Published on November 21, 2011 by နော်နိုရင်း
အခုလ  ၁၆ ရက်နေ့တုန်းက ထောင်ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေး  အကျဉ်းသားတချို့ကို မိသားစုဝင်တွေက ဒီနေ့ ထောင်ဝင်စာ သွားရောက်  တွေ့ဆုံပါတယ်။

မင်းကိုနိုင်
အခုလ ၁၆  ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံထောင်ကနေ သရက်ထောင်ကို  ပြောင်းရွှေ့ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်  ကိုမင်းကိုနိုင်ကို မိသားစုဝင်တွေက ဒီကနေ့ တွေ့ခွင့်  ရရှိခဲ့ပါတယ်။
ကိုမင်း ကိုနိုင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ အစ်မတဦးက  “တွေ့ခွင့်ရပါတယ်။ မိနစ် ၂၀ ကျော်ကျော် စကားပြောခွင့်ရပါတယ်။  အခုပဲတွေ့ပြီး ထွက်လာတာပါ။ ကျမလည်း  ပြောင်းလိုက်ရွှေ့လိုက်နဲ့ဆိုတော့ ဘယ်လိုရွှေ့လည်း  ဘယ်လမ်းကလာလည်းပေါ့၊ နေကောင်းရဲ့လား၊ ဘာပစ္စည်းတွေ လိုအပ်သလဲ။  အဲဒါတွေပဲ မေးလိုက်ရပါတယ်။ အောင်လံကနေ သရက်ကို သဗ္မာန်နဲ့  ကူးရလားလို့ မေးတော့ မဟုတ်ဘူးတဲ့။ သူ့ကို မင်းတုန်း၊  ကံမဘက်ကနေ ကားနဲ့ပတ်ခေါ်တာတဲ့။ နည်းနည်းတော့ ပင်ပန်းတာပေါ့။  ခရီးဆက်တိုက်ဖြစ်သွားတော့။”
ထောင်ပြောင်းရွှေ့မှုကြောင့် အနည်းငယ်ပင်ပန်းတာကလွဲရင် ကိုမင်းကိုနိုင် နေကောင်း ကျန်းမာတယ်လို့ ပြောပါတယ်။
ရှမ်းတိုင်း ရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကိုလည်း ပူတာအိုထောင်ကနေ  တောင်ငူထောင်ကို ပြောင်းရွှေ့ထားတယ်လို့ ရှမ်းတိုင်းရင်းသားများ  ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

ခွန်ထွန်းဦး 
“ပူတာအိုကနေ  မြစ်ကြီးနားကို လေယာဉ်နဲ့ပို့တယ်။ မြစ်ကြီးနားမှာ နှစ်ည နားတယ်။  ပြီးတော့ မြစ်ကြီးနားကနေ မန္တလေးကို လေယာဉ်နဲ့ပို့တယ်။  မန္တလေးမှာ တည ထပ်နားပြီးတော့ စနေနေ့ ကားနဲ့ပြန်ထွက်လာတယ်။  မနေ့ကမနက်ပဲ တောင်ငူကို ရောက်ပါတယ်။”
ဦးခွန်ထွန်း ဦးကို တောင်ငူထောင်မှာ မိသားစုဝင်တွေက ဒီကနေ့ သွားရောက်  တွေ့ဆုံနေပြီး ပြန်လာမှ အကျိုးအကြောင်း သိရမယ်လို့ ဆိုပါတယ်။
၂၀၀၇  သံဃာ့သပိတ်ခေါင်းဆောင် အရှင်ဂမ္ဘီရကိုလည်း အာဏာပိုင်တွေက  စစ်ကိုင်းတိုင်း ကလေးထောင်ကနေ ဧရာဝတီတိုင်း မြောင်းမြထောင်ကို  ပြောင်းရွှေ့ထားပါတယ်။
အရှင်ဂမ္ဘီရနဲ့ တွေ့နိုင်ဖို့ အစ်မတော်ဖြစ်သူ မခင်သူဌေး ဒီကနေ့ မြောင်းမြထောင်ကို သွားတယ်လို့ သိရပါတယ်။
အရှင်ဂမ္ဘီရကို အခုလ ၁၆ ရက်နေ့က ကလေးထောင်ကနေ အင်းစိန်ထောင်၊ အဲဒီနောက် မြောင်းမြထောင်ကို ထပ်ပြောင်းလိုက်တာဖြစ်ပါတယ်။
အရှင်ဂမ္ဘီရကို  မြောင်းမြ ထောင်မပို့ခင် အင်းစိန်က စစ်ခွေးတိုက်မှာ ထားတယ်လို့  သောကြာနေ့က အင်းစိန်ထောင်က လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတဦးက  ပြောပါတယ်။( DVB )
No comments:
Post a Comment