ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီး သွားမည်

RFA
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပသော ၆၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောနေစဉ်။


2012-04-18
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမဲ့ဇွန်လမှာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ကို သွားရောက် လည်ပတ်မယ်လို့ သိရှိရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို မေးမြန်းကြည့်တဲ့အခါ ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၇၀ ခုနှစ်တွေကာလ သူတက်ရောက် ပညာသင်ယူခဲ့တဲ့ Oxford တက္ကသိုလ်ကို လည်ပတ်မှာဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ဘယ်ရက် ခရီးစဉ် စတင်မယ်ဆိုတာနဲ့ ဘယ်နိုင်ငံကို အရင်သွားရောက်မယ်ဆိုတာ မသိရှိရသေးကြောင်း။ ဒါပေမဲ့ သူပြည်ပခရီးစဉ် သွားရောက်မယ်ဆိုရင် နော်ဝေးနိုင်ငံကို အရင်ဆုံးသွားဖြစ်မှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က အရင်က ပြောကြားဘူးတာ ရှိကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
နော်ဝေး နိုင်ငံခြားရေးဝန်ကြီးကို လာမည့်ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ကို သွားရောက်လည်ပတ်မဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြောင်း နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။