-ဇာဂနာ
-၁၁-၁၁ -၂၀၁၁
-၁၁-၁၁ -၂၀၁၁
တိုင်းပြည် နိုင်ငံရေးအကြောင်းပြောရင် ခေါင်းဆောင်တွေ ဘာလုပ်နေသလဲ ဆိုတာ အမြဲပြောလေ့ပြောထ ရှိကြပါတယ်။
ငယ်သားတွေ နောက်လိုက်တွေကော ဘာလုပ်နေလဲလို့ ပြောကြစေချင်ပါသေးတယ်။
တစ်ဆိတ်ရှိ အစိုရကို အပြစ်တင်လိုက်၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဝေဖန်လိုက်နဲ့ ပြည်သူတွေကရော ကိုယ့်တာဝန်ကိုယ် ကျေကြပါရဲ့လား။
နိုင်ငံသားဆိုတာ-
(သူနဲ့သူ့ နိုင်ငံအကြားမှာ တာဝန်နဲ့အခွင့်အရေးဆိုတဲ့ ကြိုးနှစ်ကြိုး ချဉ်နှောင်ခံ ထားရသူပါ)
ကိုယ်တာဝန်ကိုယ်မယူဘဲ ကိုယ့်တာဝန်ကို သူများအပေါ် ပုံထားတဲ့ သူတွေက နိုင်ငံသားအခွင့်အရေး ဆိုတာကို တစာစာ တောင်းသင့်ရဲ့လား။
သားသမီးဝတ် မကျေပွန်ဘဲ သားသမီး အခွင့်အရေးကို ဇွတ်အတင်းတောင်း နေတာ တရားနည်းလမ်းကျပါရဲ့လား။
နိုင်ငံသားဆိုတာ။
၁။ တစ်ဦးချင်းစီရဲ့ အရေးနဲ့
၂။ အစုအဖွဲ့ရဲ့အရေးဆိုတဲ့ တာဝန်နှစ်ရပ်ရှိပါတယ်။
ခရစ်တော်မပေါ်ခင် ဘီစီ ၄၃၁ တုန်းက ပရီကယ်လိစ် ရဲ့စကားလေးတစ်ခွန်း ဖောက်သည်ချပါရစေ။
“လူဟာ ကိုယ့်အိမ်ကိုယ့်မိသားစုကို စောင့်ရှောက်ရမယ့် ၀တ္တရားရှိသလို ပြည်သူ့အရေးအရာကိုလည်း မျက်ကွယ်မပြုရဘူး။
နိုင်ငံသားတိုင်းဟာ သူ့နိုင်ငံရဲ့ တရားသူကြီးတွေပါပဲ” တဲ့။
ဒီတော့ ခေါင်းဆောင်မဟုတ်တဲ့ နိုင်ငံသားတွေက…
၁။ နိုင်ငံသားအခွင့်အရေးနဲ့တာဝန်
၂။ နိုင်ငံရေးအခွင့်အရေးနဲ့တာဝန်
၃။ လူမှုရေးအခွင့်အရေးနဲ့နတာဝန် သုံးမျိုးလုံး ကျေပွန်ကြဖို့လိုပါတယ်။
နိုင်ငံသားအခွင့်အရေးဆိုတာ တစ်ဦးချင်းတစ်ယောက်ချင်းနဲ့ဆိုင်တာပါ။
လွတ်လပ်စွာ ပြောခွင့်ရေးခွင့် စီတန်းလှည့်လည်ခွင့် ဆိုတာမျိုးတွေပေါ့။
ကိုယ့်သဘောနဲ့ကိုယ်ပါပဲ။ ဒါတွေကို လုပ်ချင်လုပ် မလုပ်ချင်နေပေါ့။
ကိုယ်နဲ့သာဆိုင်ပါတယ်။
လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း နေပိုင်ခွင့်ရှိကြပါတယ်။
ဒီတော့ ဒီအခွင့်အရေးကို အနုတ်လက္ခဏာဆောင်တဲ့ အခွင့်အရေးလို့ဆိုကြရအောင်ပါ။
နိုင်ငံရေးအခွင့်အရေးဆိုတာကျတော့ မဲပေးခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်၊ တစ်နိုင်ငံလုံးအတွက် အကျိုး ကျေးဇူးဖြစ်ထွန်းမယ့် ကိစ္စရပ်တွေမှာ ပါဝင်ခွင့်စတာတွေပါပဲ။
ရွေးကောက်ပွဲမှာပါဝင်ခွင့်မရရင် ရွေးကောက်ပွဲကို သပိတ်မှောက်ခွင့် ရှိတာ နိုင်ငံသား တိုင်းရဲ့တာဝန်ပါပဲ။
လူမှုအခွင့်အရေးဆိုတာကျတော့ စာသင်ကြားခွင့်၊ကုသခွင့်၊ နိုင်ငံရေးဝေဖန်ဆွေးနွေးခွင့်၊ တန်းတူညီမျှ စီးပွားရှာခွင့် ဆိုတာတွေပါပဲ။
စီးပွားရေးမှာ လက်ဝါးကြီးအုပ် မောင်ပိုင်စီးတာကို ၀ိုင်းပြီး ဆန့်ကျင်ကန့်ကွက်ဖို့က နိုင်ငံသားတိုင်းရဲ့ တာဝန်ပါပဲ။
အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ လူမှုအခွင့်အရေးကိုတော့ အပေါင်းလက္ခဏာ ဆောင်တဲ့ အခွင့်အရေး လို့ ဆိုကြရ အောင်ပါ။
ဒီတော့ဗျာ လွတ်လပ်စွာဆန္ဒပြခွင့်လောက်နဲ့တင် နိုင်ငံသားတာဝန် မကျေပွန်သေးဘူးလို့ ကျွန်တော် ကတော့ ပြောရမှာပဲ။
ဒီနေ့ကမ္ဘာမှာ အခွင့်အရေးနဲ့တာဝန်ကို တွဲပြီးပြောနေကြပါပြီ။
“အခွင့်အရေးအတွက် နိုင်ငံရေး” ဆိုတဲ့ စကားကို “အားလုံးကောင်းဖို့ နိုင်ငံရေး” ဆိုတဲ့စကားနဲ့ အစားထိုး သုံးစွဲကြပါစို့။
အားလုံးကောင်း စေချင်ရင် ကိုယ်ကလည်း ကောင်းကြပါ။ ဒီမိုကရေစီဆိုတာ ပြည်သူပိုင်အုပ်ချုပ်ရေးပါ။
ကိုယ်အပါအ၀င် ကိုယ့်အသိုက်အ၀န်းရဲ့ တာဝန်ကိုနိုင်သလောက် ၀ိုင်းထမ်းကြမှ နိုင်ငံသား ပီသတော့ မှာပေါ့။
Autonomy ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ၊
ခင်ဗျားတို့ ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ့်တာဝန်နဲ့ကိုယ် အုပ်ချုပ်တတ်ကြဖို့လိုပြီ။
ဒါမှလည်း ကျွန်တော်တို့နိုင်ငံ တိုးတက်မှာပေါ့။
လူ့အခွင့်အရေး ချက်ချင်းပေး၊ လူ့အခွင့်အရေး ချက်ချင်းပေး လို့ အော်တိုင်းသာ ပြည့်ဝမယ် တိုးတက်မယ် ဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီး အသံဝင်တာ ကြာရောပေါ့။ ။
- ဇာဂနာ
နိုဝင်ဘာ ၃ ရက် ၂၀၁၁
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၆၈
No comments:
Post a Comment