Depression (စိတ်ကျရောဂါ)


(စိတ်ကျရောဂါ) ဆိုတာ ခုခောတ်မှာ ရေပန်းစားတဲ့ရောဂါလို့ပဲ
ပြောရမလားတော့မသိဘူး။တက်သစ်စ လူငယ်တွေမှာ တစ်ခုခုဆို "ငါတော့ Depression  ၀င်နေပြီထင်တယ်ကွာ"" စိတ်ညစ်လိုက်တာ...” "ငါကဘာမှအသုံးမကျတဲ့လူပါ..သေတာမှကောင်းဦးမယ်" စတဲ့စကားတွေက အတော်ပဲ ရေပန်းစားလာပါတယ်။ ပါးစပ်က ပြောရုံပြောရင်တော့ ပြဿနာမရှိဘူးပေါ့ဗျာ။

အဓိက ပြဿနာကတော့ စိတ်ညစ်စိတ်ပျက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့မကြိုးစားတော့ပဲ မလုပ်သင့်တာတွေ လုပ်မိတဲ့အခါပါပဲ။ လူငယ်ဆိုတဲ့အသက်အရွယ်မှာ ကိုယ်စိတ်ထင်တာ ဖြစ်ချင်တာကို တဇွတ်ထိုးလုပ်တတ်တဲ့ ဥာဉ်လေးတွေရှိနေတတ်တော့ စိတ်ညစ်လာတဲ့အခါ မလုပ်သင့်တာတွေလုပ်မိရင်း မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။

ဒီလို ပြောနေလို့ ကျွန်တော်က လူကြီးလားဆိုတော့ မဟုတ်ပါဘူး ..ကျွန်တော်ကိုယ်တိုင်လဲ ဒီလူငယ်တွေထဲက လူငယ်တစ်ယောက်ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေကြောင့်  တဇွတ်ထိုးလုပ်မိရင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာတွေကိုမြင်မိတဲ့အခါ ..လူငယ်အချင်းချင်းတကယ်ကိုနှမျောမိပါတယ်၊ အခိုက်အတန့်ခဏလေးမှာ ပေါ်လာတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ကိုယ့်စိတ်ညစ်တာတွေ အဆုံးသတ်သွားမယ်ဆိုပြီး  ဘ၀ကိုအဆုံးသတ်သွားတာတွေတွေ့ရင် ခံစားရတဲ့လူက သူ့ခံစားချက်နဲ့သူဆိုပေမယ့် ကိုယ့်အနေနဲ့ကမဖြစ်သင့်ဘူးဆိုပြီး ရင်လဲနာမိတယ်၊ဒေါသလဲထွက်မိတယ်ပေါ့ဗျာ။ ဒါနဲ့ဒီစာလေးကို ရေးဖြစ်သွားတာပါ။

လူတွေကို ဒုက္ခပေးလေ့ရှိတဲ့ စိတ်ကျရောဂါ (သို့) Depression

စိတ်ကျရောဂါဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှစ်ခုစလုံးပါဝင်ပတ်သတ်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ကျရောဂါ (Depression) တစ်ခုထဲကတင် တခြားသော စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြသနာ အတော်များများကိုဖြစ်စေနိုင်ပါတယ်။ စိတ်ကျရောဂါ (Depression) ကြောင့် ကိုယ်ရဲ့ လုပ်နေကျ လုပ်ငန်းဆောင်တာတွေမှာ နှောင့်နှေးမှုတွေဖြစ်လာတတ်တယ်၊ အရမ်းဆိုးလာတဲ့အခါမျိုးမှာ လောကမှာ နေရတာ အဓိပ္ပါယ်မရှိဘူးလို့ထင်လာတဲ့အထိ ဖြစ်လာစေပါတယ်။ စိတ်ကျရောဂါဟာ သာမန် နေမကောင်းဖြစ် ဆေးသောက် ပျောက်သွားတဲ့ရောဂါမျိုးမဟုတ်ပါဘူး သူက အချိန်ယူပြိး ကုရတဲ့ရောဂါမျိုးဖြစ်ပါတယ်။


ဘယ်လိုရောဂါလက္ခဏာမျိုးတွေ တွေ့ရတတ်လဲ?


Depression ရဲ့ရောဂါလက္ခဏာ တစ်ချို့ကတော့….

(1)  အမြဲဝမ်းနည်းပြီး မပျော်မရွှင်ဖြစ်နေတတ်ခြင်း

(2)  ပြဿနာ အသေးအမွှားကိုပင် စိတ်တိုင်းမကျ စိတ်ညစ်ညူးနေတတ်ခြင်း

(3)  လုပ်နေကျ လုပ်ငန်းဆောင်တာများတွင် စိတ်ဝင
(3)  လုပ်နေကျ လုပ်ငန်းဆောင်တာများတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း

(4)  အိပ်မပျော်ခြင်း (သို့) အအိပ်လွန်ခြင်း

(5)  အစားသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း

(6)  စကားပြောဆိုခြင်း၊လှုပ်ရှားခြင်း၊တွေးခေါ်ခြင်းများ နှေးကွေးလာခြင်း

(7)  ဆုံးဖြတ်နိုင်စွမ်းများ ကျဆင်းလာခြင်း

(8)  ပင်ပန်းလွယ်ခြင်း၊ ခွန်အားများကုန်ခန်းနေသည်ဟု ခံစားရခြင်း

(9)  မိမိကိုယ်ကိုယ် တန်ဖိုးမရှိဘူး အသုံးမကျဘူး ဟု ခံစားလာရခြင်း

(10)  ပြင်းထန်စွာခေါင်းကိုက်ခြင်း ကိုယ်လက်နာခြင်းများ ခံစားလာရခြင်း

(11)  ဘ၀ကို အဆုံးသတ်ပစ်ဖို့  မကြာခဏတွေးတောပြောဆိုလာခြင်း စတဲ့ လက္ခဏာတွေ ကို ခံစားလာရတတ်ပါတယ်။ ဒီလက္ခဏာတွေက ယေဘုယျအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ဘာကြောင့် စိတ်ကျရောဂါ(Depression) ဖြစ်ရလဲ?

စိတ်ကျရောဂါဟာ ဘယ်အရင်းအမြစ်ကြောင့်ဖြစ်ရတယ်ဆိုတာ သေချာ မသိရသေးပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေတော်တော်များများမှာတော့ ဦးနှောက်ထဲမှာရှိတဲ့ ဓာတုဗေဒဖြစ်စဉ်တွေ ပြောင်းလဲတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေဖြစ်လာတတ်ပါတယ်။ နောက်တစ်ချက်ကတော့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ပါ့။ တစ်ချို့ thyroid ဟော်မုန်း မညီမျှတဲ့အခါ အမျိုးသမီးတွေ သွေးဆုံးချိန်(Menopause)တွေမှာလဲ စိတ်ကျရောဂါကိုဖြစ်စေနိုင်ပါတယ်။ နောက်ထပ် အရေးပါတဲ့တစ်ချက်ကတော့ ရုတ်တရတ် ချစ်ခင်ရတဲ့လူ အားကိုးအားထားပြုရတဲ့လူတွေကို ဆုံးရှုံးသွားရတဲ့အခါ၊ ကိုယ့်အတွက် အသက်တမျှ အရေးပါတဲ့အရာတွေကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ ရည်မှန်းချက်ကြီးကြီးထားပြီးမှ အကုန်ပျက်စီးသွားရတာ ဖျက်ဆီးခံရတာ  စတဲ့ လက်ရှိဘ၀အခြေအနေ ပြောင်းလဲမှုတွေကလဲ စိတ်ကျ ရောဂါကိုဖြစ်စေနိုင်ပါတယ်။

စိတ်ကျရောဂါ (Depression) ဟာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ?

Depression ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် အဓိက အားဖြင့်တော့ အသက်နှစ်ဆယ် နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ စိတ်ကျရောဂါ ဖြစ်နိုင်စွမ်းက အမျိုးသားတွေထက် နှစ်ဆပိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးထု တော်တော်များများဟာ စိတ်ခံစားမှုလွယ်တတ်ကြလို့ပါ။ ဖြစ်တတ်တဲ့ အခြေအနေတွေကတော့…..

(1)   ကိုယ့်မိသားစုဝင်ထဲမှာ ဒါမှမဟုတ်နီးစပ်ရာမှာ စိတ်ကျရောဂါ ခံစားနေရတဲ့လူရှိခြင်း

(2)  အမျိုးသမီး ဖြစ်နေခြင်း

(3)  ငယ်ရွယ်စဉ်အခါက စိတ်အနာတရဖြစ်ခဲ့ဖူးခြင်း

(4)  မိသားစုဝင်ထဲမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် သွားခဲ့သူများရှိခဲ့ဖူးခြင်း

(5)  စိတ်ဖိစီးမှုများသော ပတ်ဝန်းကျင်တွင်ရှင်သန်နေရခြင်း

(6)  လူမှုဆက်ဆံရေးတွင် အားနည်းခြင်းနှင့် အပေါင်းအသင်းမိတ်ဆွေနည်းပါးခြင်း

(7)  ကုသရန်ခက်ခဲသော ရောဂါများခံစားနေရခြင်း

(8)  အရက် (သို့မဟုတ်) ဆေးစွဲနေခြင်း

(9)  အလွန်အမင်း ဆင်းရဲချို့တဲ့လာခြင်း

(10) မိမိသောက်သုံးနေသော ဆေးများမှ ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်ကျရောဂါ ခံစားလာရခြင်း တို့ပဲ ဖြစ်ပါတယ်။

စိတ်ကျရောဂါရဲ့ နောက်ဆက်တွဲ ပြသနာများ

(1)  မူးယစ်ဆေးဝါးများ စွဲလာခြင်း

(2)  အလွန်အမင်းစိတ်ပူပန်ခြင်း စိတ်ဖိစီးတစ်နေ့တစ်ခြားများလာခြင်း

(3)  နှလုံးရောဂါနှင့် အခြားသော ရောဂါများဖြစ်လာခြင်း

(4)  မိသားစုနှင့်ပတ်ဝန်းကျင်တွင် မကြာခဏ အချင်းများခြင်း

(5)  မိမိချစ်သူခင်သူများနှင့် တဖြည်းဖြည်းဝေးကွာလာခြင်း

(6)  တစ်ယောက်တည်းအထီးကျန်တတ်လာခြင်းနဲ့

(7)  ဘ၀ကိုအဆုံးသတ်သည် အထိ ဖြစ်ခြင်း  စတဲ့ ပြဿနာတွေအထိ ဆိုးရွာလာနိုင်ပါတယ်။

စိတ်ကျရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ?

Depression မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာရယ် ဖြစ်လာရင်တော့ ဘယ်လိုမျိုးကိုယ့်ကိုယ်ကိုယ်ပြုပြင်နေထိုင်သင့်တယ်ဆိုတာတွေက စိတ်ကျရောဂါကို အတတ်နိုင်ဆုံးနဲ့အဆိုးဆုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကတော့ မိမိကိုယ်တိုင် ခံစားလာရတဲ့အခါ ဒါမှမဟုတ် မိမိပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်က စိတ်ကျရောဂါလိုမျိုးခံစားလာရတဲ့အခါမျိုးတွေမှာ အဆိုးရွားဆုံးဖြစ်မလာအောင် ထိန်းချုပ်ကူညီပေးဖို့အတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။

(1)  ကိုယ်လုပ်ကိုင်နေတဲ့အလုပ်နဲ့ နေထိုင်မှု ဘ၀ပုံစံညီမျှအောင်ကို ညှိယူပါ ( work-life balance)

(2)  လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ စိတ်ပိုင်းဆိုင်ရာ အနားပေးမှုတွေကို မကြာခဏ ပြုလုပ်ပေးပါ။ ဒါတွေက ကိုယ့်မှာစိတ်ကျရောဂါဖြစ်နေရင်တောင် ရောဂါလက္ခဏာနဲ့ ခံစားနေရတာတွေကို သက်သာသွားစေပါတယ်။

(3)  အရက်သောက်ခြင်း အိပ်ဆေးများအလွန်အမင်းသောက်သုံးခြင်း၊ ဆေးဝါးသုံးစွဲခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

(4)  အိပ်ရေး၀၀အိပ်ပါ။ စိတ်ညစ်ညူးလာတဲ့အခါ စိတ်ပျက်လာတဲ့အခါတွေမှာ အိပ်မရတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမျိုးတွေ အိပ်ဆေးတွေ မူးယစ်ဆေးဝါးတွေရဲ့အကူအညီကို ယူပြီးအိပ်ပျော်အောင်ကြိုးစားတာထက် ပုံမှန်အတိုင်း အိပ်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ကြိုးစားယူကြည့်ပါ၊ ဥပမာ မအိပ်ခင် စိတ်ငြိမ်အောင် တရားထိုင်ခြင်း၊ နွားနို့သောက်ခြင်း  အစရှိတာလေးတွေနဲ့ မိမိစိတ်ညစ်ညူးမှုကို ထိန်းချုပ်နိုင်အောင် နဲ့အိပ်စက်ချိန်ကိုမထိခိုက်အောင်ကြိုးစားကြည့်ပါ။

(5)  မိမိအားလပ်တဲ့အချိန်လေးတွေမှာ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ မိမိနှစ်သက်တဲ့ အားကစားတစ်ခုခု ပြုလုပ်ခြင်း အစရှိတဲ့ အလေ့အကျင့်လေးများရအောင် မိမိကိုယ်ကိုယ် ပြုပြင်ပေးပါ။

(6)  စိတ်ညစ်လာတဲ့ အထီးကျန်တယ်လို့ခံစား၇တဲ့အခါ သူငယ်ချင်းတွေ မိမိခင်မင်ရင်းနှီးသူတွေနဲ့ မကြာခဏစကားပြောပေးပါ။ မိမိမှာရှိတဲ့အခက်အခဲတွေကို တိုင်ပင်ကြည့်ပါ။ ဒီနည်းဟာ စိတ်ကျရောဂါမှာ အတော်လေးအထောက်အကူပြုတဲ့နည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကျရောဂါခံစားနေရတဲ့လူတွေတော်တော်များများဟာ အပြင်ပန်းက ကြည့်ရင် သီးသန့်ဆန်နေတတ်ပေမယ့် သူတို့ရဲ့စိတ်ထဲမှာ သူတို့ကို ဂရုစိုက်မဲ့ ခံစားချက်ကိုနားလည်ပေးမဲ့ ခင်မင်ရင်းနှီးတဲ့လူတွေကိုတောင့်တနေမိတတ်ပါတယ်။

(7)  ကိုယ်နဲ့ လိုက်လျောညီထွေရှိမဲ့ ကိုယ်တကယ်လုပ်ဆောင်နိုင်မဲ့ ရည်မှန်းချက်မျိုးထားပြီးလုပ်ဆောင်ပါ။ မိမိမလုပ်နိုင်တဲ့အရာကို မျှော်မှန်းမိတဲ့အခါ အလိုဆန္ဒကြီးမားလာပြီး မရတဲ့အခါမှာ စိတ်ကျရောဂါ ကိုဖြစ်စေနိုင်ပါတယ်။

(8)  ဒေါသထွက်လာတာ စိတ်ညစ်လာတာ ၀မ်းနည်းလာတတ်တဲ့အခါမျိုးတွေမှာဆိုရင် စာအနေနဲ့ချရေးပစ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင်ရေး ဒိုင်ယာရီလိုပုံစံမျိုးပဲဖြစ်ဖြစ် ထားကြည့်ပြိးရေးကြည့်ပါ။ ဒါဟာ စိတ်ထွက်ပေါက်ရစေတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

(9)  တစ်ယောက်တည်း သီးသန့်ခွဲထွက်နေတာမျိုးမလုပ်ပါနဲ့။ နီးစပ်ရာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲ အမြဲ နီးနီးကပ်ကပ် နေပါ။ အခက်အခဲတွေကို တိုင်ပင်ပြီး အတူတူဖြေရှင်းပါ။

(10)   အစားအသောက်မှန်မှန်စားခြင်း၊ အိပ်ချိန်မှန်မှန်အိပ်ခြင်း၊ နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့်ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာ ဂရုစိုက်ပါ။

(11)  အချိန်ကို စီစဉ်ကျနစွာ ခွဲဝေသုံးစွဲတတ်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်ပါ။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့အရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။

(12) စိတ်ညစ်ညူးနေတဲ့အခါမျိုးတွေ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာ မိမိဘ၀အတွက်အရေးကြီးမဲ့ ဆုံးဖြတ်ချက်မျိုးတွေ လုပ်ခြင်းကို ရှောင်ကြဉ်ပါ။စိတ်ဓာတ်ကျနေတဲ့အချိန်မှာ လူတစ်ယောက်ဟာ ပုံမှန် အမှားအမှန်ကို ခွဲခြားဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါဘူး။ အဲ့ဒီအချိန် ဆုံးဖြတ်ချက်ဟာ မှားယွင်းနေတတ်ကြပါတယ်။

စိတ်ကျရောဂါဆိုတာ  ကိုယ်ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်နဲ့  ဘ၀အခြေအနေပေါ် မူတည်ပြီးဖြစ်ပေါ်လာတတ်တဲ့ အရာဆိုတော့ ကာကွယ်ထားလို့မရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိတဲ့အခါ၊ စိတ်ဓာတ်ကျနေချိန် ထပ်ပြီိးဆိုးရွားမလာအောင် ထိန်းချုပ်နည်းလေးတွေ  လုပ်သင့်လုပ်ထိုက်တာလေးတွေ  ကိုယ့်ဦးနှောက်ထဲမှာ မှတ်မိနေတတ်တဲ့အခါမှာ ဆိုးရွားမလာအောင်  ထိန်းထားရာကနေ  တဖြည်းဖြည်းပျောက်သွားအောင်အထိ ကုသလို့ရပါတယ်။

လူဆိုတာကိုယ်တိုင်လက်တွေ့ကြုံနေရတာမဟုတ်တဲ့အခါကျရင် သိပ်ပြီးစိတ်မ၀င်စားကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီစာလေးကို ဖတ်ပြီးတဲ့အခါ … မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်က လူတွေပဲဖြစ်ဖြစ် စိတ်ကျရောဂါခံစားလာရတဲ့အခါ ဒါမှမဟုတ် ခံစားနေရတယ်လို့ သတိပြုမိတဲ့အခါ အဆိုးရွားဆုံးအခြေအနေထိမဖြစ်အောင် ၀ိုင်းဝန်းကာကွယ်ပေးနိုင်ကြပါစေ။

စူးရှအိမ် (12:15am, 27/11/2011, Sunday)

No comments: