အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ သမိုင်းတွင် ခရီးစဉ်

ကိုဝိုင်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့သို့
ရောက်ရှိလာမှာဖြစ်ရာ နှစ်ငါးဆယ်ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတဦး၏ မြန်မာနိုင်ငံသို့ လည်ပတ်မှု ဖြစ်လာပေလိမ့်မည်။

ရန်ကုန်ရှိ သတင်းရပ်ကွက်များ အဆိုအရ လက်ရှိ တောင်ကိုရီးယား နိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသော မစ္စ ကလင်တန်သည် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ Chatrium  ဟိုတယ်တွင် တည်းခိုမှာ ဖြစ်ပြီး ခရီးစဉ် အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှာ
ဖြစ်သလို ရွှေတိဂုံစေတီတော်သို့ သွားရောက်မှာ ဖြစ်သည်။

မစ္စ ကလင်တန်နှင့်အတူ အရှေ့အာရှနှင့် ပစိတ်ဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ် Kurt Campbell, ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စ်နာ Michael Posner၊ ကောင်စစ်ဝန် Cheryl Mills, မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲ Derek Mitchell, မူဝါဒရေးရာစီမံချက်ရေးဆွဲရေး ဒါရိုက်တာ ဂျိတ် ဆာလီဗန် Jake Sullivan တို့လည်း ပါဝင်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

ကြာသပတေးနေ့တွင် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပြီး နံနက်ပိုင်းတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံပြီးနောက် သမ္မတရုံးတွင် ဦးသိန်းစိန်နှင့် ဆွေးနွေးမည်ဖြစ်သည်။ ထိုနေ့တွင်ပင် လွှတ်တော် နှစ်ရပ်လုံးမှ ဥက္ကဋ္ဌများဖြစ်သော သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့နှင့်လည်း ဆွေးနွေးရန်ရှိသည်ဟု သတင်းရပ်ကွက်များက ပြောသည်။

သောကြာနေ့တွင် ရန်ကုန်မြို့သို့ ပြန်လာမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဆွေးနွေးရန် စီစဉ် ထားကြသလို တိုင်းရင်းသားခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်ဟု သိရသည်။

အရပ်ဝတ် အမေရိကန် လုံခြုံရေး အရာရှိများက မစ္စကလင်တန်တည်းခိုမည့်ဟိုတယ်နှင့် သွားရောက်မည့် နေရာများ အတွက် ကြိုတင်၍ လုံခြုံရေး စိစစ်မှု လုပ်ထားခဲ့ကြသည်။

၁၉၅၅ ခုနှစ်က လာရောက်လည်ပတ်ခဲ့သော မစ္စတာ ဂျွန်ဖော်စတာဒူးလက်စ် John Foster Dulles ပြီးလျှင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်မှာ တရုတ်၏ သြဇာကို ချိန်ခွင်ညှိနိုင်ရန် ရည်ရွယ် သည်ဟု လေ့လာသူများက သုံးသပ် ထားကြသည်။

“အမေရိကန်ရဲ့ သူ့ရဲ့သြဇာ အရှေ့တောင်အာရှိရော အာရှပိစိဖိတ်မှာရော ကျလာတဲ့အတွက် အင်နဲ့အားနဲ့ပြန်လာဖို့ သူစဉ်းစားတာကိုး။ မြန်မာပြည်ရဲ့ ပထဝီနိုင်ငံရေးအရ တရုတ်ရဲ့ အင်အားကို ချိန်ခွင်လျှာညှိချင်ရင် မြန်မာပြည်ဟာ မုချစည်းရုံးရမယ့် Target (ပစ်မှတ်) ဖြစ်နေတာ။” ဟု တရုတ်နိုင်ငံ အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီမှ
ဒေါက်တာ လှကျော်ဇောက ပြောသည်။

ဝါရှင့်နိုင်ငံရေးသမားကြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းကလည်း အမေရိကန် အနေ
ဖြင့် မြန်မာနိုင်ငံကို ပြိုင်ဘက် တရုတ်နိုင်ငံ၏ နောက်လိုက် မဖြစ်စေလိုသဖြင့် ရွေးကောက်ပွဲကို ဖြတ်သန်းပြီး ပေါ်
ပေါက်လာသည့် အစိုးရအသစ် လက်ထက်တွင် ဆက်ဆံရေးကောင်းစေရန် ပြန်လည်ကြိုးစားလာသည်ဟု  သုံးသပ်
ပြောဆိုသည်။

No comments: