ပြည်သူတွေအတွက်အကောင်းဆုံးလုပ်ပေးမည့်အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့်အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင်  နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီကျော်က ပြောကြားခဲ့သည်။ 
ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့ ရောက်ရှိလာစဉ်  ပြည်သူလူထုနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
ဒေါ်အောင်ဆန်းစုကြည်  လာရောက်မည်ဆိုသည့် သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင်ကိုယ်တွေ့  မြင်ဖူးချင်၍ အမေ့အိမ် ပညာရေး အခမဲ့ပညာဒါန ကျောင်းအနီးဝန်းကျင်ရှိ  ပြည်သူများ နံနက်အစောပိုင်း ကတည်းက ရောက်ရှိနေကြပြီး လာရောက်ကြည့်ရှုကြသည့်  ပြည်သူလူထုမှာ ထောင်ကျော်သည်ကို တွေ့ရသည်။ ပြည်သူလူထုမှာ များပြားလှ၍   သတင်းထောက်များသည် အနီးကပ်ဓာတ်ပုံရိုက် သတင်းရယူရန်အတွက် လူအုပ်ကြီးကို  မနည်းတိုးဝှေ့ကာ ရှေ့သို့ရောက်အောင် သွားခဲ့ရကြောင်း သတင်းတက်ရောက်ရယူသည့်  သတင်းထောက်များက ပြောကြားခဲ့သည်။ 
ပြည်သူလူထုသို့  ဒေါ်အောင်ဆန်းစုကြည် စကားပြောမည်ဆိုသောကြောင့် ထောင်ကျော်ရှိသော  ပြည်သူလူထုမှာ နေပူဒဏ်ကို ကြံ့ကြံ့ခံ၍ ထိုင်၍တစ်မျိုး၊ မတ်တပ်ရပ်  တစ်ဖုံဖြင့် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ထို့နောက် ပြည်သူလူထုသို့  စကားပြောရန် အမေ့အိမ် ပညာရေး အခမဲ့ပညာဒါနကျောင်းမှ ထွက်လာသည့်  ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့သည်နှင့် နေပူထဲတွင် စောင့်ဆိုင်းနေကြသည့်  ပြည်သူလူထုက လက်အုပ်တီးသြဘာပေး ကြိုဆိုခဲ့ကြသည်။ 
 ထို့နောက် ပြည်သူလူထုသို့  စကားပြောရန် အမေ့အိမ် ပညာရေး အခမဲ့ပညာဒါနကျောင်းမှ ထွက်လာသည့်  ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့သည်နှင့် နေပူထဲတွင် စောင့်ဆိုင်းနေကြသည့်  ပြည်သူလူထုက လက်အုပ် တီးသြဘာပေး ကြိုဆိုခဲ့ကြသည်။ 
ဒေါ်အောင်ဆန်းစုကြည်က ''နေပူထဲမှာ  အကြာကြီး စောင့်နေရတဲ့အတွက် အားနာပါတယ်။ တောင်းပန်ပါတယ်။ အထဲမှာ  ပြောစရာတွေက မပြီးသေးလို့ပါ။ ပထမဆုံးအားဖြင့် ကျွန်မတို့ကို  ဒီလိုလာပြီးတော့ အားပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။  ကျွန်မတို့လုပ် ရတဲ့ အလုပ်တွေက ပြည်သူတွေကို အားကိုးပြီး  လုပ်နေရတဲ့အလုပ်ပါ။ အခုဒီမှာ အမေ့အိမ်ကျောင်းဆောက်တယ်ဆိုတာ ဒီကျောင်းဟာ  ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အတွက် ဖြစ်ပါတယ်။ ကလေးတွေ ပညာတတ်မှ  နိုင်ငံရဲ့ အနာဂတ် ကောင်းမွန်လာမှာပါ။ ကျွန်မတို့ ကလေးတွေကို ပညာသင်ပေးတယ်။  ပညာသင်ပေးတဲ့အခါကျရင် ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင်ပေးစေချင် တယ်။  ဒါမှ ပညာသင်ရတာပျော်မှ သူတို့ ပညာရမှာ။ ကျွန်မတို့ အမေ့အိမ်ကလေးကို  ဖြစ်မြောက်အောင်လို့ ကူညီပေးတဲ့ ရပ်သူရပ်သားအားလုံးကို ကျွန်မတို့  အင်မတန်မှ ကျေးဇူးတင် ပါတယ်။ ကလေးတွေကိုယ်စား သာမက  ကျွန်မတို့နိုင်ငံကိုယ်စား ကျေးဇူးတင်ပါတယ်။ အရင်တုန်းကတော့ ဒီဖက်ကို  လာမယ်လာမယ်နဲ့ မရောက်ခဲ့ပါဘူး။ ဒီကို မရောက်တာ တော်တော်ကြာသွားပြီ။ ၁၀ နှစ်  လောက်ကတော့ တစ်ခါရောက်ဖူးပါတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ လူတွေလည်း  အတော်များလာသလိုပဲ။ 
နောက် ၁၀ နှစ်မှာ ဘယ်လောက်တောင် များလာမလဲမသိဘူး။ ကျွန်မတို့ ပြည်သူတွေကို အရေအတွက်ထက် အရည်အချင်းပါ တိုးတက်စေ ချင်တယ်။ 
အရည်အချင်းပါ တိုးတက်ဖို့ဟာ  ပညာရေးနဲ့ စရမှာပဲဆိုပြီးတော့ ကျွန်မတို့ စလာတာပဲဖြစ်ပါတယ်။  တခြားကိစ္စတွေအတွက်လည်း ကျွန်မတို့ အများကြီး စဉ်းစားနေပါတယ်။ အခု  ကျွန်မတို့နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက် ရေးအတွက် ဘယ်လို  ကြိုးစားရမလဲ။ အထူးသဖြင့် လက်လုပ်လက်စားလုပ်နေတဲ့ ပြည်သူတွေရဲ့ဘ၀ကို  တိုးတက်အောင်လို့ ဘယ်လိုလုပ်ပေးမလဲလို့ ကျွန်မတို့ လက်တွေ့ကျကျ  စဉ်းစားပြီးတော့ ကူညီနိုင်မယ့် အဖွဲ့ အစည်းများ၊ ကူညီနိုင်မယ့်   အလှူရှင်များကို ကျွန်မတို့ တိုင်ပင်ဆွေးနွေးနေပါတယ်။ ကျွန်မတို့ကို  အကြံဉာဏ်ပေးစရာ များရှိရင် ပေးနိုင်ပါတယ်။ တစ်ယောက်ချင်း  တစ်ယောက်ချင်းလာပြီးတော့ ပြောဖို့ခက်တယ် ဆိုပြီးတော့ ကျွန်မနားလည်ပါတယ်။  စုပြီးတော့ ကျွန်မတို့ကို ပေးချင်တဲ့အကြံဥာဏ်များကို ရေးပြီးတော့  ကျွန်မတို့ရုံးကတစ်ဆင့် ပေးလည်းရပါတယ်။ ဒါမှမဟုတ် ဒီကျောင်းဆရာတွေက တစ်ဆင့်  ရေးပို့ရင် ရပါတယ်။  ကျွန်မတို့အနေနဲ့ ပြည်သူလူထုရဲ့စိတ်ထဲမှာ  ဘာရှိသလဲဆိုတာကို ပြောမှပဲ တစ်ခါတစ်လေ သိတဲ့အဆင့်မှာ ရှိပါတယ်။  တချို့ကိစ္စတွေ မှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့ ဘယ်သူမှ ပြောပြဖို့  မလိုဘူးပေါ့။ တချို့ကိစ္စတွေကျတော့ ထင်ထင်ရှားရှား မရှိတဲ့အခါကျတော့   ကျွန်မတို့တွေအတွက် အသိပေးမှ သိမှာပါ။ 
 (ယင်းအချိန်တွင် ပြည်သူလူထုက  သူတို့ဖက်ဆီသို့လှည့်၍ စကားပြောရန် ပြောဆိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်  ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားမှု ခေတ္တရပ်သွားသည်။) 
ကျွန်မတို့တွေ  နောက်ကြလို့ရှိရင်လည်း သက်သက်ပြန်ပြီး လာဖို့ အစီအစဉ် ရှိပါတယ်။ တကယ်ကတော့  အမှန်ပြောရရင် ဒီနေ့က ပြည်သူတွေကို တွေ့ဖို့လာတာ မဟုတ်ပါဘူး။  ကျောင်းကိုလာပြီးတော့ ဗြိတိန်နိုင်ငံက လာတဲ့ ၀န်ကြီးကို ကျောင်းကို  ပြဖို့လာတာပါ။ ၀န်ကြီးက ဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ဝန်ကြီးဆိုတော့  ကျွန်မတို့နိုင်ငံမှာ ဘယ်လိုဖွံ့ဖြိုးမှု အကူအညီတွေ လိုနေလဲလို့ ဆိုတာကို  မြင်အောင်လို့ တွေ့အောင်လို့။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ ကျောင်းတွေဟာ  ပြည်သူလူထုရဲ့ လိုအပ်ချက်အရ တည်ထောင်ထားတဲ့ ကျောင်းတွေ ဖြစ်တယ်ဆိုတာကို  လည်း မြင်အောင်လို့ ၊တွေ့အောင်လို့ ကျွန်မတို့ ခေါ်လာတာပါ။ 
ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့  ကျွန်မတို့ရဲ့နိုင်ငံမှာ ဆိုလို့ရှိရင် ပြည်သူတွေအားလုံးအတွက်  ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခု ရှိစေချင်တယ်။ မိဘတွေရော၊ ကျောင်းသားတွေရော  စိတ်ချမ်းသာစေမယ့် ပညာရေးစနစ် တစ်ခုကို ကျွန်မတို့ ထူထောင်ချင်တာ  ဖြစ်ပါတယ်။  အခုအချိန်မှာ တစ်တိုင်းပြည်လုံးအတွက် မလုပ်နိုင်သေးပေမယ့်  ကျွန်မတို့ တစ်နိုင်တစ်ပိုင် လုပ်နေတာပါ။ ဒါကြောင့်မို့လို့  ဒီလိုတစ်နိုင်တစ်ပိုင် လုပ်နေတဲ့နေရာမှာ အားတင်းဖို့လိုပါတယ်။  ကျွန်မတို့ရဲ့ တစ်ကယ့်အင်အားတွေ ဖြစ်ပါတယ်ဆိုပြီး ကျေးဇူးတင်ကြောင်း ပြောတာ  ဖြစ်ပါတယ်။ 
အထူးသဖြင့် ကျောင်းသူ၊  ကျောင်းသား၊ လူငယ်တွေကို အားပေးစကားလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။   ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ ဒီကျောင်းသူကျောင်းသား၊ လူငယ်လေးတွေရဲ့  လက်ထဲမှာ ဖြစ်ပါတယ်။ ခုနက ကလေးလေးတွေနဲ့ စကားပြောကြည့်တယ်။  ဘာလုပ်ချင်တာလည်းဆိုတော့ ဆရာဝန်ဖြစ်ချင်တဲ့သူနဲ့။  သင်္ဘောသားဖြစ်ချင်တဲ့သူနဲ့။ ဆရာမကြီး လုပ်ချင်တဲ့သူနဲ့။  နိုင်ငံရေးလုပ်ချင်တဲ့သူနဲ့။ အမျိုးမျိုး ပေါ့နော်။ ကျွန်မက ပြောတယ်။  ဘာပဲလုပ်လုပ် ဆရာဝန်ပဲလုပ်လုပ်၊ သင်္ဘောသားပဲလုပ်လုပ်၊ နောက်ဆုံးကျတော့  နိုင်ငံရေးကို အခြေခံအားဖြင့် နားလည်ဖို့ လိုတယ်။  နိုင်ငံရေးနဲ့  ပြည်သူပြည်သားရေးဟာ နားလည်မှ ဒီနိုင်ငံရဲ့ အနာဂတ်ကို ကိုယ်ဖြစ်ချင်သလို  ကိုယ်တည်ဆောက်လို့ရမှာ။ ကိုယ်က နိုင်ငံရေးကို နားမလည်သလို ရှိလို့ရှိရင်  ကိုယ်လိုချင်တဲ့နိုင်ငံရေးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို နားလည်မှာ  မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ ကျောင်းသူကျောင်းသားတွေကို  အားလုံးကို ပညာသင်ပေးတဲ့တစ်ချိန်တည်းမှာပဲ နိုင်ငံရေးဆိုတာ ဘာလဲ၊  နိုင်ငံဆိုတာ ဘာလဲ၊ နိုင်ငံသူနိုင်ငံ သားများရဲ့တာဝန် ဘာလဲဆိုတာကို  တစ်ခါတည်း ကျွန်မတို့ သင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသူ  နိုင်ငံသားများမှာ တာဝန်ရှိတယ်ဆိုတာ ကို မမေ့စေချင်ပါဘူး။  အစိုးရမှာလည်း  တာဝန်ရှိသလို နိုင်ငံသူနိုင်ငံသားများမှာလည်း တာဝန်ရှိတယ်။ ကျွန်မတို့  ဒီမိုကရေစီစနစ် လိုချင်တယ်လို့ ပြောနေတာဟာ အဲဒီစနစ်အောက်မှာဆိုရင်  နိုင်ငံသူ နိုင်ငံသားတွေဟာ အစိုးရကို ထိန်းချုပ်ထားနိုင်တယ်။   ကိုယ်လိုချင်တဲ့အစိုးရကို ပြည်သူတွေက ရွေးချယ်နိုင်ရမယ်။ ဒါကို ကျွန်မတို့  ဦးတည်တာပါ။ အားလုံး စဉ်းစားရင် သိမှာပါ။ လူတိုင်းကတော့   ကိုယ့်အတွက်  ကိုယ်လုပ်ချင်ကြတာပဲ။ ပြီးတော့ ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမယ့်  အစိုးရဆိုတာ ပြည်သူတွေရဲ့ သြဇာအာဏာအောက်မှာရှိတဲ့ အစိုးရပဲ ဖြစ်နိုင်တယ်  ဆိုတာကို အားလုံးကို နားလည်စေချင်တယ်။ 
 အဲဒါကြောင့်မို့လို့ အခြေခံ  နိုင်ငံရေး အသိစိတ်ဓာတ်ကို မွေးမြူကြပါ။ ကျွန်မတို့ ဒီနိုင်ငံကို  ပြန်လည်ထူထောင်ရေးအတွက် ဒီနိုင်ငံက ပြည်သူပြည်သားများ ဆင်းရဲခြင်းမှ  လွတ်မြောက်ရေးအတွက်  လုပ်တဲ့အခါမှာ ၀ိုင်းဝန်း ကူညီကြပါလို့ ကျွန်မအနေနဲ့  ဆုတောင်းမေတ္တာရပ်ခံပါ တယ်။ ဆုတောင်းပါတယ်''ဟု ပြည်သူလူထုသို့  ပြောကြားခဲ့သည်။ 
အမေ့အိမ် ပညာရေးကွန်ရက်  အခမဲ့ပညာဒါနကျောင်းများ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ ကျောင်း  ဖွင့်လှစ်ထားပြီး အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းသားများကို  သင်ကြားပေးနေသည်ဟု သိရှိရပါသည်။အမေ့အိမ် (လှိုင်သာယာမြို့နယ်)တွင်  လက်ရှိသင်ကြားနေသည့် ကျောင်းသားဦးရေမှာ ငါးရာကျော်ရှိပြီး အခြေခံပညာ  ကျောင်းချိန်ပြင်ပတွင် ကျူရှင်သဘောမျိုးဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်ဟု  အမေ့အိမ် (လှိုင်သာယာ)ကျောင်းမှ ကိုငယ်က ရှင်းပြခဲ့ပါသည်။ 
''ကျွန်မတို့ ကလေးတွေ အကုန်လုံး  ဒီကျောင်းမှာ ထားထားတယ်။ ပိုက်ဆံလည်း တစ်ပြားမှ မပေးရဘူး'' ဟု  လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါသည်။ 
အမေ့အိမ်ပညာရေး ကွန်ရက်တွင်  ရန်ကုန်မြို့အစွန်အဖျား၌ နေထိုင်လျှက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့်  ပညာရည်နိမ့်ကျနေသော ကလေးငယ်များ ပညာသင်ကြားနိုင်စေရန်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များ ဦးဆောင်၍ တည် ထောင်  ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး  လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့  ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏  အတွင်းဝန်(၀န်ကြီး) H.E.Mr. Andrew John Bower Mitchell လည်း  လာရောက်ကြည့်ရှု လေ့လာ ခြင်းဖြစ်သည်။ 
 ဗြိတိန်နိုင်ငံ  နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အတွင်းဝန် (၀န်ကြီး)H.E.Mr. Andrew John  Bower Mitchell ကလည်း ပြည်သူလူထုသို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သေးသည်။
( Eleven media )
No comments:
Post a Comment