ပြည်သူ့ရင်ခွင် ရွေးစေချင်

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေဟာ အတိုက်အခံအင်အားစုများအတွင်းမှာ သဘောထားကွဲပြားမှု အကြီး အကျယ်ဖြစ်ပေါ်နေပါတယ်။ ဒီတစ်ခါသဘောထားကွဲပြားမှုဟာ ၁၉၈၈ နောက်ပိုင်းမှာ အကြီးဆုံးသဘော ထားကွဲမှုဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလသဘောထားကွဲမှုထက် ပိုကြီးမားတဲ့ကွဲပြားမှုဖြစ်ဖို့ အလားအလာ ဖြစ်နေပါတယ်။ စစ်အုပ်စုက လိုင်းတစ်ခုချလိုက်တိုင်း အတိုက်အခံအင်အားစုများဘက်မှာ ထိုသို့ဖြစ်နေကျဖြစ် ပေမယ့် ဒီတစ်ခါကွဲပြားမှုဖြစ်ခဲ့ရင်တော့ မြန်မာ့နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ဖြစ်စဉ်တခုဖြစ်ပါလိမ့်မယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုဝိုင်းရံရေး၊ အန်အယ်လ်ဒီကိုဝိုင်းရံရေးဆိုတဲ့မူကို တလျှောက်လုံး ကိုင်စွဲလာခဲ့တဲ့ နိုင်ငံရေးအင်အားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီတို့ကိုယ်တိုင် သဘောထားကွဲပြားမှုဖြစ်လာနိုင်တာကြောင့်ပါပဲ။
ကွဲပြားမှုရဲ့အခြေခံ                               အန်အယ်လ်ဒီအနေနဲ့ပါတီမှတ်ပုံတင်ရေး၊ရွေးကောက်ပွဲဝင်ရေးကိစ္စမှာ ဘယ်လိုအခြေအနေမျိုးမှ ပြုလုပ်သင့် တယ်ဆိုတာနဲ့ပတ်သက်ပြီး သဘောထားကွဲကြတာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကိုမပြုပြင်ဘဲ ရွေး ကောက်ပွဲဥပဒေကိုသာပြင်ပေးတဲ့အချက်အပေါ်မှာပဲ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန်ဖြစ်နိုင်ချေရှိ သည်ဟု အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူက သဘောထားပေးလာပြီး အချို့သောအတိုက်အခံအင်အားစုများ ကပါ ထောက်ခံလာတဲ့အပေါ်မှာ ကျန်အတိုက်အခံနိုင်ငံရေးအင်အားစုများက ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ အချက်တွေကိုမပြုပြင်ဘဲ ပါတီမှတ်ပုံတင်၍ရွေးကောက်ပွဲဝင်ရန်မသင့်ဟူ၍ မှတ်ချက်ပေးလာသောကြောင့်ဖြစ်ပါတယ်။
အတိုက်အခံအင်အားစုများအနေဖြင့်လည်း မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို ဆန့်ကျင်ကန့်ကွက် နေခြင်းမဟုတ်ဘဲ ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးကိုသာ တောင်းဆိုခြင်းဖြစ်ပါတယ်။
အားလုံးပြုပြင်ပေးစရာမလို                                                                                                                      ၂၀၀၈ အခြေခံဥပဒေပြုပြင်ရေးဆိုတာလည်း အားလုံးပြုပြင်စရာမလိုပါ။ အတိုက်အခံအင်အားစုများတောင်းဆို ထားသည်က ၂၀၀၈ အခြေခံဥပဒေထဲက ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့အချက်များကို ပြုပြင်ပေးရန်သာဖြစ်ပါ တယ်။ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့အချက်ဟာ ၂၀ ခန့်ရှိသော်လည်း အရေးကြီးပြုပြင်ပေးရမယ့်အချက်ဟာ ချကြည့်လိုက်ရင် ၇ ချက် ၈ ချက်ခန့်သာရှိပါမယ်။ ထိုအရေးကြီးတဲ့ အချက်တွေမပြုပြင်ပေးဘဲ ကျန်အချက် ၂၀၀ လောက်ကိုပြုပြင်ပေးလည်း ထူးခြားမည် မဟုတ်ပါ။ ထို ၇ ချက် ၈ ချက်လုံးကို မပြုပြင်ပေးနိုင်ပါကလည်း အဓိကကျတဲ့ ၃ ချက်လောက်ကိုပြင်ပေးရုံနဲ့ အားလုံးကျေနပ်လက်ခံနိင်တဲ့ အခြေအနေတရပ်ကို ဖန်တီး နိုင်မှာဖြစ်တယ်လို့ စာရေးသူအနေနဲ့ ယုံကြည်ပါတယ်။
အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းခေါင်းစဉ်အောက်က ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နဲ့(ခ)ကို ပြုပြင် ပေးရန်ဖြစ်ပါတယ်။ အဲဒီမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်များကို ပြင်ဆင်လိုလျင် ပြည်ထောင်စုလွှတ်တော်  ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်လက်ခံပြီးနောက် ဆိုတာမှာ ရာခိုင်နှုန်း လျော့ချပေးဖို့ဖြစ်ပါတယ်။
သို့မှသာ လွှတ်တော်အတွင်းကနေ အခြေခံဥပဒေပြင်ရေးကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက လွှတ် တော်တွင်းကနေ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့နိုင်ငံရေးဟာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါလိမ့်မယ်။
အခန်း(၅)၊ အုပ်ချုပ်ရေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဖွဲ့စည်းခြင်းခေါင်းစဉ်အောက်က ပုဒ်မ ၂၀၁ ကိုပြုပြင်ပေးရန် ဖြစ်ပါတယ်။ ကာ∕လုံ ကောင်စီ (၁၁) ဦးမှာ စစ်တပ်က အမြဲတမ်း (၆) ဦးနဲ့အသာစီး ယူထားတာကို လျော့ပေးဖို့ ဖြစ်ပါတယ်။
သို့မှသာ ကာ/လုံရဲ့လုပ်ပိုင်ခွင့်နဲ့ တဆိတ်ရှိ စစ်တပ်က (အခြေခံဥပဒေအရ) အာဏာသိမ်းခြင်းကို ကာကွယ်နိုင် မှာ ဖြစ်ပါတယ်။
အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများခေါင်းစဉ်အောက်က ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(ဃ) နဲ့ အခန်း(၇)၊ တပ်မတော်ခေါင်း စဉ်အောက်က ပုဒ်မ(၃၄၀) ကိုဖျက်သိမ်းပစ်ရန်(သို့)ပြုပြင်ပေးရန်ဖြစ်ပါတယ်။ ထိုပုဒ်မ ၂ ခုဟာ အတူတူဖြစ်တဲ့ အတွက် ပေါင်းရေးရခြင်းဖြစ်ပါတယ်။
ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(ဃ)။       ။ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင် ရေးအတွက် စီမံဆောင်ရွက်ပိုင်ခွင့်ရှိသည်။
ပုဒ်မ(၃၄၀)။   ။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင် ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။တပ်မ တော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရမည်။
ပေါ်တာဆွဲခြင်းနဲ့ အဓမ္မစစ်သားစုဆောင်းခြင်းတွေကို တရားဝင်ပြုလုပ်နိုင်ဖို့ပြဌာန်းထားတာဖြစ်ပါတယ်။ လိုအပ် လာရင် အတိုက်အခံနိုင်ငံရေးအင်အားစုတွေကို ထိုအခြေခံဥပဒေများအသုံးချပြီး ချေမှုန်းလာနိုင်ပါတယ်။
ထိုပုဒ်မ ၂ ခုကို ဖျက်သိမ်း(သို့)ပြုပြင်ပေးခြင်းဟာ ပြည်သူလူထုနဲ့နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို လူ့အခွင့် အရေးချိုးဖောက်မှုခံရမယ့်အန္တရာယ်က ကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။
ထိုအချက်တွေပြုပြင်ပြောင်းလဲခဲ့မှသာ လွှတ်တော်တွင်းနိုင်ငံရေးဟာ အဓိပ္ပါယ်ရှိမှာပါ။
အလျော့အတင်း                                                                                                                          တွေ့ဆုံဆွေးနွေးရေးဆိုတာ နှစ်ဖက်အပေးအယူ အလျော့အတင်းလုပ်ရတာပဲဖြစ်ပါတယ်။ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုဆိုတာ အင်္ဂလိပ်အက္ခရာ (V) ပုံသဏ္ဍန် နှစ်ဖက်စလုံးဟာ လျော့ချလာပြီး ဆုံချက်တခုမှာ ဆုံတွေ့ကြပြီး အဖြေရလာတာမျိုးပါ။ တဖက်ကအားကြီးပြီး တဖက်ကအားလျော့နေတဲ့အခြေအနေမျိုးမှာ ဖြစ် ပေါ်လာတဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အပေးအယူမျှမျှတတဖြစ်လာဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ဒီလိုအခြေအ နေမျိုးမှာ အားကောင်းတဲ့ဘက်က တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းလာတဲ့အခါ အားလျော့တဲ့ဘက်က ဘာလုပ် သင့်သလဲဆိုတဲ့ရွေးချယ်မှုဟာ ကိုယ့်အင်အားစုများအကွဲကွဲအပြားပြားမဖြစ်ဖို့ အတတ်နိုင်ဆုံးရွေးချယ်နိုင်မှ အကောင်းဆုံးဖြစ်မှာ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ အပေးအယူ အလျော့အတင်းလုပ်ရတယ်ဆိုတာကို အားလုံးနားလည်ထားပေမယ့် ဘာပေးလို့ ဘာရသလဲဆိုတာကလည်း  အဓိကကျတဲ့အကြောင်းအရာ ဖြစ်ပါ တယ်။ ပြည်သူလူထုအတွက် ကိုယ်စားပြုသူဟာ ကိုယ့်အတွက်၊ ကိုယ့်ပါတီအတွက်ဆိုတာထက် အများအကျိုး အတွက်မို့ ပိုအရေးကြီးပါတယ်။ 
မူမူချင်း                                                                                                                                        နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိလွှတ်ပေးခြင်းနဲ့ တနိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲ ခြင်းဖြင့် လက်ရှိအစိုးရအနေနဲ့ တကယ်ပြုပြင်ပြောင်းလဲလိုတယ်ဆိုတာကို လက်တွေ့ပြသနိုင်တယ်လို့ အတိုက် အခံများဘက်က ခံယူထားပါတယ်။ အာဏာ၊ စစ်တပ်နဲ့ တိုင်းပြည်ရဲ့သယံဇာတအဝဝကို အပြည့်အဝချုပ်ကိုင် ထားနိုင်တဲ့ စစ်အုပ်စုအနေနဲ့ထိုသို့လုပ်ပေးလိုက်ရုံနဲ့ အခြေအနေပျက်ယွင်းသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ စစ် အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံသဘောမျိုး အပေးအယူလုပ်နေပါတယ်။ ဒါဟာ လူကို မူနဲ့အလဲ အလှယ်လုပ်ဖို့ ကြံစည်တာပဲဖြစ်ပါတယ်။ နိုင်ငံရေးသဘောအရတော့ မူကိုမူနဲ့သာ အပေးအယူလုပ်ရမှာဖြစ်ပါ တယ်။ ထောင်ကျနေသူဘယ်သူမဆို လွတ်ချင်တာသဘာဝပါပဲ။ ဒါပေမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူ နိုင်ငံရေးအကျဉ်းသားများကတော့ ယုံကြည်ချက်နဲ့ လွတ်လပ်မှုကိုလဲမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆို တော့ ဒါဟာသူတို့ကျင့်တဲ့ ကိုယ်ကျင့်တရား၊ သူတို့ရဲ့ဂုဏ်သိက္ခာဖြစ်နေလို့ပါပဲ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်နဲ့တော့ တိုင်းပြည်ကိုတသက် စစ်ကျွန်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို တရားဝင်အသိ အမှတ်ပြုလက်ခံတာမျိုးမဖြစ်စေသင့်ပါဘူး။ ထိုကဲ့သို့လုပ်ခြင်းဟာ မူကိုမူနဲ့အပေးအယူလုပ်တာမဟုတ်ဘဲ လူနဲ့မူကိုအပေးအယူလုပ်တာပဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအကျဉ်းသားများမှာလည်း ၂၀၀၈ အခြေခံဥပဒေ ဆိုတာကိုမကြည့်ဘဲ လွှတ်တော်တွင်းနိုင်ငံရေးနည်းကိုသာ ယုံကြည်သူများရှိပါတယ်။ ထို့အတူ ၂၀၀၈ အခြေခံ ဥပဒေအောက်ကနေ တိုင်းပြည်အတွက်ဘာမှလုပ်လို့ရမှာမဟုတ်ဘူးလို့ ယုံကြည်သူများလည်းရှိပါတယ်။ ထိုသူ များဆန္ဒကိုလည်း အလေးထားသင့်တယ်လို့ထင်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင်ဘဝလွတ်လပ်မှုတစ်ခုတည်း အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြတာမဟုတ်ပါဘူး။ မိမိရဲ့လွတ်လပ်မှု၊ ဘဝတိုးတက်မှုတွေကို ယုံကြည်ချက် အတွက် စတေးခဲ့ကြသူတွေပါ။ သူတို့ဟာ မူမူချင်းသာ အပေးအယူလုပ်တဲ့နိုင်ငံရေးကိုပဲ ယုံကြည်သူများ ဖြစ်ပါလိမ့်မယ်။
တထစ်ပြီးတထစ်                                                                                                                               ၁၉၈၈ ကနေကြည့်ရင် အစဦးဆုံး ကြားဖြတ်အစိုးရဖြစ်မြောက်ရေးကနေ ရွေးကောက်ပွဲဖြတ်သန်းရေး၊ လွှတ် တော်ခေါ်ယူရေး၊ ၉၀ ရလဒ်အသိအမှတ်ပြုရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး စသည်နဲ့ တထစ်ပြီးတထစ်လျော့လာလိုက်တာ ဘာမှမကျန်တော့ပါဘူး။ ခုတော့နောက်ဆုံးတထစ်ရောက်နေပါ ပြီ။ လျော့ပြီးရင် ပြန်တက်နိုင်ပါတော့မလားဆိုတာ စိုးရိမ်စရာပါပဲ။ နောက်တထစ်ဟာ ချောက်ပဲရှိပါတော့တယ်။
သားတရားစီရင်ခန်း                                                                                                            တချို့ကတော့ မဟောသဓသုခမိန်ရဲ့ သားတရားစီရင်ခန်းနဲ့ ဥပမာပေးကြပါတယ်။ အမေအရင်းက ကိုယ့်သား လေးခံစားရတဲ့ဝေဒနာကြောင့် အတင်းမဆွဲတော့ဘဲ အလျော့ပေးလိုက်တာပါ။ ဇာတ်တော်မှာတော့ မဟောသဓ ရှိနေတော့ အမေအရင်းဟာ သားလေးကိုမဆုံးရှူံးဘဲ ပြန်ရခဲ့ပါတယ်။ ဒီဇာတ်တော်ကို ဖြန့်ကျက်စဉ်းစားကြည့်ရင် တကယ်လို့ မဟောသဓသာမရှိခဲ့ရင် သားလေးဘာဖြစ်မှာလဲ။ နောက် တဖက်ကဆွဲနေတဲ့သူဟာ ဘီလူးမ ဖြစ်မှန်း အမေရင်းက အစကတည်းကသိနေရင်ကော သားလေးအစားခံရမှာသေချာသိနေတဲ့အတွက် လွှတ်ပေး ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။
အနုတ်လက္ခဏာ                                                                                                                စစ်အုပ်စုဟာ သူတို့ရဲ့ လက်ရှိဟန်ပြအစိုးရနဲ့လွှတ်တော်ကို နိုင်ငံတကာက အပြည့်အဝလက်ခံ အသိအမှတ် ပြုရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို အမြစ်ပြတ်ချေမှုန်းနိင်ရေးအတွက် ဒေါ်အောင်ဆန်းစု ကြည်ကို အသုံးချရန်ကြိုးစားနေခြင်းဖြစ်ပါတယ်။  သူတို့လိုချင်တဲ့ အတိုင်းအတာကိုရောက်ပါက ထိုနေရာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲဖြုတ်ချန်ထားခဲ့မှာဖြစ်ပါတယ်။သူတို့အားရအောင် ဒီမိုကရေစီအင်အားစု များအား အပြင်းအထန်အတိုက်အခံလုပ်ဝေဖန်ခဲ့သော အေးလွင်တို့အုပ်စုကိုလည်း ထိုသို့အသုံးချခဲ့ပြီုးချန် ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုယုံကြည်ကိုးစားခံရမှုနဲ့ ပုဂ္ဂိုလ်ရေးအခန်းကဏ္ဍဟာ ကြီးမားလှသည်မှန်သော်လည်း လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်မလာပါက  အယောင်ပြလုပ် ငန်းစဉ်များတွင် မျောပါနေသည်ဟူသောအမြင်ဟာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများမှာ ဖြစ်ပေါ်လာနိုင် ပါတယ်။ ထိုအခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအင်အားစုများအကြား ကွာဟမှုဖြစ်လာနိုင်ပြီး ညီညွတ်ရေးထိခိုက်လာနိုင်သလို ဒေါ်အောင်ဆန်းစုကြည်အား ဝိုင်းရံမှုဟာလည်း လျော့ကျလာနိုင်ပါတယ်။ ဆယ်ရေးတရေး ကိုးရေးတစ်ရာ ထိုကဲ့သို့သာဖြစ်ခဲ့ပါက ဒီမိုကရေစီအင်အားစုများဘက်မှာ အနုတ် လက္ခဏာပြပြီး စစ်အုပ်စုအတွက်တော့ အမြတ်ထွက်မှာကျိန်းသေပဲဖြစ်ပါတယ်။ နိုင်ငံရေးအင်အားစုများ အနေဖြင့်လည်း ဆယ်စုနှစ်များနှင့်ချီ၍ ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံများ၊ သင်ခန်းစာများအရ နိုင်ငံရဲ့ကံကြမ္မာအဝဝကို မည်သို့သော ပုဂ္ဂိုလ်ဦးတယောက်၊ အဖွဲ့အစည်းတစုတဖွဲ့တည်းကိုမှ ပုံအပ်ထား နိုင်မည်မဟုတ်ပါ။
ထပ်မံစော်ကားရတဲ့ပြည်သူ့ဆန္ဒ                                                                                                ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အန်အယ်လ်ဒီကို ထောက်ခံ ရုံသက်သက်၊ သတင်းစာထဲမှာဖော်ပြခံရရုံသက်သက် မဲပေးခဲ့ကြတာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ဖျက် သိမ်းရေးမှာ မဲမကွဲဖို့လိုအပ်တယ်ဆိုတာသိတဲ့ပြည်သူတွေက တနိုင်ငံလုံးအတိုင်းအတာနဲ့ အသိစိတ်ဓာတ်ရှိရှိ လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ တတိုင်းပြည်လုံးဆိုင်ရာပြည်သူ့နိုင်ငံရေးလှုပ်ရှားမှုကြီးကို ဂရုမစိုက်မျက်ကွယ်ပြုခဲ့တဲ့စစ်ဗိုလ်ချုပ်တွေဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်လို့ လက်တွေ့မပါ လေလုံးသက်သက်နဲ့ လွှတ်တော်ထဲမှာကြေညာတာဟာ ဒီလောက်လေးပြောပေးလိုက်ရင်ပဲ ကျေနပ်နှစ်သိမ့်သွားကြမယ့် ငတုံးငအတွေပါဆိုတဲ့ အထင်သေး  အမြင်သေး ထပ်မံစော်ကားမှုပဲ ဖြစ်ပါတယ်။
ဒီရလဒ်ကို စစ်အာဏာရှင်တွေလက်ခံလာရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့၊ အကျဉ်းကျခဲ့ ရတဲ့၊ ဘဝပျက်ခဲ့ရတဲ့၊ မိသားစုပြိုကွဲခဲ့ရတဲ့သူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ ဒီအပေါ်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့ အစည်းပဲဖြစ်ဖြစ် လွယ်လွယ်လေးတော့ သဘောမထားသင့်ပါဘူး။( ၉၀ ရလဒ်ကို မဖြစ်မနေ အကောင်အထည် ဖော်ရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ဂုဏ်သိက္ခာမဲ့စွာတဖက်သတ်လုပ် ဆောင်မှုကြောင့် အကောင်အထည်မဖော်နိုင်ခဲ့တာကို ရိုးသားစွာဝန်ခံဖို့ပါပဲ။)
အရှိအရှိအတိုင်း                                                                                                               ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတွေနဲ့ ယခုအခါ အန်အယ်လ်ဒီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကပါ အရှိကိုအ ရှိအတိုင်းလက်ခံရမယ်လို့ပြောလာပါတယ်။ ဘာကိုဆိုလိုချင်ပါသလဲ။ စစ်အုပ်စုကို ငါတို့မနိုင်တော့ဘူး။ သူတို့က အစစသာနေပြီလို့ပြောချင်တာလား။ ဘယ်သူလက်ခံလက်မခံ စစ်အုပ်စုက ဦးသိန်းစိန်အစိုးရအနေနဲ့ အာဏာ ကိုချုပ်ကိုင်ထားပြီလို့ပြောချင်တာလား။ ဒီလိုသာအရှိကိုအရှိအတိုင်းလက်ခံရကြေးဆိုရင် ဦးနေဝင်းရဲ့မဆလ  အစိုးရကို ဖြုတ်ချခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးလည်း ဖြစ်ပေါ်လာစရာမရှိဘူး။ ဒါဆိုရင် အန်အယ်လ်ဒီ ဆိုတာလည်းပေါ်လာစရာမရှိပါဘူး။
တိုင်းပြည်ကိုစစ်ကျွန်ပြုမယ့် ၂၀၀၈ ဥပဒေဟာလည်း တကယ့်အရှိတရားပဲဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်းမဲလိမ်ပြီး မတရားတက်လာတဲ့အစိုးရဆိုတာလည်း အရှိတရားပဲဖြစ်တယ်။ ခုချိန်ထိ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးနဲ့ဖိနှိပ်နေတာလည်း အရှိတရားပဲဖြစ်တယ်။ ထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေကို ခုချိန်ထိချုပ်နှောင်ထားတာလည်း အရှိတရားပဲဖြစ်တယ်။ ဒါတွေကိုလည်း အရှိအရှိအတိုင်း လက်ခံပြီး ဘာလုပ်သင့်သလဲလို့ဆုံးဖြတ်ချက်ချရမှာဟာလည်း တကယ့်တာဝန်တရပ်ဖြစ်ပါတယ်။
၁၈၊နိုဝင်ဘာ                                                                                                                         ၀၁၁ ခုနှစ်ရဲ့ လာမယ့် နိုဝင်ဘာ ၁၈ မှာ အန်အယ်လ်ဒီဟာ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့ ရွေးကောက် ပွဲဝင်ရေး၊ မဝင်ရေးကို ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၁၈၊နိုင်ဝင်ဘာဟာ ဘယ်လို အဓိပ္ပါယ်သတ်မှတ်ချက်မျိုးနဲ့ကျန်ခဲ့မယ်ဆိုတာကို အတိုက်အခံများဘက်ကကော၊ စစ်အုပ်စုဘက်ကပါ သိချင် ဇောနဲ့စောင့်နေကြပါတယ်။ မေးခွန်းကတော့ အန်အယ်လ်ဒီ ဘာလဲ၊ ဘယ်လဲ?
ရင်ထဲကဗကသ                                                                                                                 ဗမာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဆိုတဲ့အမည်ဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် အဆက် ဆက် ကြောက်ရွံ့ခဲ့ရတဲ့၊ မနှစ်မြို့ခဲ့ရတဲ့ အမည်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီ တက်လာကတည်းက ဗကသဟာ မြေအောက်အဖွဲ့အစည်းဖြစ်ခဲ့တာပါ။ ၁၉၈၈၊ သြဂုတ် (၂၈) မှာ ဗကသဟာ ထင်ထင်ရှားရှားပြန်ပေါ်လာခဲ့ပါတယ်။ ၂၀၀၇ မှာ မျိုးဆက်သစ်တွေက လက်ဆင့်ကမ်းခဲ့ကြတယ်။ စစ်အာဏာ ရှင်တွေအနေနဲ့ဘယ်လောက်ပဲ နှိပ်ကွပ် နှိပ်ကွပ်၊ ဘယ်လောက်ပဲ ဖိနှိပ် ဖိနှိပ် ခုချိန်ထိပျောက်ပျက်မသွားခဲ့ ပါဘူး။ ဘာကြောင့်ပါလဲ?   ဗကသဟာ အာဏာရှင်တွေ အသိအမှတ်ပြုရေးထက် ပြည်သူတွေရင်ထဲက အသိအမှတ်ပြုရေးကိုသာ ဦးထိပ်ထားခဲ့လို့ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကြိုကာလ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို အတိုက်အခံအင်အားစုများနဲ့ ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲထောက်ခံကြိုဆိုခဲ့ကြပါတယ်။ အန်အယ်လ်ဒီရဲ့ ပြတ်သားတဲ့နိုင်ငံရေးလမ်း ကြောင်းလို့လည်း ကိုးစားခဲ့ကြပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုများက ထောက်ခံရပ်တည်ခဲ့ကြလို့ လည်း စစ်အုပ်စုအနေနဲ့အန်အယ်လ်ဒီကို အပြီးတိုင်ပယ်ဖျက်လိုသော်လည်း မပယ်ဖျက်နိုင်ဖြစ်ခဲ့ရတာပါ။ အန်အယ်လ်ဒီဟာ မှတ်ပုံမတင်သော်လည်း ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ရပ်တည်နိုင်ခဲ့ပါတယ်။
ပါတီမှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်းဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံခြင်းပဲဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့အချက်တွေကို မပြုပြင်နိုင်ဘဲလက်ခံခြင်းဟာ တိုင်းပြည်အပေါ်စစ်ကျွန်ပြုမယ့် စစ်အုပ်စုရဲ့သဘောထားနဲ့ အတူတူပဲဖြစ်သွားပါလိမ့်မယ်။
စစ်အုပ်စုကအသိအမှတ်ပြုမှ ရပ်တည်ရတဲ့ အန်အယ်လ်ဒီဆိုတာထက် ပြည်သူတွေရင်ထဲက အန်အယ်လ်ဒီသာ ဖြစ်စေလိုပါတယ်။
 
ကိုမိုးကောင်း
၁၆၊ နိုဝင်ဘာ၊ ၂၀၁၁။

No comments: