ကိုမင်း ကိုနိုင်နဲ့ ဂဂမျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ ပြန်မလွှတ်လာသေးပေမယ့် မကြာခင်က ပြန်လွတ်လာသူတွေက အသင်းအဖွဲ့တခုအနေနဲ့ တရားဝင် မှတ်ပုံတင်သင့်၊ မတင်သင့် စဉ်းစားနေတယ်လို့ သိရပါတယ်။
မကြာခင်က လွှတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားတချို့နဲ့ မလွတ်မြောက်သေးတဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုတွေ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံတဲ့အခါမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
“တရားဝင် အသင်းအဖွဲ့လေး တခုအနေနဲ့ စပြီးတော့ လုပ်သင့်ပါတယ်။ လုပ်တယ်ဆိုတာ ကျနော့်တို့အတွက် လုပ်တာမဟုတ်ဘူး၊ ထောင်ထဲက လွတ်လာမယ့် လူတွေအတွက် အရန်သင့် ပြင်တဲ့ သဘောပေါ့နော်။ ဥပမာဗျာ နိုင်ငံရေးအဖွဲ့လေး ဖြစ်ရင်လည်း ဖြစ်မယ် သို့မဟုတ် ပရဟိတ အဖွဲ့လည်း ဖြစ်ရင် ဖြစ်မယ်။ ဒါကလည်း ကျနော်တို့ အားလုံး တိုင်ပင်ပြီးတော့ အခု ဒီပွဲမှာ ဒီမိသားစုတွေကို မေးပြီးတော့ သူတို့တွေကို ထောင်တွေထဲကို ဧည့်တွေ့သွားတဲ့အချိန်မှာ ကျနော့် ညီတော် နောင်တော်တွေကို မေးခဲ့ပါ၊ ကျနော်တို့ အနေနဲ့ ဘယ်လို ရပ်တည်ရမလဲပေါ့နော်။ ကျနော်တို့ကတော့ ဒီလို ဆန္ဒလေး ရှိပါတယ်ဆိုပြီး သူတို့ကို ပြောလိုက်တယ်။ သူတို့တွေက ထောင်ဝင်စာသွားပြီး တွေ့ကြမယ်၊ တွေ့ပြီးပြန်လာတဲ့အချိန်မှာ သူတို့ရဲ့ သဘောထားတွေကို ပြန်ပြောကြပါလိမ့်မယ် ခင်ဗျ။”
ဒါပေမယ့် ထောင်ထဲက ခေါင်းဆောင်တွေ ပြန်မလွှတ်မချင်း အပြင်က လူတွေအနေနဲ့ ပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
ပြီးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုထဲက ၁၀ ဦး လွတ်မြောက်လာခဲ့ပြီး နောက်ထပ် ၂၇ ဦးကတော့ အခုအချိန်ထိ မလွတ်မြောက်သေးပါဘူး။
ပြီးခဲ့တဲ့ လက ရှမ်းပြည်နယ်၊ လားရိုးထောင်မှာ အကျဉ်းကျနေတဲ့ ကိုမင်းဇေယျကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ မချိုချိုဝင်းက အခုလိုပြောပါတယ်။
“သူကတော့ ပြောတာပဲ။ သူတို့ကို အမှန်တကယ်တော့ ဒီအချိန် ဒီအခါကြီး ထိန်းသိမ်းထားတယ်ဆိုတော့ လွှတ်ပေးသင့်ပြီလို့ သူက အဲဒီလိုမျိုး။ သူတို့ကလည်း နဂိုကတည်းက သူတို့ကိုယ်သူတို့ အပြစ်မရှိဘဲနဲ့ ထိန်းသိမ်းခံထားရတယ် အဲဒီလို ယူဆတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန် အခုအခြေအနေ ရောက်မှတော့ သူတို့ကို လွှတ်ပေးသင့်ပြီလို့ သူက အဲဒီလိုမျိုး ပြောတယ်။”
ကိုမင်း ကိုနိုင်ခေါင်းဆောင်တဲ့ ဂဂမျိုးဆက်ကျောင်းသားများအဖွဲ့ဟာ လောင်စာဆီ ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် မကျေနပ်တဲ့ ပြည်သူတွေကို ဦးဆောင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒခဲ့လို့ ၂၀၀၇ ခုနှစ်က အဖမ်းခံခဲ့ရပြီး နယ်ဝေးထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရပါတယ်။
အောက်တိုဘာလက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်မြောက်ခဲ့ပြီး နောက်ထပ် ၁၆၀၀ ကျော် ကျန်နေသေးတယ်လို့ ထိုင်း – မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုပါတယ်။ (DVB)
No comments:
Post a Comment