အမျိုးသား 
ဒီမိုကရေစီ အဖွဲ့ချုပ် ပြောဆိုနေတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ 
အခြေခံ ဥပဒေ နောက်ဆက်တွဲ ဇယား ၄ ပါ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ စာသား 
ပြင်ဆင်ဖို့ကိစ္စဟာ နောက်ထပ် အချိန်အနည်းငယ် ထပ်ကြာနိုင်ဘွယ် ရှိသလို 
ပြည်ထောင်စုလွှတ်တော်က ဘယ်လို ဆောင်ရွက်မယ်ဆိုတာကလည်း စောင့်ကြည့်ရမယ့် 
အခြေအနေမှာ ရှိနေပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ 
လေ့လာဆန်းစစ်ရေးကော်မတီ အဖွဲ့ဝင် ဥပဒေအကြံပေး ဦးသန်းမောင် က 
“အခြေခံဥပဒေမှာ ဘယ်ဟာကိုတော့ ပြင်လို့ မရဘူး။ ဘယ်ဟာကိုတော့ ပြင်လို့ ရတယ် 
မခွဲထားပါဘူး။ မသင့်လျှော်ရင် ပြင်လို့ ရတယ်။ ဒါပေမယ့် 
နိုင်ငံရေးဘက်ကမကြည့်ဘဲ ဥပဒေကြောင်းအရပဲ ကြည့်ရင် ဒီစာသားကို ပြောင်းဖို့ 
အားလုံးက ဆန္ဒရှိရင်တောင် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အကြမ်းပြောရင်တောင်
 ဥပဒေအဖြစ် အရင် တင်ရမယ်။ နောက် ပြည်ထောင်စုလွှတ်တော်မှာ တင်ရမယ်“ လို့ 
ပြောကြားကြောင်း မက်ဆင်ဂျာ (Messanger) သတင်းဂျာနယ် မုခစာမျက်နှာတွင် 
ဖော်ပြထားပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး ကြံ့ဖွတ်ပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ 
ဖွံ့ဖြိုးရေးပါတီ) ထိပ်တန်းခေါင်းဆောင် ဦးအောင်သောင်းက 
“ကျွန်တော်တို့ကတော့ တင်ပေးဖို့ မရှိပါဘူး။ ဘာ့ကြောင့်ဆိုတော့ မလိုဘူးလို့ 
ယူဆပါတယ်။ အခြေခံဥပဒေကို ကာကွယ် ထိမ်းသိမ်းမယ်ဆိုတာ အလွန်ကောင်းပါတယ်။ မိမိ
 အခြေခံ ဥပဒေကို ကာကွယ် ထိမ်းသိမ်းဖို့ လိုပါတယ်။ ဒီ ကာကွယ် ထိမ်းသိမ်းဖို့
 ဆိုတာကို ကြောက်စရာမလိုဘူးလို့ ထင်ပါတယ်၊ မဟုတ်ဘူးလား။ ဒါတွေဟာ ပြဿနာ 
မဟုတ်ဘူးလို့ ယူဆတယ်။ ဒ့ါကြောင့်မို့ ဒါကို အရေးတယူ လုပ်ပြီး၊ အကြိုက်ကို 
လိုက်ပြီး လုပ်ဖို့ဆိုတာကတော့ စဉ်းစားရမယ့်ကိစ္စပဲ ဖြစ်ပါတယ်။“ လို့ 
မဇ္ဈိမကို ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်ကတော့ “ဦးအောင်သောင်းလို 
ပုဂ္ဂိုလ်မျိုး၊ ဦးဋ္ဌေးဦးလို ပုဂ္ဂိုလ်မျိုးတွေက ပြောတယ်ဆိုရင်တော့ 
ကြံ့ခိုင်ရေးက ဒီကိစ္စကို လက်ရှောင်လိုက်ပြီ ဆိုတဲ့သဘော၊ ကြံ့ခိုင်ရေး 
လက်ရှောင်ပြီဆိုရင်တော့ ၇၅ ရာခိုင်နှုန်း ရနိုင်စရာ အကြောင်းမရှိဘူးလို့ပဲ 
ပြောရမှာပေါ့။ အဲဒီလိုဆိုရင် လွှတ်တော်ထဲမှာကို လမ်းပိတ်တဲ့ အနေအထားမျိုး 
ရောက်ကောင်း ရောက်မယ်ပေါ့“ လို့ ဘီဘီစီသတင်းဌာနကို ပြောသလို “ဒီ 
သော့ခလောက်ကြီးကို ဖြုတ်ပေးပါ၊ ပြင်ပေးပါလို့ ပြောတဲ့အတွက် သော့ခလောက်ကို 
ဖြုတ်ပေးပြီး ပြီ။ သို့သော် ရွေးကောက်ပွဲတွေ နိုင်ပြီးတဲ့နောက်ပိုင်း 
လွှတ်တော်ထဲကို ၀င်မယ့် ကြံတဲ့အခါကျ လွှတ်တော်တံခါးဝမှာလည်း  ဒီ 
သော့ခလောက်ကြီးပဲ ချိတ်ထားတယ်ဆိုတာကတော့ မြင်ရင် သိမှာပဲ ဗျာ၊ ဘယ်သူက 
မ၀င်ချင်တာလဲ၊ ဘယ်သူက တားဆီး ဟန့်တား လုပ်ထားတာလဲ၊ နို့မို့လည်း ဒီ 
သော့ခလောက်ကို ဘယ်သူ ဖြုတ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာပဲ တည်လိမ့်မယ်ထင်တယ်“ 
လို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
ဆက်စပ်သတင်းများအရ ကျမ်းကျိန်တဲ့စာသား ပြင်ဆင်ဖို့ ဦးသိန်းစိန်ထံ 
အကြောင်းကြားခဲ့စဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက 
ပြင်ဆင်ပေးနိုင်တဲ့ နည်းလမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က 
တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်က 
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အကြောင်းကြားတဲ့သဘော မပြုလုပ်ဘဲ 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြတဲ့ စာကို လက်လွှဲပေးအပ်ခြင်းသာ 
ဖြစ်ကြောင်းလည်း ကြားသိရပါတယ်။ ကြည့်ရတာက ဦးသိန်းစိန်ကိုယ်၌ကလည်း 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ 
အချက်အလက်ကို ပြင်ဆင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက် ပြောဆိုရင် 
အစိုးရနဲ့ လွှတ်တော်ထဲရှိ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ရှေ့နေလိုက်တယ်လို့ ပြန်လည် 
ဝေဖန်မယ့်အရေးကို လက်ရှောင်လိုက်တာလဲ ဖြစ်နိုင်ပါတယ်။
ဦးဝင်းတင်ရဲ့စကားကို ထောက်ရှုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ 
သူ့ရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ့်သဘောမှာ မြင်နေရပြီး အမျိုးသား 
ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ပါဝင် တက်ရောက်လိုတဲ့ 
ဆန္ဒရှိသူများအနေနဲ့ ပါဝင်နိုင်မယ့်နည်းလမ်းကိုသာ စဉ်းစားကြရတော့မယ့် 
သဘောကို မြင်နေရပါတယ်။ ဒီတော့ ဒီ အခက်အခဲနဲ့ ပတ်သက်ပြီး ဘာတွေ 
ဖြစ်လာကြမလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ကြရတော့မှာပဲ ဖြစ်ပါတယ်။
ယနေ့ မြန်မာမှ