ့တွေ့ပြီး စေ့စပ်ဆွေးနွေးရမယ်။ ဒီလို လုပ်ရင် “စစ်အာဏာရှင်စနစ်” ကို အနည်းနဲ့အများ ထိပါးမှာပဲ။ ထိပါးတာကို “အကလ (၁၁ ဦး) ကောင်စီ” က လက်မခံနိုင်ဘူး။
အခုတော့ ဦးသိန်းစိန် အကျပ်တွေ့နေပြီ။ ဒေါ်စုနဲ့ မိုးမဆုံး မြေမဆုံး စကားတွေ ပြောနေလို့ကလည်း မဖြစ်။ (ဒေါ်စု ဘက် ကလည်း ဒီလိုပဲ နေမှာပါ) အမျိုးသား ရင်ကြားစေ့ရေးကို အားလုံးနဲ့ လုပ်ဖို့ကလည်း မဖြစ်နိုင်။ ဒါဟာ အကြီးဆုံး အခက် ပဲ။
အခက်ဆုံးကိစ္စက ပြည်တွင်းရေးပဲ။ အာဆီယံဥက္ကဋ္ဌ မဖြစ်လည်း ရတယ်။ အမေရိကန်ရဲ့ “စိုင်ရှင်” က မလွတ်လည်း ရ တယ်။ မရတာက ပြည်သူတွေက လက်ရှိအခြေအနေကို ဆက်လက် သည်းခံမနေနိုင်တော့တာပဲ။
မကြာခင်မှာ “အာဆီယံဒေသ လွတ်လပ်တဲ့ဈေးကွက်” ဖြစ်တော့မယ်။ ဗမာပြည်မှာက စီးပွားရေးအခြေခံ ဘာတခုမှ တောင့်တောင့်တင်းတင်း ကြံ့ကြံ့ခိုင်ခိုင် မရှိသေးဘူး။ ပြည်ပထွက်ပြီး ကျွန်ခံရတဲ့အဆင့်ကနေ ကိုယ့်ပြည်ထဲမှာနေရင်း ကျွန်ခံရတော့မယ့် အခြေအနေပဲ။
ဒီအခြေအနေရောက်ရင် ပြည်သူ့ဒေါသ မုချ ပေါက်ကွဲမှာပဲ။
ရဲဘော်ညိုမောင်
အရေးတော်ပုံဂျာနယ် အတွဲ ၁ အမှတ် ၇ မှ

No comments: