ပါလီမန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး


နိဒါန်း
ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတပုံခန့်ဟာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး၊ ဒီအထဲမှာ အာဖရိကနဲ့ အာရှတိုက်မှာ နေထိုင်ကြသူတွေ အများအပြားပါဝင်ပါတယ်။ ဆင်းရဲနွမ်းပါးမှု ပြဿနာရပ်တွေကို အကောင်းဆုံးဖြေရှင်းနိုင်တာကတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ စစ်မှန်သော ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားမှုပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ကာလတွေမှာ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေ တဆင့် ပါလီမန်ထဲကို လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်ရှိသွားတဲ့အခါ အခြားသော စိန်ခေါ်ချက်များအပြင် အကြီးမားဆုံး စိန်ခေါ်ချက်တခုကို စတင်ရင်ဆိုင်ကြရလေ့ရှိပါတယ်။ ဒါကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တလျှောက်မှာ ဆင်းရဲနွမ်းပါး သူတွေကို ဘယ်လို empowerment လုပ်မလဲ ဆိုတာပါပဲ။ ဒီစိန်ခေါ်ချက်ကို ကျော်လွှားနိုင်ဖို့အတွက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အတူ ပူးပေါင်းဆောင်ရွက်ပြီး၊ မူဝါဒရေးရာ အကြံပေးမှုတွေ၊ အရင်းအမြစ်များအား ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်များမှာ ဦးစားပေး အသုံးပြုနိုင်စေရန် ကြိုးပမ်းမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။
ပါလီမန်၏ အခန်းကဏ္ဍ
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ပါလီမန်အမတ်များမှ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ခြင်းဖြင့် တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာ ရေးဆွဲချမှတ်ရေး၊ အကောင်အထည် ဖော်ဆောင်ရေးနဲ့ သုံးသပ်ဆန်းစစ်ရေး လုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်စေနိုင်ပါတယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများရဲ့ တာဝန်ခံမှုနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး (accountability and good governance) ကို အထောက်အကူ ပြုစေနိုင်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်များအတွက် လိုအပ်တဲ့ ဥပဒေမူကြမ်းများကိုလဲ ပါလီမန်ကနေတဆင့် ရေးဆွဲပြဌာန်းပေးနိုင်ပါတယ်။
ပါလီမန်အမတ်များအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ဖို့အတွက် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် တဦးချင်း ပူးပေါင်း ပါဝင်ခြင်း၊ နိုင်ငံတော်အဆင့်မှာ အစုအဖွဲ့ ကော်မတီများ အသွင်ဖြင့် ပူးပေါင်းပါဝင်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ပါလီမန်အမတ်များမှ ဦးစားပေးသင့်တဲ့ အကြောင်းအရာတွေကတော့ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးဆိုင်ရာ national consensus ပေါ်ထွက်လာစေရေး၊ ကဏ္ဍအသီးသီးမှာ ဒီမိုကရေစီနည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်မှုများ တိုးမြင့်လာစေရေး၊ ပါလီမန်အား ဆင်းရဲနွမ်းပါးသူများအား empowerment လုပ်ဆောင်နိုင်မည့် ဖိုရမ်တခုဖြစ်လာအောင် ကြိုးပမ်းရေး၊ လာဘ်ပေးလာဘ်ယူမှုများ လျှော့နည်းပပျောက်ရေးနှင့် အုပ်ချုပ်ရေးယန္တရားတွင် တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုများ တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ရေး စတာတွေပဲ ဖြစ်ပါတယ်။ 

အခက်အခဲများနှင့် အားနည်းချက်များ
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ပါလီမန်ရဲ့ ပူးပေါင်းဆောင်ရွက်မှု သဏ္ဍာန်တွေက တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားပါတယ်။ အချို့ ပါလီမန်တွေက ထင်ရှားတဲ့ လှုပ်ရှားဆောင်ရွက်သူတွေ ဖြစ်ပါတယ်။ သို့ပေမယ့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အုပ်ချုပ်ရေး အာဏာရယူထားတဲ့ သက်ဆိုင်ရာအစိုးရကပဲ ဆောင်ရွက်ပြီး၊ ပါလီမန်ရဲ့ ပူးပေါင်းပါဝင်နိုင်မှုကို ကန့်သတ်ထားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများလဲ ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဘဏ္ဍာရေးအသုံးစရိတ် ခွဲဝေချထားသုံးစွဲမှုကို စောင့်ကြည့်လေ့လာ ကြီးကြပ်မှုက အဓိကကျပေမယ့် ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ပါလီမန်ရဲ့ အခန်းကဏ္ဍကို ကန့်သတ်ထားတဲ့ နိုင်ငံတွေမှာကျတော့ အခက်အခဲတွေ ဖြစ်လေ့ရှိပါတယ်။
တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုအခြေအနေပေါ်မှာ မူတည်ပြီးတော့လဲ ပါလီမန်ရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု လျော့နည်းတတ်ပါတယ်။ ပဋိပက္ခစစ်ပွဲတွေ ရှိနေတဲ့ နိုင်ငံတွေမှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုကို ပထမဦးစားပေး လုပ်ငန်းစဉ်အဖြစ် လုပ်ဆောင်ရတဲ့အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ပါလီမန်က ဦးစားပေးလုပ်ဆောင်နိုင်ခြင်း မရှိတာတွေလဲ ဖြစ်တတ်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေရဲ့ ရှင်သန်ရပ်တည်မှုက စီးပွားရေးလုပ်ငန်းရှင်များအပေါ် မူတည်နေတတ်ပါတယ်။ ဒီလိုစီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ စေတနာနဲ့ ကူညီဆောင်ရွက်ပေးသူတွေ ပါဝင်သလို၊ အကျိုးစီးပွားအတွက် ဆက်နွယ်ပတ်သက်လာတဲ့ ၀ိသမ စီးပွားရေးသမားတွေလဲ ပါဝင်လာတတ် ပါတယ်။ ဒီအခါမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အလုပ်သမားများရဲ့ ဘ၀တိုးတက် မြင့်မားရေး လုပ်ဆောင်တဲ့ ပါလီမန်အမတ်တွေနဲ့ ပါတီခေါင်းဆောင်တွေအကြား၊ ၀ိသမစီးပွားရေးသမားတွေအကြားမှာ တင်းမာမှုတွေ ရှိလာတတ်ပါသေးတယ်။
နောက်ထပ်အရေးကြီးတဲ့ အားနည်းချက်တရပ်ကတော့ အာဖရိကနဲ့ အာရှနိုင်ငံတွေက ပါလီမန်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ အသိပညာနှင့် ဗဟုသုတအားနည်းမှု ပြဿနာဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ပါလီမန်အမတ်အများစုဟာ ပါတီတွင်းလက်ဆင့်ကမ်း သင်တန်းပေးမှုတွေ၊ အဆင့်ဆင့် ပညာရေး တွေ၊ လွှတ်တော်တွင်းနိုင်ငံရေးအတွေ့အကြုံတွေကို ဖြတ်သန်းပြီးမှ ပါလီမန်ထဲ ရောက်လာကြတာဖြစ်ပါတယ်။ ကော်မတီများဖွဲ့စည်းရာမှာလဲ ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေကို ခွဲခြားတာဝန်ပေးပြီး ဖွဲ့စည်းကြပါတယ်။ လူတဦးတည်းကနေ ကဏ္ဍတိုင်းကို မကျွမ်းကျင်နိုင်တဲ့အတွက် ကျွမ်းကျင်သူတွေကို ပါလီမန်အမတ်တွေရဲ့ သက်ဆိုင်ရာရုံးတွေမှာ ခန့်အပ်ပြီး၊ တာဝန်ခွဲဝေပေးထားမှုတွေ ရှိသလို၊ မိခင်ပါတီမှာရှိတဲ့ ကျွမ်းကျင် ပညာရှင်တွေကလဲ လိုအပ်တဲ့ resources တွေကို အကူအညီပေးလေ့ ရှိပါတယ်။ တက္ကသိုလ်တွေက ပညာရှင်များနဲ့ မူဝါဒရေးရာ think-tank အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုတွေကိုလဲ ရရှိကြပါတယ်။
သို့ပေမယ့် အာဖရိကနဲ့ အာရှနိုင်ငံတွေမှာတော့ အခြေအနေနဲ့ အချိန်အခါတွေအရ ပါတီတွင်း လက်ဆင့်ကမ်းပညာပေးမှု မလုပ်နိုင်တာတွေ ရှိပါတယ်။ ပညာရေးအရ အားနည်းပေမယ့် လူမှုရေး၊ နိုင်ငံရေးအတွေ့အကြုံတွေအရ ပါလီမန်အမတ်လောင်းအဖြစ် မိခင်ပါတီမှ အဆိုပြုရွေးချယ်ခံခဲ့ရပြီး၊ ပါလီမန်အမတ် ဖြစ်လာသူတွေ ရှိပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းစ တိုင်းပြည်တွေမှာဆိုရင် ပါလီမန်အမတ်ဖြစ်လာပေမယ့် လွှတ်တော်တွင်းနိုင်ငံရေးရဲ့ သဘောသဘာဝနဲ့ လုပ်ထုံးလုပ်နည်းတွေကိုတောင် နားမလည်သူတွေ အများအပြားရှိပါတယ်။ အာဖရိကနိုင်ငံတခုကို နိုင်ငံတကာ အဖွဲ့အစည်းတရပ်က တာဝန်ရှိသူတွေ သွားရောက်ချိန်မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်တဲ့ လွှတ်တော်တွင်းကော်မတီ တရပ်ကို တာဝန်ယူထားသူဟာ Human Development Index (HDI), Human Poverty Index (HPI), Gender Empowerment Measure (GEM) ဆိုတာတွေကိုတောင် ဘာမှန်းမသိကြောင်း တွေ့ရှိခဲ့ကြရပါတယ်။ ဒါတွေဟာ အပြစ်မြင်စရာတော့ မဟုတ်ပေမယ့်၊ အားနည်းချက်တခုအနေနဲ့ သတ်မှတ်ပြီး ၀ိုင်းဝန် ပညာပေးဖြည့်ဆည်း ပေးကြရမယ့် အရာတွေ ဖြစ်ပါတယ်။
အချို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသိပညာ၊ အတတ်ပညာ၊ အဆင့်မြင့်တက္ကသိုလ်ပညာရေး ဆိုတာတွေထက် လုပ်ကိုင်လိုသော ဆန္ဒကသာ ပိုမိုအရေးကြီးတယ်လို့ ရှုမြင်သုံးသပ်ကြပါတယ်။ ဆန္ဒက အရေးကြီးတဲ့ မောင်းနှင်အားဖြစ်ပေမယ့် လုပ်ကိုင်စွမ်းရည် (capacity) မရှိရင် ဘာမှ လုပ်ဆောင်လို့ မရပါဘူး။ ကလေးတယောက် ရေနစ်နေတာတွေ့ရင် ကယ်တင်လိုသော ဆန္ဒတွေကို စိတ်ကောင်း၊ နှလုံးကောင်း ရှိသူတိုင်း ခံစားကြရပေမယ့် ရေမကူးတတ်ပဲ ရေနစ်တာကို ကယ်တင်လို့ မရနိုင်ပါဘူး။ ဆန္ဒနဲ့ တွဲပြီး၊ လုပ်ကိုင်စွမ်းရည်မြင့်မားလာအောင်လဲ ကြိုးပမ်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လဲ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ နိုင်ငံရေးပါတီများရဲ့ ရှင်သန်ခိုင်မာမှု မြင့်မားလာစေရေး၊ လွှတ်တော်တွင်း နိုင်ငံရေး ပေါ်ထွန်းရေးနှင့် ရှင်သန်ရေး၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပေါ်ထွက်ရေး၊ ပါလီမန်အမတ် များရဲ့ အသိဥာဏ်ပညာ၊ အတတ်ပညာများ တိုးတက်မြင့်မားလာစေရေး စတဲ့ လုပ်ငန်းဆောင်တာတွေကို နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းများ
ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေမှာ ပါလီမန်အမတ်များ ပါဝင်ဆောင်ရွက်ရေးနဲ့ ပါလီမန်များရဲ့ စွမ်းရည် မြင့်မားလာရေးဟာ နိုင်ငံတကာဘဏ္ဍာရေး အင်စတီကျူးရှင်းများ (International Financial Institutions- IFIs) ရဲ့ ဦးစားပေးရည်မှန်းချက်တွေ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို Foreign Aid များ ၀င်လာတဲ့အခါ ပါလီမန်မှာ ပြည်ပထောက်ပံ့မှု ဘတ်ဂျက်များ ခွဲဝေသုံးစွဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများအား လေ့လာဆန်းစစ်ရေး၊ ကဏ္ဍအလိုက် စနစ်တကျ အသုံးပြုနိုင်ရေး စတာတွေကို ဆွေးနွေးမှု၊ အတည်ပြုမှုတွေ ပြုလုပ်ရတဲ့အတွက် Foreign Aid ရေးရာမှာလဲ ပါလီမန်ရဲ့ အခန်းကဏ္ဍ ပါဝင်ပါတယ်။
ဒါကြောင့်လဲ IFIs တွေအနေနဲ့ ပါလီမန်အမတ်များနဲ့ ပါလီမန်ဝန်ထမ်းများရဲ့ အရည်အချင်းတွေ တိုးတက်မြင့်မားလာစေရေးအတွက် သင်တန်းပေးမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်လာလေ့ ရှိပါတယ်။ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေအတွက် ကိုယ်စားပြုလျှောက်လဲချက်တွေ ပေးနေကြတဲ့ ပါလီမန်အမတ်များ စုစည်းထားတဲ့ Parliamentary Network on the World Bank (PnoWB) ဟာ IFIs များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပါလီမန်အမတ်များကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာစာတမ်း (Poverty Reduction Strategy Paper) များ အကောင်အထည်ဖော်ဆောင်နေတဲ့ ပရောဂျက်များမှာ တွေ့ဆုံလေ့လာစေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလို တွေ့ဆုံခြင်းအားဖြင့် ကမ္ဘာတ၀ှမ်းမှ ပါလီမန်အမတ်တွေအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းဆောင်တာများကို နှီးနှောဖလှယ်တာ၊ ဘုံလုပ်ငန်းစဉ်များ ချမှတ်တာတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။
နိုင်ငံရေး ပတ်ဝန်းကျင်ကောင်းနှင့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုဖြစ်စဉ်
တိုင်းပြည်တခုမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်ကောင်းဆိုတဲ့ ရေခံမြေခံ လိုအပ်ပါတယ်။ ဒီလို နိုင်ငံရေးပတ်ဝန်းကျင်ကောင်း ရှိမရှိဆိုတာကို
(၁) နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ
(၂) စီးပွားရေးတည်ငြိမ်မှုကို ဦးစားပေးသော monetary and fiscal မူဝါဒများ
(၃) ပြည်တွင်းရင်းနှီးမြှုပ်နှံမှု
(၄) လူမှုအဆောက်အအုံ (ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ စသည်များ) တွင် နိုင်ငံတော် အသုံးစရိတ်များအား ဦးစားပေး သုံးစွဲမှု
(၅) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တံခါးဖွင့်ဝါဒ ကျင့်သုံးမှု
စတာတွေပဲ ဖြစ်ပါတယ်။
ဒီလို ရည်ညွန်းပြကိန်းဂဏာန်းတွေ တိုးတက်လာဖို့အတွက် ပါလီမန်ရဲ့ အမှီအခိုကင်းမှုနဲ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးက အစိုးရအဖွဲ့ဝင် ၀န်ကြီးများရဲ့ တာဝန်ခံမှု (independence of parliament and ministerial accountability) ရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးများဟာ သူတို့ ချမှတ်ထားတဲ့ မူဝါဒများ (အထူးသဖြင့် ဘတ်ဂျက်များအား မည်သို့မည်ပုံ ခွဲဝေပြီး၊ မည်သို့ သုံးစွဲမှု) စတာတွေနဲ့ ပတ်သက်ပြီး ပါလီမန်ကို တာဝန်ခံရမှာ ဖြစ်ပါတယ်။ ပါလီမန်အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနများရဲ့ လုပ်ငန်းဆောင်တာများဟာ pro- poor social agenda နဲ့ လိုက်လျောညီထွေမှု ရှိမရှိ လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။
ပါလီမန်တွင်းကော်မတီများ ဖွဲ့စည်းရာမှာ ပါတီစုံမှ လွှတ်တော်အမတ်များ ပါဝင်ရေးနဲ့ သက်ဆိုင်ရာ ကော်မတီတခုချင်းစီအလိုက် နားလည်တတ်ကျွမ်းသူများ ပါဝင်နေဖို့ လိုအပ်လှပါတယ်။ ပါလီမန်အမတ်များဟာ အနိမ့်ဆုံး အဆင့်အနေနဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု အကြောင်းကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘတ်ဂျက်ရေးရာဆိုရာမှာ တင်ပြလာတဲ့ စာရွက်စာတမ်းနဲ့ ကိန်းဂဏန်း ညွန်ပြချက်တွေပဲ မဟုတ်ပဲ budget cycle process ကို သေချာနားလည်ဖို့ လိုအပ်ပါတယ်။ ဘတ်ဂျက်စီမံခန့်ခွဲမှု၊ ထိန်းချုပ်မှုနဲ့ တာဝန်ခံမှု စတာတွေ၊ quality expenditure အသုံးပြုမှု တိုးမြှင့်ရေး စတာတွေမှာ အများဆုံး အသုံးပြုလေ့ရှိတဲ့ analysis tool ကတော့ Public Expenditure Review (PER) ပဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွမ်းကျင်အောင် လေ့လာထားဖို့ လိုအပ်ပါတယ်။ အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ထိရောက်မှု ရှိမရှိကို ပါလီမန်အမတ်များ အနေနဲ့ budgetary process နဲ့ လေ့လာသုံးသပ်မှုတွေ ပြုလုပ်နိုင်ပါတယ်။
လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် ပူးတွဲဆောင်ရွက်ခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဆောင်တာများကို အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) မှာ ပါဝင်တဲ့ အန်ဂျီအို အဖွဲ့အစည်းများ၊ မီဒီယာများ၊ အလုပ်သမားသမဂ္ဂများက အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လေ့ရှိကြပါတယ်။ ပဋိပက္ခတွေနဲ့ ကွဲပြားခြားနားမှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာဆိုရင် အန်ဂျီအိုအဖွဲ့အစည်းများဟာ နေရာစုံ၊ ကဏ္ဍစုံ၊ နယ်မြေစုံကို အစိုးရအဖွဲ့အစည်းများ ထက်ပိုပြီး လွယ်လွယ်ကူကူ ရောက်ရှိပြီး၊ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေး နိုင်တယ်လို့ လက်ခံယုံကြည်ကြပါတယ်။ လူ့အဖွဲ့အစည်းအခြေပြု အစုအဖွဲ့တွေနဲ့ ကိုယ်ထူကိုယ်ထ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေဟာ ဆင်းရဲနွမ်းပါးမှုသံသရာကနေ လူ့အဖွဲ့အစည်းကို ရုန်းထွက်နိုင်ရေး အတွက် အကောင်းဆုံး ကြိုးပမ်းပေးနိုင်သူတွေ ဖြစ်ပါတယ်။ သို့ပေမယ့် အရပ်ဘက် လူ့အဖွဲ့အစည်း (civil society) ရဲ့ အားနည်းချက်ကတော့ political legitimacy မရှိတာပဲ ဖြစ်ပါတယ်။
ပါလီမန်အမတ်များအနေနဲ့ကျပြန်တော့လဲ ရွေးကောက်တင်မြှောက်ခံရပြီးချိန်မှာ အလုပ်တာဝန်များစွာ ထမ်းဆောင်ရတဲ့အတွက် အခြေခံလူထုလူတန်းစား ပြည်သူလူထုနဲ့ ထိတွေ့နိုင်မှု အချိန်နည်းပါးသွားပြန် ပါတယ်။ သို့ပေမယ့် ပါလီမန်အမတ်တွေမှာကျတော့ political legitimacy ရှိလာပါတယ်။ ဒါကြောင့် ပါလီမန်နဲ့ Civil society က ပူးတွဲဆောင်ရွက်ဖို့ လိုအပ်လှပါတယ်။ ဥပမာ- အာဖရိကတိုက်က Malawi နိုင်ငံမှာ civil society က ပါလီမန်ရဲ့ Budget and Finance Committee နဲ့ ပူးတွဲဆောင်ရွက်ပြီး key Priority Poverty Expenditures ကို လေ့လာစောင့်ကြည့်မှုတွေ ပြုလုပ်ပါတယ်။ ရရှိလာတဲ့ ရလဒ်တွေကို ကော်မတီကို တင်ပြပြီး၊ အစိုးရနဲ့ ဆက်လက်ဆွေးနွေးရမယ့် ကိစ္စတွေကို ပါလီမန်က ဆက်လက်ဆွေးနွေးပါတယ်။ Uganda နိုင်ငံမှာလဲ အလားတူပါပဲ။ အစိုးရရဲ့ Poverty Action Fund ဆိုင်ရာ အကောင်အထည်ဖော်ဆောင်မှုတွေကို civil society နဲ့ ပါလီမန်အမတ်များ က ခရိုင်အဆင့် ဘတ်ဂျက်လေ့လာစောင့်ကြည့်ရေး ကော်မတီများ ပူးပေါင်းဖွဲ့စည်းပြီး လေ့လာစောင့်ကြည့်ခဲ့ပါတယ်။

ပါလီမန်ဟာ ပြည်တွင်းအန်ဂျီအိုများနဲ့သာမကပဲ နိုင်ငံတကာ အန်ဂျီအိုများနဲ့ ပူးတွဲဆောင်ရွက်မှုတွေလဲ ပြုလုပ်နိုင်ပါတယ်။ ပါလီမန်အမတ်များအနေနဲ့ မိမိတို့ကိုယ်စားပြုရာ မဲဆန္ဒနယ်တွေရဲ့ မြေပြင်ပကတိ အခြေအနေတွေကို သိမြင်ပြီးဖြစ်တဲ့အတွက် နိုင်ငံတကာအန်ဂျီအိုများရဲ့ လူ့အဖွဲ့အစည်း ထဲက ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှာဖွေမှုတွေမှာ ထောက်ကူပြုပေးနိုင်ပါတယ်။ ဒါတင်မကပဲ နိုင်ငံတကာ အန်ဂျီအိုများရဲ့ ပရော်ဖက်ရှင်နယ် ကူညီပေးမှုတွေကိုလဲ အကျိုးကျေးဇူးအနေနဲ့ ရရှိနိုင်ပါတယ်။ များသောအားဖြင့် နိုင်ငံတကာအန်ဂျီအိုတွေမှာ ကျွမ်းကျင်မှု၊ လုပ်ကိုင်စွမ်းရည်၊ နားလည်သိမြင်မှု၊ ပညာရှင်များထံမှ အကြံဥာဏ် တောင်းခံနိုင်မှု စတဲ့ အားသာချက်တွေ ရှိနေတတ်ပါတယ်။ ပါလီမန်အမတ်များအနေနဲ့ နိုင်ငံတကာအန်ဂျီအိုများနဲ့ အဆက်အသွယ်ရှိမှု၊ ပညာရှင်များထံမှ အကြံဥာဏ်တောင်းခံနိုင်မှုတွေ လုပ်နိုင်မယ်ဆိုရင် သက်ဆိုင်ရာ မူဝါဒရေးရာ လုပ်ငန်းဆောင်တာတွေမှာ အထောက်အကူတွေ ရလာနိုင်ပါတယ်။
နိဂုံး
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ပါလီမန်အမတ်များမှ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းပါဝင်ခြင်းဖြင့် တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လမ်းပြမြေပုံ (national roadmap) လို့ နိုင်ငံတကာ အဖွဲ့အစည်းများမှ သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမဟာဗျူဟာစာတမ်း (Poverty Reduction Strategy Paper) ပေါ်ထွက်လာစေရေးကို အထောက်အကူပြုခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နိုင်ခြင်း၊ အဂတိလိုက်စားမှုများအား တိုက်ဖျက်နိုင်ခြင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် တာဝန်ခံမှုကို ဖော်ဆောင်နိုင်ခြင်း၊ pro-poor policies များ ချမှတ်နိုင်စေရန် ထောက်ကူပေးနိုင်ခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ လိုအပ်ချက်ဖြစ်သော political legitimacy ကို ပူးတွဲဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ပေါ်ထွန်းနိုင်ပါကြောင်း ရေးသားတင်ပြ အပ်ပါတယ်။
ခင်မမမျိုး (၅၊ ၄၊ ၂၀၁၂)
ရည်ညွှန်းကိုးကား
Overseas Development Institute (2002) PRSP Connections, Volume 5, May 2002.

United Nations Economic and Social Commission for Asia and the Pacific (2002) “K. Policy Implications” in Sustainable Social Development in a Period of Rapid Globalization: Challenges, Opportunities and Policy Options, New York, United Nations

Luiza Nora (2006) “Reducing Poverty: The roles of parliaments. Government and non-state actors”, Report on Wilton Park Conference 817 in association with the Commonwealth Parliamentary Association and the World Bank Institute, Monday 5 – Friday 9 June 2006

Center for International Private Enterprise (2004) Democratic Governance: The Key to Political and Economic Reform, Economic Reform Issue Paper No. 0405

OECD (1997) Guidelines on ‘Participatory Development and Good Governance’, Paris