ကံထွန်းသစ်
ဧပြီ ၁၇၊ ၂၀၁၂
“နေမင်းကြီးဝင်သွားတဲ့အခါ တို့အတွက် ဘာတွေချန်ခဲ့ပြီး ... တို့ထံက ဘာတွေယူသွားပါလိမ့်”ဧပြီ ၁၇၊ ၂၀၁၂
“အော် … နေမင်းဟာ တို့ရဲ့ပျိုရွယ်ခြင်းတွေကို ယူဆောင်သွားပြီး ... အိုမင်းခြင်းဇရာတွေကို ချန်ထားခဲ့ပါလား”
ဘုရားအလောင်း နေမိမင်းကြီး၏သံဝေဂလေးကို သတိရလိုက်သည်မှာ “မနက်ဖြန်မွေးနေ့ရောက်ပြီနော်။ စာလေး ဘာလေး ရေးဦးလေ” ဟု အမတစ်ယောက်၏ တိုက်တွန်းသံအဆုံးမှာပင်။
ဟုတ်ပါရဲ့ ...။ ကိုယ် ကလောင်နဲ့ဝေးနေခဲ့တာ နိုဝင်ဘာကစပြီးရေတွက်လျှင် အလို .. နှစ်တ၀က်စာမျှပင် ရှိနေပါပေါ့လား။
အံ့သြသွားမိသည်။ သည်ကာလတွေကို အမှတ်မဲ့ကုန်လွန်စေခဲ့တာများလား။ ပြန်ဆင်ချင်မိသည်။ ပုံရိပ်တို့သည် အရောရော အထွေးထွေး၊ “ဘယ်တော့မှမအိပ်သော မြို့” ဆိုသည့် နယူးယောက်ကိုရောက်နေခဲ့သည်။ ဟားဗက်တက္ကသိုလ်ကြီးရှိရာ မက်ဆာချူးဆက်ကို ရောက်သည်။ ရွှေတိဂုံစေတီပွားရှိရာ နယူးဂျာစီကိုရောက်သည်။ ပြီးတော့ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးနှင့် စစ်ပြေငြိမ်းမှုလက်မှတ်ထိုးရာ ဖီလ်ဒယ် ဖီးယားမြို့ကို ရောက်သည်။ ယခုမူ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ကြီးရှိရာ မေရီလင်းပြည်နယ်မှာ ……။
ဆုံခဲ့သည်လူများ၊ ကြုံခဲ့သည်အရေးများ၊ တွေ့ခဲ့သည်အရာများကား ရေးချင့်ဖွယ်အကြောင်းအရာများပင်။ ရေးဦးမှ ရေးဦးမှနှင့် စဉ်းစားဆဲမှာ ပင် အကြောင်းအရာအသစ်တို့က ဆင့်လောင်းလာစမြဲ။ ကိုယ့်မြို့ကိုပြန်ရောက်လျှင်ဖြင့် တစချင်း ထွင်ထုတ်ငင်ယူ ရေးသားရဦးမည်။
ပြီး ... စာရောလူပါ ဘယ်ပျောက်နေလဲဟု မကြာခဏမေးလာကြသည့် အော်ရီဂွန်က ဖွားရွှေကြည်တို့၊ ကိုသန်းဝင်းတို့၊ အယ်လ်အေက အမ ခင်နှင်းအုန်းတို့၊ ကိုမျိုးမောင်နှံတို့၊ ချီကာဂိုက ဆရာမဒေါ်စန္ဒာဝင်းတို့၊ မီချီဂန်က မသိင်္ဂီတို့၊ ဆန်ဖရန်က ဒေါ်တူးနှင့် ဒေါ်သန်းငြိမ်းတို့ စသည် စသည် စာဖတ်ပရိသတ်ကို ကျေးဇူးပြုရမည်။ ခုတော့ ....။
အို .... ဘာဖြစ်လို့ ၀က်စ်ကွန်စင်ပြန်ရောက်သည်အထိ ဆိုင်းနေမှာလဲ။ ဧည့်သည် အာဂန္တုမို့၊ ဖိစီးနေသည့် ကိုယ်ရေးကိုယ်တာတွေရှိလို့ဆိုသည့်အကြောင်းပြတွေဟာ ခိုင်လုံလှသည်မထင်။ ကိုယ်မစွမ်းရာကို မိန်းမောရင်း၊ ကိုယ်စွမ်းရာကို မေ့လျော့နေခဲ့တာပါလား။ တကယ်ဆို စွမ်းရာကိုထမ်းပြီး မစွမ်းရာကို ငံ့လင့်နေရ မည်မဟုတ်လား။
ယခုကိုယ်ရောက်နေသော ဘော်လ်တီမိုးမြို့၊ ၀င်ဒီဟီးလ်က ဝေဇယန္တာကျောင်းလေးသည် တကယ့်မွေ့လျော်ဖွယ်နေရာလေးပင်။ နောင် တော်ကြီး ဦးဣန္ဒာစာရနှင့် ညီတော် ဒေါက်တာသြသဓတို့ကလည်း နွေးထွေးဖော်ရွှေသော အာဝါသိကများ၊ သူတို့အတွေ့အကြုံ သူတို့အ ကြောင်းတွေကိုဖွဲ့လျင်ပင် စာတစ်စောင် ပေတဖွဲ့မက။
ဒါမှမဟုတ်၊ အမိမြေကအကြောင်းတွေကို ရေးမလား။ ရေးဘို့ကောင်းမှကောင်း။ ပြောင်းလဲမှုဆီ ရှေ့ရှုနေသည့်ဖြစ်စဉ်များ၊ ရယ်မော ကခုန်နေကြသည့်ပုံရိပ်များ၊ ပျော်ရွှင်ဘွယ် အနာဂတ်မျှော်စိတ်ကူးများ ... စသည် စသည်။
တရားနှင့်စပ်၍ဆိုလျှင်လည်း စိတ်ဖိစီးမှုတွေများပြားသည့်ဒေသတွင် စိတ်ကိုဖော့တတ်ဘို့ ....
“မဖြစ်သေးပြန်၊ အကုသလံ၊ ရှောင်ရန်လုံ့လထား။
ပြုမိခဲ့ပြန်၊ အကုသလံ၊ ပယ်ရန်လုံ့လထား။
မဖြစ်သေးပြန်၊ ကုသလံ၊ ပြုရန်လုံ့လထား။
ပြုပြီးခဲ့ပြန်၊ ကုသလံ၊ ပွားရန်လုံ့လထား’’ စသည်ဖြင့် နယူးယောက် လောကချမ်းသာကျောင်း ထမနဲပွဲမှာဟောခဲ့သည့်တရားလေးကို ပြန်ရေးမလား။ အဲဒါမှမဟုတ် ....
ခက်တာက၊ ရေးမလို့ ကွန်ပြုတာရှေ့ထိုင်လိုက်လျှင်ပဲ သတင်းကမ္ဘာထဲ မျောပါသွားပြန်တော့သည်။ သတင်းတွေနောက် ခြေရာကောက်ရင်း တောအလယ် မောတယ် ဖြစ်ရပြန်သည်။
ယခုလည်း မနက်ဖန်တွင်ကျရောက်မည့် ကိုယ့်မွေးနေ့အတွက် အမတစ်ယောက်ရဲ့တိုက်တွန်းမှုကြောင့် ဆောင်းပါးလေးရေးဦးမည်ဟု စိတ်ကူးဖြင့် ကွန်ပြူတာရှေ့ရောက်နေပြီ။ ထုံးစံအတိုင်း သတင်းတို့ကိုလိုက်မြည်းနေစဉ် “တောင်ဥက္ကလာ ဟေမ၀န်ဈေး မီးလောင်” .... Read more နေရာကို ကပျာကယာကလစ်လိုက်မိသည်။ မျက်လုံးပြူးသွားသည်။ သွားပြီထင်ရဲ့။ ထိုဈေးတွင် မိအို ဖအိုကိုလုပ်ကျွေးရင်း၊ နှစ်ရှည် လများဈေးရောင်းခဲ့ကြသော ကိုယ့်နှမတွေ၏အထည်ဆိုင်ရှိသည်။ ပါများသွားလေသလား။
သိလိုစိတ်ကြောင့် မဆိုင်းနိုင်၊ ဖုန်းဆက်လိုက်တော့ “အကုန် ကုန်တာပဲဦးဇင်း ... တပည့်တော်မတို့တော့ .... စကားမဆုံး။ အသံတိုးတိမ် သွားခဲ့သည်။ ဘယ်စကားဖြင့် အားပေးရပါ့။ စဉ်းငယ်ကြာမှ ....
“ဘာက စလောင်တာလဲ ...”
“မနက်မှာ ဒေါ်စုလာပြီး ဟောပြောမယ်လေ။ ဈေးက မဏ္ဍပ်တွေဘာတွေထိုးထားတာ၊ အဲဒါ အဲဒီညမှာပဲ ....”
မပြေးသော် ကန်ရာရှိခဲ့ပြီ။ သံသယတွေသာ ဖြစ်ပါစေတော့၊ ဖြစ်ပါစေတော့ ....။
ကြည့်စမ်း မနေ့ကပိုင်ဆိုင်မှုတွေနဲ့ ရွှင်ပြုံးနေခဲ့သောကိုယ့်နှမတွေသည် သည်နေ့မှာတော့ လက်မဲ့ဘ၀ဖြင့် ငြိုးငယ်နေကြရော့မည်။ ရောက်လု လုသင်္ကြန်သည် သူတို့အတွက် အပျော်မဲ့တော့မည်။
နှစ်ဟောင်းသည် သူတို့၏ပျော်ရွှင်မှုတို့ကိုယူဆောင်သွားကာ သောကဗျာပါဒတွေကို ထားရစ်ခဲ့ပြီ။
နှစ်စဉ်ဆောင်းနှောင်းရာသီတိုင်း မီးရန်သူ၏၀ါးမျိုမှုကို မတားတတ်၊ မဆည်းနိုင် အကြိမ်ကြိမ်ခံကြရသည့် အမိမြေအတွက်လည်း စိတ်မချမ်းမြေ့၊ သမိုင်းဝင်အမွေအနှစ်များ၊ တိုက်တာအဆောက်အဦများ၊ ချွေးနည်းစာများတို့သည် မိုက်မဲသည့်လူက ဖျက်လိုက်၊ ဆိုးဝါးသည့်မီးက မျိုလိုက်နှင့် ဆုံးရှုံးခဲ့ပေါင်းများလှပြီ။
တိုင်းပြည်က ဆင်းရဲရသည့်အထဲ၊ လေးသည့်ဗူးတွင် ဆင့်သည့်ဖရုံတွေက များလွန်းစွ။
သည်အမေရိကန်နိုင်ငံကြီးမှာလို သတ်မှတ်အပူချိန်လွန်သည်နှင့် အော်တိုရေတွေဖျန်းပေးလာသည့် မီးငြိမ်းသတ်စနစ်မျိုး မရှိနိုင်သေးသည့်တိုင် အရေးဆို ရေပြည့်နေသော စက်နှိုးရလွယ်ကူသောယာဉ်များနှင့် ရဲရင့်တာဝန်ကျေသော မီးသတ်တပ်ဖွဲ့ဝင်တွေ များစေချင်စမ်းပါဘိ။ ခုတော့ .... ဟူး ....
ဘာပဲဖြစ်ဖြစ်လေ ... အားမငယ်ဘို့ စိတ်မပျက်ဘို့ ကိုယ့်နှမတွေကို အားပေးရဦးမည်။ များစွာမျှော်လင့်နိုင်ပါသေးသည့်အကြောင်း မကြာသေးမီကပြီးဆုံးသွားသော ရွေးကောက်ပွဲတွင် သူတို့ရွေးချယ်လိုက်သောကိုယ်စားလှယ်တို့သည် လွှတ်တော်တွင်း ချင်းနင်းစပြုပြီ။ သည်လိုဆိုတော့လည်း နှစ်ဟောင်းဟာ ဖိစီးမှုဝန်တချို့ကို သယ်ဆောင်သွားပြီး၊ မျှော်လင့်ချက်အသစ်တွေကို ချန်ခဲ့ပါပကော။
ဟုတ်ပြီ။ သည်အကြောင်းကိုရေးပြီး ဟိုကနှမတွေကိုနှစ်သိမ့်၊ ဒီကအမတွေကို မွေးနေ့လက်ဆောင်ပေးရမည်။ ဆိုင်းမနေသင့်တော့၊ “ကြွေတလက်၊ ကြက်တခုန်’’ သင်္ခါရနယ်ကြီးတွင် အများအတွက်ကောင်းသောအလုပ် ဟုတ်သောအကြံ၊ မှန်သောစကားဆိုလျှင် ဘယ်သူမှ အချိန်မဆိုင်းသင့်၊ နို့မို့လျှင် နေမင်း၏ အကြိမ်ကြိမ်ယူဆောင်သွားမှုကိုခံရကာ အရှုံးနောင်တတို့သာ ကြွင်းရစ်ပေလိမ့်မည်။
တာဝန်ကျေသူတို့အတွက်မူ နေမင်းဝင်သွားသောအခါ ပျိုရွယ်ခြင်းများကို ယူဆောင်သွားခဲ့သော်ငြား “သမိုင်း’’ ဆိုသည့်အရာကိုမူ ချန်ထားခဲ့မည်သာ။
မိုးမခမှ