၂၀၁၂ ဧပြီ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံး မှ
ပြည်သူ့လွှတ်တော်နဲ့
 အမျိုးသားလွှတ်တော်များတွင် မြန်မာစစ်သားကိုယ်စားလှယ်များအဖြစ် ကာကွယ်ရေး 
ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသူများအား အစားထိုး 
ပြောင်းလဲခြင်းဆိုင်ရာ ကြေငြာချက် နှစ်ခုကို မြန်မာ ရွေးကောက်ပွဲ 
ကော်မရှင်က ၂၀၁၂ ဧပြီ ၂၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့ကြောင်း ဧပြီ 
၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပါတယ်။
အစိုးရသတင်းစာတွင် ဖော်ပြထားချက်အရ ကြေငြာချက်အမှတ် ၂၂/၂၀၁၂ ဖြင့် စစ်သား 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးအား အစားထိုး ပြောင်းလဲလိုက်သလို 
ကြေငြာချက်အမှတ် ၂၃/၂၀၁၂ ဖြင့် စစ်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၀ 
ဦးအား အစားထိုး ပြောင်းလဲလိုက်ကြောင်း သိရပါတယ်။ ယခင် ခန့်အပ်ခဲ့တဲ့ 
စစ်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦး အမည်စာရင်းကို မြန်မာ 
ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၁ ဇန်န၀ါရီ ၂၀ ရက်နဲ့ ၂၉ ရက်နေ့များတွင် 
ကြေငြာခဲ့ပြီး စစ်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များစာရင်းကိုတော့ ၂၀၁၁
 ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ကြေငြာခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်က ယခင် တင်သွင်းခဲ့တဲ့ စစ်သားကိုယ်စားလှယ်များဟာ 
ဗိုလ်မှူးအဆင့် ရှိသူများ ဖြစ်ပြီး ယခု ပြောင်းလဲ ခန့်အပ်လိုက်သူများကတော့ 
ဒု - ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးချုပ်အဆင့် ရှိသူများ 
ဖြစ်ကြပါတယ်။ ယခု ခန့်အပ်လိုက်တဲ့ စစ်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၉ 
ဦးတွင် ဗိုလ်မှူးချုပ် လေးဦး၊ ဗိုလ်မှူးကြီး ကိုးဦးနဲ့ ဒု - 
ဗိုလ်မှူးကြီး ၂၆ ဦး ပါဝင်ပြီး အများအားဖြင့် ကြည်းတပ်မှဖြစ်ကာ ရေတပ်နဲ့ 
လေတပ်မှ ဒု - ဗိုလ်မှူးကြီး တဦးစီ ပါဝင်ပါတယ်။ ထိုနည်းတူ စစ်သား 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးတွင်လည်း ဗိုလ်မှူးချုပ် လေးဦး၊ 
ဗိုလ်မှူးကြီး ငါးဦး၊ ဒု - ဗိုလ်မှူးကြီး ၁၁ ဦး ပါဝင်ကာ ရေတပ်နဲ့ လေတပ်မှ
 ဒု - ဗိုလ်မှူးကြီး တဦးစီ ပါဝင်ပါတယ်။
ထိုသို့ စစ်သား လွှတ်တော်ကိုယ်စားလှယ်တွေ အစားထိုး ပြောင်းလဲခြင်းဟာ 
ရွေးကောက်ပွဲ ပုဒ်မ ၃၃ နဲ့အညီ အကြောင်းကြားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က
 စိစစ်ပြီး အစားထိုး  ပြောင်းလဲတာ ဖြစ်ကြောင်း ကြေငြာချက်များတွင် 
ရေးသားထားပါတယ်။ စစ်တပ် ဖွဲ့စည်းပုံအရ ဒု - ဗိုလ်မှူးကြီး၊ 
ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးချုပ်တို့ဟာ ဗိုလ်မှူးအဆင့်ထက် တဆင့်စီ 
ရာထူးမြင့်သူများ ဖြစ်တဲ့အတွက် အခု ခန့်အပ်လိုက်တဲ့ 
စစ်သားလွှတ်တော်ကိုယ်စားလှယ်များဟာ အရင် စစ်သားလွှတ်တော်ကိုယ်စားလှယ်များထက် 
လုပ်ပိုင်ခွင့် ပိုမို ရရှိနိုင်မလားလို့ တွေးစရာ ရှိပါတယ်။ လက်ရှိ 
အစားထိုး ခန့်အပ်မှုအရ လွှတ်တော်တခုစီတွင် ပါဝင်တဲ့ 
ဗိုလ်မှူးချုပ်လေးဦးစီနဲ့ ဗိုလ်မှူးကြီးများဟာ သူတို့ထက် ရာထူးငယ်တဲ့ ဒု -
 ဗိုလ်မှူးကြီးများအပေါ် သြဇာသက်ရောက်နိုင်ဘွယ် ရှိပါတယ်။
ရာထူးအာဏာ မက်မောလှတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေ၀င်းဟာ ၁၉၆၂ ခုနှစ် 
အာဏာသိမ်းစဉ်မှ စတင်ကာ မြန်မာနိုင်ငံကို စစ်တပ်မျိုးဆက် အုပ်စိုးနိုင်အောင်
 နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ပြီး စစ်ဗိုလ်လောင်းများအား စစ်တပ်ရဲ့ 
အရေးပါပုံကို အလွန်အမင်း ချဲ့ကား ပြောဆို သင်ကြားပေးကာ နိုင်ငံရေးအာဏာ 
လက်မလွှတ်ချင်အောင်၊ စစ်တပ်လက်ထဲ အာဏာမရှိရင် တိုင်းပြည် 
ပျက်စီးနိုင်သယောင်ယောင် ၀ါဒမှိုင်းတိုက်ကာ ပုံစံသွင်းခဲ့ပါတယ်။ တကယ်တော့ 
ဗိုလ်နေ၀င်း (သခင်ရှုမောင်) ကိုယ်တိုင်က တိုင်းပြည် လွတ်လပ်ရေးအတွက် 
ကိုယ်ကျိုးစွန့်လိုတဲ့သဘောနဲ့ ရဲဘော်သုံးကျိပ်ဝင်အဖြစ် ပါဝင်ခဲ့ခြင်း 
မဟုတ်ဘဲ သူ အလုပ်လုပ်နေတဲ့ စာတိုက်ကြီးတွင် အလွဲသုံးစားမှုဖြစ်ကာ ငွေ ပြန် 
မဆပ်နိုင်ဖြစ်နေစဉ် သူနဲ့ ရင်းနှီးသူ နိုင်ငံရေးသမားတဦးက 
ရဲဘော်သုံးကျိပ်အဖွဲ့ထဲ လိုက်ရန် ထည့်ပေးလိုက်တဲ့အတွက် စစ်သင်တန်း 
တက်ဖြစ်ခဲ့တာဖြစ်ကြောင်း ရှေးလူကြီးများက ပြောပြပါတယ်။
ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါများဟာ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် ကာကွယ်ရေး 
ဦးစီးချုပ် ဗိုလ်ချုပ်စောမောင် ဦးစီးတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု 
တည်ဆောက်ရေးအဖွဲ့ကို အာဏာသိမ်းစေခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလ၊ ၁၉၉၂ 
ဧပြီ ၂၃ ရက်နေ့တွင် ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ်စောမောင်ရဲ့ ရာထူးကို 
ရယူခဲ့ပြီး ၂၀၁၁ မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်သန်းရွှေ့ရဲ့ 
ကာကွယ်ရေးဦးစီးချုပ်ရာထူးကို  ဗိုလ်ချုပ် မင်းအောင်လှိုင်အား 
လွှဲပေးခဲ့ပါတယ်။ လက်ရှိ အခြေအနေတွင် ဗိုလ်ချုပ်သန်းရွှေလက်ထဲ၌ အာဏာ 
ရှိမနေတော့သော်လည်း စစ်တပ်ရာထူးက ထွက်ထားကြတဲ့ လက်ရှိ အစိုးရနဲ့ 
လွှတ်တော်ထဲက ပုဂ္ဂိုလ်များကတော့ ဗိုလ်ချုပ်သန်းရွှေအား 
အရိုအသေပေးနေဆဲဖြစ်ကြောင်း အချို့သတင်းရပ်ကွက်များက ပြောပြကြပါတယ်။
နာဂစ်မုန်တိုင်းကြောင့် ပြည်သူ တသိန်းကျော် သေဆုံးပြီး သန်းနဲ့ ချီတဲ့ 
ပြည်သူတွေ ဒုက္ခ ရောက်နေစဉ် အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ 
ကာကွယ်ရေးဦးစီးချုပ်ဟာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၅ 
ရာနှုန်းရှိတဲ့ မြန်မာစစ်ဗိုလ်စစ်သားများ လွှတ်တော်ကိုယ်စားလှယ်များကို 
တိုက်ရိုက် ခန့်အပ်နိုင်ပါတယ်။ ထိုသို့ ခန့်အပ်မှုကို မတရားမှုတခုအဖြစ် 
အများက ရှုမြင်ကြသော်လည်း မြန်မာစစ်တပ်ကတော့ ဒါဟာ တရားနည်းလမ်းကျတယ်လို့ 
ယူဆလျက် ရှိပြီး စစ်တပ်အနေနဲ့ တိုင်းပြည်အရေးကိစ္စတွေကို ၀င်ရောက် 
စွက်ဖက်သင့်တယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ 
ယနေ့ မြန်မာမှ