ချင့်ချင့်ချိန်ချိန်


by Ven Ravika on Sunday, April 22, 2012 at 9:52pm
မြန်မာနိုင်ငံက ကောသလအိပ်မက်(၁၆)ချက်ထဲက ထစ်ခြုံးရွာမယ့်မိုး မရွာဘဲ စဲသွားသလို ပြောင်းလဲစေရမယ်၊ ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုပြီး ရှိန်ဟုန်ပြင်းစွာနဲ့ နေပြည်တော်ကို ဦးတည်တိုက်ခတ်လာရာ အနားရောက်ကာမှ ဆင်ပြောင်ကြီးက အမြီးတစ်နေတော့တယ်။ ကြည့်ပါဦးလေ။ ပြင်မယ်တကဲကဲ ဟန်ပြနေစဲ ဒို့နှယ် တဝဲလည်လည်ဖြစ်ရပြန်တယ်။
 ခွေးမြီးကောက် ကျည်တောက်စွပ်ယင် ခဏပဲ ရမယ်။ ကျည်တောက်ကို ဖယ်လိုက်ယင် အမြီးက ကောက်မြဲကောက်ဦးမှာပဲ။ ကာကွယ်စောင့်မယ့်လူတွေ၊ လေးစားလိုက်နာမယ့်လူတွေ၊ ဘုမသိဘမသိ (အဖြူအမည်းမသိ)တဲ့လူတွေ ဆုံမှတ်ရောက်ပြီ။ လှော်တော့ လှော်နေတာပဲ။ လှေကိုလား၊ မြေပဲကိုလားပေါ့။
 အရင်တုန်းက မွန်တွေက ဒီလို ပြောကြတယ်။ “ငါ့လှေငါထိုး ပဲခူးရောက်ရောက်ပေါ့ကွာ”တဲ့။ ဗမာတွေကလည်း အားကျမခံပေါ့။ “ငါ့မြင်းငါစိုင်း စကိုင်းရောက်ရောက်ပေါ့”တဲ့။ အခုခေတ်မှာ နေပြည်တော်ရောက်ဖို့  လှေထိုးလို့ မရ၊ အောက်သားသိန်းစိန် အခက်တွေ့နေပုံရတယ်။ အထက်သားရွှေမန်းတို့မှာ မြင်းတော့ ရှိတယ်။
အထက်အောက် ပေါင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်းစီးခိုင်းနေပြီ။ လွှတ်တော်မြင်းကြီး။
မြင်းကို စီးပါ၊ ချည်တိုင်က ကြိုးကို မဖြေရ၊ အထီးလားအမလား မစုံစမ်းရ၊ ဇက်ကြိုးတပ်မတပ် မမေးရ၊ ကုန်းနှီးပါမပါ ဆင်ခြေမတက်ရ။ မြင်းပေါ်တက်ပါလို့ ဖိတ်ခေါ်နေပါပြီ။ အချို့က မြင်းပေါ်မတက်ခင် ချည်တိုင်က ကြိုးကို ဖြေပါဦးလို့ ပြောကြတယ်။ အချို့က မြင်းပေါ်တက်ပြီးမှ ဖြေပါ၊ သူ့သခင်ခွင့်ပြုတုန်း မြင်းပေါ်တက်ထားပေါ့၊ မြင်းပေါ်တက်ပြီးမှ ဟိုချည်ကြိုးဖြေမဖြေ မေးကြည့်ပေါ့ဆိုပြီး ဝေဖန်ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့က မြင်းစီးခွင့်လက်မှတ်ရထားပြီးသားပါ။ မြင်းစီးချင်ကြောင်းလည်း အတိအလင်း ကျေညာထားပြီဖြစ်တယ်။ မြင်းကြီးဝဟီးနေအောင်လည်း အစာကျွေးသူကကျွေး၊ ရေတိုက်သူက တိုက်၊ မြင်းဇောင်းကို လာကြည့်ပြီး ဒီမြင်း လုံးဝနောက်ပြန်ပြေးတတ်တယ့်မြင်းမဟုတ်ကြောင်း၊ ဒီမြင်းဝဖီနေအောင် မြက်နဲ့ရေ ဆုချဖို့ လိုနေကြောင်း မှတ်ချက်ပြုကြပြီသကာလ မြက်ရေတင်သွင်းခွင့်ပိတ်ပင်ထားမှုကို အချိန်ပြည့်၊ ကန့်ကတ်အချိန်နဲ့ ဖွင့်ပေးလိုက်ပြီဖြစ်တယ်။

ဒါပေမယ့် ခက်တာက မြင်းပိုင်ရှင်က တိုင်ကြိုးကို ဖြေမပေးသေးသလို မြင်းစီးသမားကလည်း မြင်းပေါ်မတက်သေးဘဲ အင်တင်တင် ဖြစ်နေတာ တွေ့ရတယ်။ မြင်းစီးတာကို မြင်ချင်သူတွေက စီးသာစီးပါလို့ အားပေးနေပါတယ်။ မြင်စီးတာ အရေးမကြီး၊ အခြားနည်းရှာကြည့်ပါလို့ အော်နေသူကလည်း အော်၊ မလိုမုန်ုးထားရှိသူ မြင်းစီးသမားအချို့ကလည်း ခင်ဗျားအလှည့်ကျမှ ကြိုးမဖြေသလေ ဘာသလေ ဂျီး ကျနေရသေး၊ ကျုပ်တို့ ဒီလိုစီးနေတာ တစ်နှစ်ကျော်နေပြီ၊ ခင်ဗျားပြောမှပဲ ကျုပ်တို့ အရူးဖြစ်ကုန်တော့မယ်ဆိုပြီး ပွစိပွစိ ဖြစ်ကုန်ပြီ။
 စာရေးသူတို့က လှေစီးမလား၊ မြင်းစီးမလား သိပ်ဂရုစိုက်မှာမဟုတ်ဘူး။ လွှတ်တော်တက်မလား၊ မတက်ဘူးလား စဉ်းစားချင်တာမဟုတ်ဘူး။ ဒါပေမယ့် သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က စေ့စပ်ညှိုနှိုင်းသူတွေ ဖြစ်ကြတယ်။ ပြုပြင်ပြောင်းလဲရေးကို နောက်မဆုတ်စတမ်း ကြိုးပမ်းကြမယ့်လူတွေအဖြစ် ကမ္ဘာ့ခေါင်းဆောင်တွေ၊ အိမ်နီးချင်းခေါင်းဆောင်တွေ၊ အထင်ကရပုဂ္ဂိုလ်ကျော်တွေက မှတ်ချက်ပြုခဲ့ပြီ။ ကိုယ့်သိက္ခာကိုယ်စောင့်စည်းကြဖို့ပါပဲ။
 လက်ရှိအပြောင်းအလဲကို သတင်းဌာနတိုင်းက ထောပနာပြုကြတယ်။ အချို့သတင်းဌာနတွေက လိုယင်တစ်မျိုး၊ မလိုယင် တစ်မျိုး။ စာရေးသူက ရှစ်လေးလုံးအရေးအခင်းမှာ ဘီဘီစီမှာ မြန်မာသတင်းပါလို့ အပြေးအလွှားနဲ့ ရေဒီယိုရှိတယ့်ဆရာတော်ကျောင်းကို အမှောင်ကနေ ပြေးလို့ တိုင်လုံးနဲ့ တိုက်မိတယ်။ နဖူးကွဲပါလေရော။ ဒါပေမယ့် ပြည်ပကို ရောက်တော့ ဒီသတင်းဌာနတွေက မြန်မာသတင်းဌာနလိုပဲ သူ့အကျိုးစီးပွားကိုပဲ ကာကွယ်နေသူတွေ ဖြစ်တယ်လို့ တဖြည်းဖြည်း ခံစားမိလာတယ်။ ဒါပေမယ့် မြန်မာသတင်းဌာနထက် သာတာကတော့ သတင်းလွတ်လပ်ခွင့်ရှိလို့ပါပဲ။
လောလောဆယ်မှာ ပြည်တွင်းပြည်ပသတင်းဌာနတွေအားလုံးက မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲကို တစိုက်မတ်မတ် ထုတ်လွှင့်နေပါတယ်။ နေပြည်တော်မှာ ဘာဖြစ်နေသလဲ၊ ပြည်သူတို့ဘဝအခြေ ဘယ်လိုရှိနေလဲ သူတို့က ဂရုစိုက်ကြမယ့်ပုံမပေါ်ပါ။ နယ်စပ်နဲ့ပြည်တွင်းအခြေစိုက်ရုန်းကန်နေရတဲ့ သတင်းဌာနအချို့ကပဲ ကြိုးစားပမ်းစား မှန်မှန်ကန်ကန် လုပ်ပေးတာကို တွေ့ရတယ်။ စတုတ္ထမဏ္ဍိုင်တောင် မယိုင်မလဲ တည်ရှိဖို့ ခက်ပုံကို လေ့လာနိုင်ပါတယ်။
 ဟိုတလောက အယ်ဂျီးဇီးရားသတင်းဌာနက စာရေးသူကို အင်တာဗျူး လုပ်သွားတယ်။ မြန်မာအချို့ကိုလည်း ဗျူးသွားတယ်။ ဒို့အချင်းချင်း ဘာဖြေသွားသလဲ ။အသံနားထောင်ကြည့်ယင် သိသာပါတယ်။ ဒါပေမယ့် ဖြတ်ညှုပ်ကပ်ပြီး ထုတ်လွှင့်သွားတော့ လက်ရှိလွှတ်တော်ကို ဒီလူတွေ ထောက်ခံသလိုလို၊ လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်သွားယင် အကုန်ပြောင်းတော့မယ့်ပုံ ဖြစ်သွားရော။
စာရေးသူတို့က မျှမျှတတ မြင်ဖို့ အမြဲတမ်း ကြိုးစားပါတယ်။ တခါတလေ ကြံ့ခိုင်ရေးဘက်ကတောင် စဉ်းစားပေးပါတယ်။ သမ္မတသိန်းစိန်ဘက်က အနေအထားကိုလည်း ချင့်ချင့်ချိန်ချိန် စဉ်းစားပါတယ်။ ဖြစ်နိုင်ခြေရှိမရှိ၊ ယုတ္တိတန်မတန် တွက်ပါတယ်။ ဘာဖြစ်လဲဆိုတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်စေချင်လို့ပါပဲ။
 အခု ဒီစာကို ရေးတာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသိန်းစိန်တို့ကို ပုတ်ခတ်လိုစိတ် စိုးစဉ်းမျှ မရှိပါ၊ ရေးသင့်တယ်ထင်တဲ့အချက်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားတင်ပြခြင်းမျှသာဖြစ်တယ်။ ယုတ္တိတန်မတန် စဉ်းစားကြည့်ရအောင်ပါ။
 ၁။ လက်ရှိလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ မရလောက်အောင် ကြံ့ခိုင်ရေးပါတီက အင်အားနည်းနေပါသလား။ ဒါက ပထမအဆိုပြုချက်။
၂။ လက်ရှိလွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည်က ရောက်သွားယင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်လို့ရလောက်အောင် ဒီချုပ်အမတ်တွေက အင်အားရှိပြီလား။ ဒါက ဒုတိယအဆိုပြုချက်။
၃။ လက်ရှိလွှတ်တော်မှာ ရှိတယ့် ကြားနေအမတ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ အားလုံးစိတ်ဝင်စားမှု ရှိကြပါသလား။ ရှိခဲ့ယင် သူတို့က ကြံ့ခိုင်ရေးကို အားပေးခဲ့ယင် မထူးသလို ဒီချုပ်ဘက် ပါခဲ့ယင်လည်း ထူးပါ့မလား။ ဒါက တတိယအဆိုပြုချက်။
၎။ ဒီမိုကရေစီသဘောတရားနဲ့ လျှောညီမှုမရှိ၊ ထာဝရဘုရားကဲ့သို့ လွှတ်တော်ထဲ ရောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်များက ၂၅-ရာခိုင်နှုန်းမျှ ရှိနေတယ်။ ဒီအမတ်တွေက ဒီမိုကရေစီကို ကိုယ်စားပြုနိုင်ကြသလား။ ဒါက စတုတ္ထအဆိုပြုချက်။
 ဒီ(၄)ချက်ကို အနုလုံပဋိလုံ အပြန်အလှန် ချင့်ချိန်ပါ။ အောက်ပါအတိုင်း တွေးကြည့်ပါ။
 ၁။ လက်ရှိဖွဲ့စည်းပုံကို ကြံ့ခိုင်ရေးတွေ ပြောင်းချင်ပါသလား။ ပြောင်းချင်ယင် အခုကတည်းက ဒီချုပ်မပါဘဲ ပြောင်းပါ။ ဒီလို ပြောင်းလိုက်လို့ ကြံ့ခိုင်ရေးအတွက် အကျိုးမရှိနိုင်ဘူးလား။
၂။ လက်ရှိဖွဲ့စည်းပုံကို ဒီချုပ်က ပြောင်းချင်သလား။ ပြောင်းချင်ယင် ၂၀၁၅-ခုအထိ မစောင့်ဘဲ ဘာကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရသလဲ။ ဒီလို ဝင်ခြင်းကြောင့် ဒီချုပ်အတွက် နိုင်ငံရေးအရ အမြတ်ထွက်ခဲ့ပါသလား။ ပြည်သူတွေက အိမ်တွင်းပုန်းထောက်ခံရာကနေ အိမ်ပြင်ထွက်ထောက်ခံလာတာကို အမြတ်လို့ ယူဆပါသလား။
၃။ သီးခြားပါတီများက အသံတိတ်နေကြပါတယ်။ သူတို့က သူတို့နဂိုကတည်းက လွှတ်တော်နိုင်ငံရေးကို ထောက်ခံကြသူများ ဖြစ်ပြီး ဒီချုပ်ရောက်လာယင် အားပိုရှိမယ်လို့ ယူဆခဲ့ကြသူများဖြစ်ကြတယ်။ ဖွဲ့စည်းပုံပြင်ရေးကိုလည်း စိတ်အားထက်သန်နေကြသူများ ဖြစ်ကြတယ်။ အခု ဒီချုပ်ရောက်လာတာဟာ သူတို့အတွက် အမှန်တကယ်ပဲ အကျိုးရှိသလား။
၎။ နောက်ဆုံးအုပ်စု တပ်မတော်သားကိုယ်စားလှယ်များကတော့ နိုင်ဖဲကို ကိုင်ထားပါတယ်။ သူတို့နောက်မှာ ကာလုံအဖွဲ့ ရှိနေသလို စစ်တပ်ကလည်း ရှိနေပါတယ်။ လွှတ်တော်မှာ သူတို့ရှိနေယင် တပ်မတော်အတွက် အကျိုးပိုရှိတယ်လို့ အမှန်တကယ် ယုံကြည်ကြပါသလား။ ယုံကြည်တယ်ဆိုယင် ဒီချုပ်ကို သူတို့ဘယ်လိုတုန့်ပြန်မှ သူတို့အတွက် အကျိုးပိုရှိနိုင်သလဲ။
 အဖြေကို ရအောင် ရှာပါ။ မတူညီတဲ့အဖြေတွေ အများကြီး ထွက်လာပါလိမ့်မယ်။ ဒီအုပ်စု(၄)ခုမှာ မတူညီတဲ့အမြင်တွေ ရှိနေကြရုံမျှမက တုန့်ပြန်မှုတွေကလည်း တူညီကြမှာမဟုတ်ဘူး။ တကယ်လို့ ဒီကြားထဲမှာ တစ်ခုခု ပြောင်းလဲနိုင်ခဲ့ယင်လည်း ဒါက သွေးရိုးသားရိုးမဟုတ်ဘူး။ ပါဝါပလေယာ တစ်ယောက်ယောက်က အထိုက်အလျှောက် ခွင့်ပြုလို့ ပြောင်းရတာမျိုးသာ ဖြစ်ပါတယ်။
 ၁။ ဒီတော့ အင်အားအကောင်းဆုံးကြံ့ခိုင်ရေးပါတီက ဘာကြောင့် ပြောင်းစရာမရှိတာကို မပြောင်းဘဲ ဒီချုပ်ရောက်လာတဲ့အချိန်ကျမှ ပြောင်းဖို့ စဉ်းစားထားပါသလဲ။
၂။ ဒီချုပ်ကလည်း ၂၀၁၅-ခုအထိ ဣနြေ္ဒမဆည်နိုင်ဘဲ အဘယ်ကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရသလဲ။
၃။ သီးခြားပါတီများကလည်း အစမှာ ဒီချုပ်ကို ကြိုဆိုကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာ အဘယ်ကြောင့် အလျှိုလျှို အသံပျောက်နေပါသလဲ။
၎။ တပ်မတော်နေ့မှာ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်ချုပ်ကြီးက အတိအလင်း ပြောထားတာကို တပ်မတော်သားကိုယ်စားလှယ်တွေက ဦးလည်မသုန် ထမ်းရွက်ကြမှာဖြစ်ပေမယ့် ဘာကြောင့် ဒီချုပ်နဲ့ပတ်သက်ယင် ရေငုံနှုတ်ပိတ်နေကြသလဲ။
 စာရေးသူက ဒီအချက်တွေကို သံသယရှိတာပါ။
 ၁။ ကြံ့ခိုင်ရေးက အုပ်ချုပ်ရေးကို မဆိုထားဘိ၊ သူတို့အစိုးရပေါ်လစီနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ စီးပွားရေး၊ လူမှုရေးဥပဒေတွေကိုတောင် ဒီချုပ်ကို စောင့်ပြီးမှ ပြင်ကြမှာပါ။ ဒီချုပ် ဝင်လာယင် သူတို့အတွက် ပိတ်ဆို့မှု မရှိတော့ဘူး။ အဟန့်အတား မရှိတော့ဘူး။ ဒါဟာ အင်မတန်ကောင်းတဲ့အကြံများ ဖြစ်ပါတယ်။ တစ်ချက်ထဲနဲ့ ငှက်နှစ်ကောင်ပစ်မယ့်ခွင်ပါပဲ။
၂။ ဒီချုပ်အနေနဲ့ လွှတ်တော်ကို ဝင်ဖို့ထက် ပြည်သူတွေက သူတို့ကို ဘယ်လောက်ထောက်ခံသေးသလဲ။ သွေးတိုးစမ်းကြည့်ချင်တဲ့သဘော ရှိတယ်။ အထူးသဖြင့် လွှတ်တော်ကို တက်ချင်တာထက် ပြည်သူတို့က အကြောက်တရားကင်းကင်းနဲ့ အမှန်တရားဘက်က ရပ်တည်နိုင်တယ့်သတ္တိကို ဖော်ထုတ်ပေးဖို့အတွက်ပဲ ဖြစ်တယ်။
လောလောဆယ်မှာ ဒီချုပ်နောက်မှာ ပြည်သူတွေ ရှိနေမှန်းတော့ သူတို့သေချာသွားပြီ။
၃။ ပြဿနာက ဒီ သီးခြားပါတီများ ဖြစ်တယ်။ ဒီချုပ်ရဲ့ လက်ရှိအနေအထားကို ကြံ့ခိုင်ရေးပါတီကသာ စိုးရိမ်နေရတာ မဟုတ်ဘဲ ၊ ဒီပါတီတွေကလည်း နည်းနည်းသတိထားမိလာပြီဖြစ်တယ်။ လာမယ့် ၂၀၁၅-ခုမှာ သူတို့ လက်ရှိရထားတဲ့ ထိုင်ခုံတွေကို ဒီချုပ်က အနည်းနဲ့အများ လုယူသွားမှာ သေချာသလောက်ပါပဲ။
၎။ လက်ရှိစစ်တပ်ကတော့ ၂၀၁၅-အထိ၊ ဒါမှမဟုတ် တပ်ချုပ်ကြီးဟောင်း သက်ရှိထင်ရှားရှိနေသေးတယ့်အချိန်အထိတော့ ကြံ့ခိုင်ရေးကို သစ္စာရှိဦးမှာပါ။ ၂၀၁၅-ခုနောက်ပိုင်းမှာ အာဏာရပါတီက ဒီချုပ်ဖြစ်သွားယင် သူက အကြပ်နည်းနည်းရိုက်မှာပါ။ ပွဲကြီးပွဲကောင်းက အဲဒီမှာ။
ကစားပွဲကတော့ စရုံပဲ ရှိသေးတယ်။ ခေါင်းဆောင်ကြီးနှစ်ဦးတို့ကပဲ Bonus တွေ အဆက်မပြတ် ရနေပါတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေက လက်ခုပ်တီးပေးနေတယ့်အဆင့်ပဲ ရှိသေးတယ်။ အပြောင်းအလဲလုပ်မယ်လို့ ပြောတယ့်အချိန်ကစပြီး အခု (၈)လလောက် ရှိသွားပါပြီ။ ဝမ်းကြာတိုက်က ကလေးဆိုယင် မွေးတော့မယ်။
 လက်ရှိအနေအထားကို ချင့်ချိန်ရရင်-
 ၁။ သမ္မတသိန်းစိန်တို့က သံတမန်ရေးရာအရ လုံးဝကို အောင်မြင်သွားပြီ။
၂။ လက်ရှိအစိုးရနဲ့ ၂၀၀၈-ခုဥပဒေ လုံးဝ တရားဝင်သွားပါပြီ။
၃။ စီးပွားရေးပိတ်ဆို့မှုလည်း အားလုံးနီးပါး ဖွင့်နေပါပြီ။
၎။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ချက်ကိုလည်း အပြည့်အဝ ရယူနိုင်ခဲ့ပြီ။ (စစ်အစိုးရလက်ထက်တုန်းက ပြည်ပထွက်ဖို့ မဝံ့မရဲဖြစ်နေရာကနေ မကြာခင် ထွက်တော့မယ်။)
 အရေးကြီးဆုံးမှာ စစ်သားအမတ်(၂၅)ရာခိုင်နှုန်းရဲ့ အနေအထားက တဖြည်းဖြည်းနဲ့ ခိုင်မာလာခြင်းပဲ ဖြစ်ပါတယ်။
 အဓိကအတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီရဲ့ အခြေအနေကို ပြန်သုံးသပ်သင့်နေပြီ။
 ၁။ နိုင်ငံခြားသံတမန်များအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို အမှန်တကယ် ထောက်ခံအားပေးနေပါသလား။ သူတို့ရဲ့ မဟာဗျူဟာအရ အင်ဒိုဖစိဖိတ်ဒေသကို စိတ်ဝင်စားလာလို့ ဒီချုပ်က ဘာမှ မရသေးဘဲ ကြံ့ခိုင်ရေးဆီကို ခြေစုံပစ်ဝင်နေပါသလား။
 ၂။ ကြံ့ခိုင်ရေးနဲ့ ယုံကြည်မှုတည်ဆောက်နေချိန်မှာ ကြံ့ခိုင်ရေးနဲ့ ဆက်ဆံရေးမပြေပြစ်ခဲ့တဲ့ အခြားပါတီများနဲ့ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ပါသလား။ ဒါမှမဟုတ် သူတို့ကို ပြိုင်ဘက်များအဖြစ် သဘောထားပါသလား။
၃။ တပ်မတော်နဲ့ အနေနီးစပ်အောင် ကြိုစားနေတဲ့အချိန်မှာ တပ်မတော်သားကိုယ်စားလှယ်(၂၅)ရာခိုင်နှုန်းကိစ္စကို ရှေ့တန်းတင်မလား၊ မတင်ဘူးလား။
ဒီချုပ်ဦးဆောင်ပြီး ကြံ့ခိုင်ရေးတွေလည်း ပူးပေါင်းပါဝင်ကာ ကျန်တဲ့အင်အားစုများအားလုံးအပါအဝင် တက်ညီလက်ညီနဲ့ မြန်မာနိုင်ငံရဲ့အပြောင်းအလဲကို ပုံဖော်နိုင်ကြပါစေ။
(မွန်ဆရာတော်တပါး၏ FACEBOOKမှ ကူးယူဖြန့်လိုက်သည်။)